Monday, September 08, 2014

PEACE Cup ဖိတ်ခေါ်ပြိုင်ပွဲ ချန်ပီယံ မြန်မာအသင်း ယနေ့ပြန်ရောက်မည်


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဖလား PEACE Cup ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့ (ယနေ့)နံနက် ၉ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့တော်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်းမကြီးအတိုင်း လှည်းတန်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းမီးပွိုင့်မှ ကမ္ဘာအေးဘုရား လမ်း၊ ယင်းမှ သစ္စာလမ်း-ဝေဇယန္တာ လမ်းမကြီးအတိုင်း သုဝဏ္ဏကွင်းသို့ ဆုဖလားနှင့်အတူ လှည့်လည် မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ၂၀၁၅ ခုနှစ် အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ပါလက် စတိုင်း အသင်းကို လေးဂိုးတစ်ဂိုး၊ ဗိုလ်လုပွဲတွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့သည့် ယင်းဖိတ်ခေါ်ဖလား ပြိုင်ပွဲကို မြန်မာအသင်း အနေနှင့် ပထမဆုံး အကြိမ် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အနိုင်ယူ၍ ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းအနေနှင့် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် AFC Challenge Cup ပြိုင်ပွဲတို့တွင် ပါလက်စတိုင်း အသင်းကို နှစ်ကြိမ်းလုံး ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးနှင့် ၂၀၁၂ ခုနှစ် အာဆီယံ ဆူဇူကီးဖလား အုပ်စုပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို နှစ်ဂိုးပြတ်၊ ၂၀၁၃ ခုနှစ်က သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် တစ်ဂိုး ဂိုးမရှိဖြင့် နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့မှုတို့ကို PEACE Cup ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် နှစ်သင်းလုံးကို အနိုင်ယူပြီး ခြေဖျက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းပြိုင်ပွဲတစ်လျှောက် မြန်မာအသင်းအတွက် ကျော်ဇေယျာဝင်းက နှစ်ဂိုး၊ တင်ဝင်းအောင်၊ နန္ဒလင်းကျော် ချစ်၊ ကျော်ကိုကို၊ မင်းမင်းသူနှင့် စိုးမင်းဦးတို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြသည်။ 

ယင်းပြိုင်ပွဲကို မနီလာမြို့ရှိ Razl Memorial အားကစားကွင်းတွင် ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့ရာ အိမ်ရှင်အသင်းက နှစ်ကြိမ်ဆက် ဗိုလ်စွဲထားသည်။

မြန်မာ့လက်ရွေးစင်အသင်း အနေနှင့် ၂၀၀၆ ခုနှစ် မာဒေးကားဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ရှစ်နှစ် အတွင်း ပထမဆုံးအကြိမ် ဆုဖလား ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List