အယ်လ်ကိုင်ဒါအဖွဲ့က စတင်ဖွဲ့စည်းလိုက်သော အဖွဲ့ခွဲသည် အိန္ဒိယရှိ မတရားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားနေရသည့် မွတ်စလင်များအား လွတ်မြောက်စေလိမ့်မည်ဟု ဆိုသော အယ်လ်ကိုင်ဒါ ခေါင်း ဆောင် အေးမန်းအယ်လ်ဇ၀ါဟရီ၏ ကြေညာ ချက်အား အိန္ဒိယရှိ မွတ်စလင် အသိုင်းအ၀ိုင်း ခေါင်းဆောင်များက ဒေါသတကြီး တုံ့ပြန် ဝေဖန်ခဲ့ကြသည်ဟု စက်တင်ဘာ ၇ ရက်က ဗွီအိုအေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အယ်လ်ကိုင်ဒါအဖွဲ့ကို အိန္ဒိယ မွတ်စလင်အချို့က အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် ခေါ်ဆိုခဲ့ကြပြီး အပြစ် ကင်းသော သူများ အား သတ်ဖြတ်ခြင်းနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းတို့အတွက် အယ်လ်ကိုင်ဒါ အား ဝေဖန် အပြစ်တင်ခဲ့ကြသလို အခြား အိန္ဒိယမွတ်စလင်များကလည်း အယ်လ်ကိုင်ဒါအဖွဲ့၏ မည်ကဲ့သို့သော လုပ်ရပ်မျိုးကမဆို အိန္ဒိယမွတ်စလင်များ၏ အကျိုးစီး ပွားများအား ထိခိုက်နစ်နာစေလိမ့်မည် ဖြစ် ကြောင်းနှင့် အယ်လ်ကိုင်ဒါအား လျစ်လျူရှုထားကြရန် အသိုင်းအ၀ိုင်းများအား တိုက်တွန်းခဲ့သည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ဗွီဒီယိုတစ်ခုထဲတွင် အယ်လ်ကိုင်ဒါ အကြီးအကဲ အေးမန်းအယ်လ်ဇ၀ါဟရီ က ကေဒတ် အယ်လ်ဂျီဟတ်ခေါ် အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါ AQIS အဖွဲ့ခွဲသစ်အား တည်ထောင် လိုက်ကြောင်းနှင့် ထိုအဖွဲ့ခွဲသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ဂျီဟတ် လှုပ်ရှားမှုများကို လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အိန္ဒိယအရှေ့ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အာသံပြည်နယ်၊ အိန္ဒိယ၀န်ကြီးချုပ် ရုံးစိုက်ရာ ဂူဂျရတ်ပြည်နယ် နှင့် ပါကစ္စတန် နှင့် ပြဿနာတက်လေ့ရှိရာ ကက်ရှ်မီးယား ဒေသများတွင် ဒုက္ခများရင်ဆိုင်နေရသည်ဆိုသော မွတ်စလင်များအတွက် AQIS က တိုက်ခိုက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။
အိန္ဒိယ မွတ်စလင်အဖွဲ့များ ပါဝင်သော နယူးဒေလီအခြေစိုက် ညွန့်ပေါင်းအဖွဲ့ All India Muslim Majlis-e-Mushawarat ၏ ဥက္ကဋ္ဌ ဇာဖာရူလ်အစ္စလာမ်ခန်းက အကယ်၍ အယ်လ်ကိုင်ဒါများအနေဖြင့် ၎င်း တို့၏ အယူအဆများနှင့် ကွန်ရက်ကို ချဲ့ထွင်ရန် ကြိုးစားပါက မွတ်စလင်များအနေဖြင့် အယ်လ်ကိုင်ဒါအား ဆန့် ကျင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
“ကျွန်တော်တို့ကို ကူညီမယ်ဆိုပြီး အယ်လ်ကိုင်ဒါ အကြီးအကဲက ကမ်းလှမ်း တာကို ကျွန်တော်တို့ အိန္ဒိယ မွတ်စလင်တွေက လုံးဝ ပယ်ချလိုက်ပါတယ်။ ပြီးတော့ အဲဒါဟာ အိန္ဒိယတိုက်ငယ်ထဲက မွတ်စလင်တွေ အတွက် အကျိုးမဲ့စေမယ့် လုပ်ရပ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ အရေးကိစ္စတွေမှာ နိုင်ငံရပ်ခြားက အကြမ်းဖက်အဖွဲ့ တစ်ခုက ၀င်စွက်ဖက်မှာကို ကျွန်တော် တို့ အလိုမရှိပါဘူး” ဟု ခန်းက ဗွီအိုအေကို ပြော ကြားခဲ့သည်။
Ref: VOA
No comments:
Post a Comment