အမေရိကန်တို့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ခေါင်းဆောင်နေရာအ တွက် အယ်လ်ခိုင်ဒါတို့နှင့် ဆက်နွှယ်နေသည့် ဆိုမာလီနိုင်ငံမှ ရှာဘတ်သူပုန်များက စက်တင်ဘာ ၆ ရက်တွင် ခေါင်းဆောင်သစ်တစ်ဦးကို တင်မြှောက်လိုက်ကြောင်း သိရသည်။
သေဆုံးသွားသူ အာမက်အဒီဂိုဒိန်းအတွက် ကလဲ့စားချေသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ၏ ထောက် ခံမှုကို ရရှိထားသည့် ဆိုမာလီအစိုးရအား ဆက်လက် တိုက်ခိုက်သွားမည်ဟု ရှာဘတ်အဖွဲ့ က ပြောကြား ထားသည်။
အာမက်အူမာအဘူအူဘာဒါဟု အမည်ပေးထားသည့် ခေါင်းဆောင်သစ်သည် သတ်ဖြတ်ခံခဲ့ရသည့် ခေါင်းဆောင်ဟောင်း ဂိုဒိန်းနှင့်နီးစပ်မှုမရှိသည့် ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ သူပုန်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသောကြောင့် လက်စားချေမှုများ ဖြစ်ပေါ်လာနိုင် သည်ဟု ဆိုမာလီအစိုးရက သတိပေးချက် ထွက်ပေါ်လာ အပြီး တွင် ရှာဘတ်အဖွဲ့က ဂျီဟတ်သတင်း ဖိုရမ်တွင် ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဆိုမာလီအစိုးရတပ်ဖွဲ့များနှင့် အာဖရိကသမဂ္ဂ၏ AMISOM တပ်ဖွဲ့များက စစ်ဆင်ရေးများ ပြုလုပ်မည် ဖြစ်သောကြောင့် ရှာဘတ်သူပုန်းများအနေဖြင့် ၄၅ ရက် အတွင်း လက်နက်ချပါက လွတ်ငြိမ်းချမ်းသာ ခွင့် ပေးမည်ဟု ဆိုမာလီသမ္မတက ကမ်းလှမ်းထားသည်။
ရှာဘတ်တပ်မှူးများ အစည်းအဝေးပြုလုပ်နေသည့် နေရာတစ်ခုကို အမေရိကန်တို့က မောင်းသူမဲ့လေ ယာဉ်များ၊ လူမောင်းလေယာဉ်များအသုံးပြုကာ Hellfire ဒုံးကျည်များ၊ လေဆာလမ်းညွှန် ဗုံးများဖြင့် ပစ်ခတ်ခဲ့ရာ ဂိုဒိန်းသေဆုံးသွားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စက်တင်ဘာ ၅ ရက်တွင် အတည်ပြု ခဲ့သည်။ သို့သော် မည်ကဲ့သို့ အတည်ပြုနိုင်ခဲ့ကြောင်းကို အမေရိကန်က ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။
ယခင်ကလည်း အလားတူတိုက်ခိုက်မှုများ အပြီးတွင် သေဆုံးသွားသူများကို အမေရိကန် ထောက်လှမ်း ရေး အေဂျင်စီများက ဒီအင်အေန်နမူနာများကို စစ်ဆေးခြင်းနှင့် လျှို့ဝှက်သတင်း ပေးများထံမှ ရရှိသော အချက်အလက်များကို အသုံးပြုခဲ့သည်။
Ref:AFP
Mizzima - News in Burmese
No comments:
Post a Comment