Monday, September 08, 2014

အီရတ်ရှိ စစ်သွေးကြွများအား ချေမှုန်းရေးအတွက် အမာခံညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန် ကြေညာ


အီရတ်ရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့IS စစ်သွေးကြွများအား တိုက်ခိုက်ရန် အမာခံ ညွန့်ပေါင်းအဖွဲ့တစ်ရပ် ကို ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ဆိုခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များ နှင့် မိတ်ဆွေနိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးကြရန်လည်း တိုက်တွန်းခဲ့သည်ဟု စက်တင် ဘာ ၇ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သို့ရာတွင် မြေပြင်တပ်ဖွဲ့များ အသုံးပြုရေး ကိုမူ အမေရိကန်က အစီအစဉ်ထဲမှ ပယ်ထားသည်။ 

ဝေးလ်စ်တွင် ကျင်းပခဲ့သော နေတိုး  ထိပ်သီးညီလာခံတစ်ခုတွင် အစ္စလာမ်မစ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရေး လှုပ်ရှားမှုတစ်ရပ်အား မဟာမိတ်များ၏ ထောက်ခံအားပေးမှု ရယူရန် သမ္မတ ဘာရက် အိုဘားမားက ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ထိပ်သီးညီလာခံ ပြီးဆုံးရန် နီးကပ်လာခဲ့ သော်လည်း၊ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ဘယ်နှစ်နိုင်ငံ ပူးပေါင်းပါဝင်လိမ့်မည်လဲ ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 

ရုတ်ခြည်း စီစဉ်ခဲ့သော အစည်းအဝေးတစ်ခုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် ကာကွယ်ရေးဝန်ကြီး ချက်ဟက်ဂယ်လ်က နိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေး နှင့် ကာကွယ်ရေးဝန်ကြီးများအား ၄င်းတို့က အမေရိကန်၏ အစီအစဉ်ကို ကူညီနိုင်မည့် နည်းလမ်းများစွာ ရှိကြောင်းနှင့် ထိုနည်းလမ်းများ
ထဲတွင် အီရတ်များအား လေ့ကျင့်သင်ကြားပေးခြင်း နှင့် အီရတ်စစ်တပ်အား လက်နက်အကူအညီပေးခြင်း လည်း ပါဝင်ကြောင်း ပြောခဲ့သည်။

ဆွန်နီစစ်သွေးကြွများသည် ဆီးရီးယား နှင့် အီရတ်ရှိ နယ်မြေအများအပြားအား အံ့အားသင့်ဖွယ် သိမ်းပိုက် ထားနိုင်လျက်ရှိရာ ၄င်းတို့အား တွန်းလှန်ချေမှုန်းရေး လှုပ်ရှားမှုမှာ ကာလ ရှည်လျားလိမ့်မည် ဖြစ်ကြောင်း ဗြိတိန် နှင့် ဂျာမနီ ဝန်ကြီးများက သတိပေးခဲ့သည်။ တိုက်ပွဲများအတွင်းတွင် အနောက်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားမှ အချို့သူများသည် စစ်သွေးကြွများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

IS အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိကြသော အနောက်နိုင်ငံသားများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကိုလည်း မဟာမိတ်နိုင်ငံများအကြား ပိုမိုမျှဝေကြရန် အစီအစဉ်များကို နေတိုးအဖွဲ့က ကြေညာခဲ့သည်။ သက်ဆိုင်ရာ အနောက်နိုင်ငံများသို့ ထိုသူများ ပြန်လာကြပါက အမျိုးသားလုံခြုံရေးအတွက် အန္တရာယ် အကြီးအကျယ် ရှိကြောင်း အမေရိကန် နှင့် ဥရောပ လုံခြုံရေး အရာရှိများက ရှုမြင်ထားကြသည်။ အီရတ်အား အကူအညီများ ပေးရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် လေယာဉ်ဖြင့် သယ်ယူပို့ ဆောင်ပေးခြင်းများလည်း ပြုလုပ်မည် ဖြစ်သည်။ 

Ref:Reuters
Mizzima - News in Burmese

No comments:

Post a Comment

My Blog List