Monday, June 30, 2014

ပြည်သူတွေ သိခွင့်မရှိတဲ့ သဘောတူစာချုပ်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူအောက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ဘယ်လောက်လွှမ်း မိုးနေဦးမလဲ


(၁)သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်အထိ ကြာမြင့်ပါမယ်။ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ တရုတ်အစိုးရ အဖွဲ့ဝင်တွေအကြား သီးခြားတွေ့ဆုံမှုတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကနေ တရုတ်နိုင်ငံဘက်ကို လိုက်ပါသွားတဲ့ ၀န်ကြီးစာရင်းကို ကြည့်ရင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အပါအ၀င် အခြားအရေးပါတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးမယ့် အခြေအနေ ရှိပါတယ်။

(၂)
သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ အစိုးရအဖွဲ့ကို တာဝန်ယူပြီး သုံးနှစ်ကျော် ကာလအတွင်း သွားရောက် ခဲ့တဲ့ နိုင်ငံခြား ခရီးစဉ်တွေမှာ တရုတ်ကို သွားရောက်ခဲ့တာက အကြိမ်ရေ အများဆုံး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ်နဲ့ အခုတစ်ကြိမ် စုစုပေါင်း လေးကြိမ်ဖြစ်ြဲပီး တစ်နှစ်တစ်ကြိမ် ပုံမှန်သွားရောက်တဲ့ပုံစံ ဖြစ်နေပါတယ်။

သမ္မတဦးသိန်းစိန် အခုသွားရောက်တဲ့ တရုတ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ သတ္တုတွင်းဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒေါက်တာကံဇော်တို့ လိုက်ပါသွားပါတယ်။ ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်၊ ဒေါက်တာသိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နဲ့ အခြားတာဝန်ရှိသူတွေလည်း လိုက်သွားကြပါတယ်။

လိုက်ပါသွားတဲ့ ၀န်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးလှထွန်းဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ရလာဒ်ကို အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဦးကျော်ဆန်းက တရုတ်ချေးငွေတွေနဲ့ ငွေထုတ်ချေးပေးနေတဲ့ သမ၀ါယမ ၀န်ကြီးဌာနကို ကိုင်တွယ်ထားသူပါ။ မကြာသေးခင်ကမှ စွမ်းအင်ဝန်ကြီးအဖြစ်ကနေ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးဇေယျာအောင်က မြန်မာ့ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုကိုင်တွယ် ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်နေပါတယ်။ ကျန်တဲ့သူတွေကို ကြည့်မယ်ဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီး ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်ဆောင်ရွက်ခွင့် ရနေသူတွေ ဖြစ်ပါတယ်။

(၃)
သမ္မတဦးသိန်းစိန်ဟာ ဇွန် ၂၈ ရက်မှာ တရုတ်ဝန်ကြီးချုပ် လီခကျန်းနဲ့ တွေ့ဆုံပါတယ်။ ဆွေးနွေးမှုတွေရဲ့ နှစ်ဖက်စလုံးက အသေးစိတ်ထုတ်ပြန်တာ မရှိပေမယ့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်စီးပွားရေးစင်္ကြန် တည်ထောင်နိုင်မယ့် အလားအလာ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး အလားအလာ၊ မြန်မာ-တရုတ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ရေး ဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အကြမ်းဖျင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုကို သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါသွားတဲ့ ၀န်ကြီးအားလုံး မတက်ဘဲ ဦးဝဏ္ဏမောင်လွင်၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်၊ ဦးရဲထွဋ်နဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်အုန်းလွင်တို့ပဲ တက်ရောက်ခဲ့တာက ထူးခြားချက် ဖြစ်နေပါတယ်။

(၄)
ဇွန် ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ သဘောတူညီချက်လေးခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပါအ၀င် နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တဲ့ ဒီလက်မှတ်ထိုးပွဲမှာ မြန်မာ-တရုတ် ယဉ်ကျေးမှုစင်တာ ထူထောင်မှုဆိုင်ရာ နားလည်မှု သဘောတူညီချက်၊ ယဉ်ကျေးမှု အမွေအနှစ်များ အဆင့်မြှင့်တင် ထိန်းသိမ်းရေးနှင့် ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးဆိုင်ရာ သဘောတူညီချက်၊ မြန်မာအစိုးရသို့ တရုတ်အစိုးရက အထွေအထွေရောဂါကုဆေးရုံ စီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာနဲ့ နည်းပညာတက္ကသိုလ် ရတနာပုံ (Cyber City) ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်သော ဆက်သွယ်ရေးကွန်ရက် ပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စာချွန် လွှာတွေ လက်မှတ်ထိုးခဲ့ပါတယ်။

(၅)
မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေအပြင် အခြားနိုင်ငံရေး ပါတီဝင်တွေဟာ တရုတ်နိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ ကြပါတယ်။

ဒီလိုသွားရောက်ခဲ့တဲ့ အကြိမ်တိုင်းမှာ မြစ်ဆုံစီမံကိန်း ပြန်စဖို့ကို တရုတ်အစိုးရ အဖွဲ့ဝင်တွေက အမြဲတိုက် တွန်းခဲ့ပါတယ်။ တရုတ်ရဲ့ တိုက်တွန်းချက်တွေနဲ့ တုံ့ပြန်ချက်တွေကို တရုတ်နိုင်ငံ သွားရောက်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အပါအ၀င် အခြားနိုင်ငံရေး ပါတီဝင်တွေက ထုတ်ဖော်ပြော ဆိုလေ့ ရှိပေမယ့် အစိုးရနဲ့ ဆက်နွှယ်နေသူတွေက ထုတ်ဖော်ပြောဆိုလေ့ မရှိပါဘူး။

အထူးသဖြင့် သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ တရုတ်နိုင်ငံကို နှစ်စဉ်သွားရောက်ပေမယ့် သူတို့ သွားရောက်တဲ့ ကိစ္စရပ်တွေမှာ ယဉ်ကျေးမှုနဲ့ လူမှုရေး ကိစ္စရပ်တွေအပြင် တခြားဘာတွေကို ဆွေးနွေး သဘောတူခဲ့တယ် ဆိုတာကို အသေးစိတ် ထုတ်ဖော်ပြောဆိုလေ့ မရှိပါဘူး။

၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံအပေါ် လုံးလုံးလျားလျား မှီခိုအားထားခဲ့တဲ့ အာဏာရှင်တွေဟာ တရုတ်ထံက ချေးငွေတွေ အပါအ၀င် အထောက်အပံ့ပေါင်းစုံကို ယူခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းစာချုပ်တွေကိုလည်း ပြည်သူကို အသိမပေးဘဲ ချုပ်ဆိုခဲ့ကြပါတယ်။ ဒီနောက်မှာပဲ တရုတ်ကို မြန်မာနိုင်ငံက ပြန်ပေးရတဲ့ အရာတွေက မတန်တဆတွေ ဖြစ်လာပါတယ်။

မြစ်ဆုံဆည်ကိစ္စဟာ မြန်မာနိုင်ငံဘက်ကနေ တရုတ်ဘက်ကို ပြန်ပေးရတဲ့ မတန်တဆ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာ တရုတ်က မြစ်ဆုံစီမံကိန်းကို လက်မလွှတ်သေးတဲ့အပြင် ‘ပုလဲသွယ် မဟာဗျူဟာ’ အရ သူ့နိုင်ငံအတွက် လိုအပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရေး ကိစ္စဘက် အာရုံစိုက်နေပါတယ်။

လောလောဆယ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အာရုံစိုက်နေတဲ့ အထူးစီမံကိန်းကြီး ငါးခု ရှိနေပါတယ်။ ဒီငါးခုက လက်ပံတောင်းစီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တာပိန်ရေအားလျှပ် စစ်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း စီမံကိန်းနှင့် တကောင်း နီကယ်သတ္တုတူးဖော်ရေး စီမံကိန်းတို့ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ လေးကြိမ်မြောက် တရုတ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ၀န်ကြီးစာရင်းကိုကြည့်ရင် ဒီစံမံကိန်းငါးခုနဲ့ ပတ်သက်တာတွေကို မလွဲမသွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဘာတွေဆွေးနွေးပြီး ဘယ်လိုသဘောတူညီချက်တွေ ရခဲ့သလဲ ဆိုတာကို လွှတ်တော်နဲ့ ပြည်သူကို အသေးစိတ် အသိပေးဖို့ လိုအပ်ပါတယ်။

မြစ်ဆုံစီမံကိန်းကိုတော့ ယာယီရပ်ဆိုင်းထားပါတယ်။ သဘောတူ ချုပ်ဆိုထားတဲ့ သက်ဆိုင်ရာ စာချုပ် စာတမ်းတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ အပြီးတိုင် ရပ်ဆိုင်းဖို့ လိုအပ်နေပါတယ်။ လက်ပံတောင်းစီမံကိန်းကိုတော့ တရုတ်ကိုလုပ်ကိုင်ခွင့် ပေးလိုက်ပါပြီ။ တာပိန်ရေအား လျှပ်စစ် စီမံကိန်းနဲ့ တကောင်း နီကယ်သတ္တုတူးဖော်ရေး စီမံကိန်းကိုလည်း တရုတ်က ရရှိထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတူ တရုတ်ဘက်က ကြိုးစားနေတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းကို ဖောက်လုပ်ခြင်း မပြုလုပ်ဖို့ ပြည်သူတွေက ကန့်ကွက်ထားပါတယ်။

ကျောက်ဖြူ-ကူမင်းရထားလမ်းအပါအ၀င် တရုတ်ရဲ့မဟာဗျူဟာလမ်းကြောင်းတွေက မြန်မာနိုင်ငံ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာ ဖြစ်နေတာကြောင့် ပြည်သူတွေက ကန့်ကွက်နေကြ တာပါ။

(၇)
သမ္မတဦးသိန်းစိန် သွားရောက်နေတဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ ဘာတွေဆွေးနွေးခဲ့ပြီး ဘယ်လိုသဘောတူ ညီမှုတွေ ယူခဲ့သလဲဆိုတာကို အသေးစိတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစိုးရခေတ် အဆက် ဆက်က ပြုလုပ်ခဲ့တဲ့ ပုံစံအတိုင်း ပွင့်လင်းမှု အားနည်းနေပါတယ်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသွားပြီး တက်ရောက်ခဲ့တဲ့ အခမ်းအနားဟာ ၁၉၅၄ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ တရုတ်၊ မြန်မာ၊ အိန္ဒိယ သုံးနိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ်က တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူ ရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန် စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီလို ချမှတ်ထားပေမယ့် တရုတ်နိုင်ငံဘက်က ဘယ်လောက်စောင့်ထိန်းခဲ့သလဲဆိုတာ ယတိပြတ် အဖြေပေးလို့ မရသေးပါဘူး။

မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘၀’ သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ဟာ ပြဿ နာတစ်ခု ဖြစ်ပါတယ်။ UWSA ကို တရုတ်ထောက်လှမ်းရေးတွေက သင်တန်းပေး လေ့ကျင့်ပေးတယ်၊ စစ်လက်နက်ဆိုင်ရာ အထောက်အကူပြုမှုတွေ ပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာပါပြီ။ တရုတ်-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ စစ်ရေးအကဲခတ်တွေရဲ့ ပြောဆိုချက်တွေ အရလည်း တရုတ်အစိုးရ တာဝန်ရှိသူတွေဟာ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံခေါ်ယူပြီး ခိုင်းစေညွှန်ကြားချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ တရုတ်ဘက်ကရော၊ UWSA ဘက်ကပါ ငြင်းဆိုပေမယ့် ဒီအကြောင်းတွေကို ရေးသားနေတဲ့ နိုင်ငံတကာ ဂျာနယ်လစ်တွေက အခိုင်အမာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ UWSA အကြားက ဆက်နွှယ်မှုတွေကို အစိုးရဘက်က တရားဝင် ထုတ်ပြန်ရှင်းလင်းတာမျိုးကို မတွေ့ရသေးပါဘူး။ ခိုင်မာတဲ့ အချက်ကတော့ ‘၀’ ဒေသဟာ မြန်မာနိုင်ငံပိုင်နက်ထဲမှာ ရှိနေပေမယ့် တရုတ်ဒေသပုံစံ ဖြစ်နေပါပြီ။

(၈)
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ် ကာလပုံစံ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံဟာ သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်ထား တဲ့နိုင်ငံ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်တယ်ဆိုတဲ့အချက် မှန်ကန်ပါတယ်။ ဒါပေမဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆိုတာ နိုင်ငံကြီးတစ်ခုရဲ့ လက်အောက်ခံနိုင်ငံမျိုး အခြေအနေမျိုး မဟုတ်ပါဘူး။ နိုင်ငံကြီးတစ်ခုရဲ့ လက်အောက်ခံ နိုင်ငံအဖြစ် ကျရောက်သွားမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ အတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။

အစိုးရအနေနဲ့လည်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ သဘောတူခဲ့တာတွေ၊ ဆွေးနွေးခဲ့တာတွေ အားလုံးကို လွှတ်တော်နဲ့ ပြည်သူတွေသိအောင် ပွင့်ပွင့်လင်းလင်းချပြဖို့ လိုအပ်နေပါပြီ။ 

ဒီလိုသာ မရှင်းလင်းထားဘူး ဆိုရင်တော့ မြန်မာ-တရုတ် ဆက်ဆံရေး အကျိုးမရှိ ဖြစ်လာနိုင်ပြီး ပြည်သူတွေကြားမှာလည်း တရုတ်မုန်းတီးရေး စိတ်ဓာတ်တွေ ပိုမိုကျယ်ပြန့် လာနိုင်ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး

၂၀၁၁ မတ် ၁၄ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ။

၂၀၁၁ မေ ၁၃ - သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Xer Caihou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ။

၂၀၁၁ မေ ၂၆ - သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ သွားရောက်။ 

၂၀၁၁ နိုဝင်ဘာ ၂၇ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ သွားရောက်။

၂၀၁၂ ဖေဖော်ဝါရီ ၃ - ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ။ 

၂၀၁၂ စက်တင်ဘာ ၅ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် General Ma Xiaoyion တို့ နေပြည်တော်၌ တွေ့ဆုံ။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ - သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၂ နိုဝင်ဘာ ၁၂ - ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၂ ဒီဇင်ဘာ ၁၀ - တရုတ်နိုင်ငံ ချန်ဒူးစစ်ဒေသမှ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူး Lt.Gen. Chai Shooliang ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံ လာရောက်။ ဒီဇင်ဘာ ၁၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းသန်းထွဋ်နှင့် တွေ့ဆုံ။

၂၀၁၃ ဇန်န၀ါရီ ၂၀ - ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ်အား တွေ့ဆုံ။

၂၀၁၃ ဖေဖော်ဝါရီ ၈ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ။

၂၀၁၃ ဧပြီ ၅ - သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၃ ခုနှစ် မေ ၂၈ - ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ။

၂၀၁၃ မေ ၈ - ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံ။

၂၀၁၃ ဇူလိုင် ၂၃ - သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။ အဆိုပါနေ့မှာပင် ထိုကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ။

၂၀၁၃ အောက်တိုဘာ ၁၂ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၃ အောက်တိုဘာ ၁၅ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး။

၂၀၁၄ ဇန်န၀ါရီ ၁၆ - ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လာရောက်တွေ့ဆုံ။ ထိုနေ့မှာပင် တရုတ်သံအမတ်ကြီးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းနှင့် တွေ့ဆုံ။

၂၀၁၄ မေ ၁၆ - သမ္မတဦးသိန်းစိန် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၏ အမြဲတန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ H.E. Mme. Yan Junqi နှင့် တွေ့ဆုံ။

၂၀၁၄ မေ ၁၉ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသား ကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ။

၂၀၁၄ မေ ၂၀ - သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ။

၂၀၁၄ မေ ၂၇ - တရုတ်-မြန်မာနယ်နိမိတ်ရှိ မရှင်းလင်းသည့် နေရာများအား ပူးတွဲတိုင်းတာ စစ်ဆေး။

၂၀၁၄ ဇွန် ၂၃ - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ။

၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာ-တရုတ် ဆက်ဆံရေး ရက်စဉ်သမိုင်း

၁၉၈၉ ခုနှစ်
မေ ၂၅ - အသစ်ခန့်အပ်လိုက်သည့် မြန်မာသံအမတ်ကြီးအား တရုတ်ဝန်ကြီးချုပ် လီပင်းက တရုတ်၏ နိုင်ငံခြားရေးမူဝါဒကို ထပ်မံအတည်ပြု ပြောဆို။
ဇွန် ၁၃ - နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ (န၀တ) အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်က တရုတ်သံအမတ်ကြီး ချင်ရွေ့စဲင်အား ခေါ်ယူတွေ့ဆုံကာ တိန်အန်မင်ရင်ပြင် ဆန္ဒပြပွဲတွင် တရုတ်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့မှုကို စာနာနားလည်ကြောင်း ပြောကြား။
အောက်တိုဘာ ၁၈ မှ ၂၉ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ ခေါင်းဆောင်သည့် ၂၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၀ ပြည့်နှစ်
ဒီဇင်ဘာ ၂၇ - စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုး၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ငါးနှစ်အတိုးမဲ့ ချေးငွေပေးရန် သဘောတူ။

၁၉၉၁ ခုနှစ် 
ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ - တရုတ်နိုင်ငံတော် ကောင်စီအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်ပြီး န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် တွေ့ဆုံ။
သြဂုတ် ၂၀ မှ ၂၅ - ဗိုလ်ချုပ်မှူးကြီးစောမောင် တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၃ ခုနှစ်
ဖေဖော်ဝါရီ ၁၁ - ပုသိမ်တွင် တရုတ်ရေတပ်စခန်းတစ်ခု အသုံးပြုရန် ရည်ရွယ်သည်ဆိုခြင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ငြင်းဆို။
ဇူလိုင် ၃၀ - တရုတ်က မြန်မာကို အတိုးမဲ့ချေးငွေ ယွမ်သန်း ၅၀ ပေးအပ်။
ဇူလိုင် ၃၁ - တရုတ်ချေးငွေယွမ် ၀ ဒသမ ၁ ဘီလျံဖြင့် ဆောက်လုပ်သော သန်လျင်တံတား ပြီးစီး။ 

၁၉၉၄ ခုနှစ်
စက်တင်ဘာ ၇ မှ ၁၄ - န၀တ အတွင်းရေးမှူး-၁ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်။ ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးရှစ်ဦး လိုက်ပါသွားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး လိုက်ပါခဲ့။
ဒီဇင်ဘာ ၂၆ မှ ၂၈ - တရုတ်ဝန်ကြီးချုပ် လီပင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ။ အဓိက ပရောဂျက်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် PRC ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများကို အားပေးမည်ဟု လီပင်းပြောကြား။

၁၉၉၆ ခုနှစ်
ဇန်န၀ါရီ ၇ မှ ၁၃ - န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက်။ ချေးငွေသဘောတူညီမှု မူကြမ်းတစ်စောင်ကို လက်မှတ်ရေးထိုး။
ဧပြီ ၂၈ မှ မေ ၃ - တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် မူငါးချက်ကို လိုက်နာကြောင်း ထပ်မံပြောကြား။
အောက်တိုဘာ ၂၂ မှ ၂၉ - န၀တ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေး စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၇ ခုနှစ်
မတ် ၂၄ မှ ၂၇ - တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် လူဝေါ်ကန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ။ နယ်စပ်ဒေသအုပ်ချုပ်မှု သဘောတူညီချက်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး။ လယ်ယာကဏ္ဍအတွက် စက်ကိရိယာနှင့် အပိုပစ္စည်းများ ၀ယ်ယူရန် ယွမ်ငွေငါးသန်း ချေးယူခွင့်ပြု။

၁၉၉၈ ခုနှစ်
ဖေဖော်ဝါရီ ၃ - တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ထန်းကျားရွှမ် ရန်ကုန်သို့ ရောက်ရှိ။ သံတမန်၊ အစိုးရအမှုထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး။

၁၉၉၉ ခုနှစ်
ဇွန် ၇ မှ ၁၁ - န၀တ အတွင်းရေးမှူး-၁ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၀၀ ပြည့်နှစ်
ဇွန် ၅ မှ ၁၂ - န၀တဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်နိုင်ငံသို့ သွားရောက်။
ဇူလိုင် ၁၆ မှ ၁၈ - တရုတ်ဒုတိယသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ ရောက်ရှိ။
စက်တင်ဘာ ၁၈ - ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအတွက် တရုတ်ပို့ကုန်-သွင်းကုန်ဘဏ်မှ ယွမ်ငွေတစ်ဘီလျံ ထုတ်ယူ။

၂၀၀၁ ခုနှစ်
ဒီဇင်ဘာ ၁၂ မှ ၁၅ - တရုတ်သမ္မတ ကျန်ဇီမင်းနှင့် အဖွဲ့ဝင် ၁၃၅ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစာချုပ်များ ချုပ်ဆို။

၂၀၀၃ ခုနှစ်
ဇန်န၀ါရီ ၆ မှ ၁၁ - န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး အပါအ၀င် အခြားစာချုပ်များ ချုပ်ဆို။ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အတိုးနှုန်းလျော့ချေးငွေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂ သန်းချေးမည်ဟု ကျန်ဇီမင်း ကတိပြု။
ဇန်န၀ါရီ ၁၄ မှ ၁၅- တရုတ်ဒုတိယ၀န်ကြီးချုပ် လီလန်ချိန်း မြန်မာနိုင်ငံသို့ ရောက်ရှိ။
ဇူလိုင် ၃ မှ ၅ - နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်။
သြဂုတ် ၂၂ - တရုတ်သမ္မတ ဟူကျင်းတောင် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးအား တွေ့ဆုံ။
အောက်တိုဘာ ၆ - တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ တွေ့ဆုံ။

၂၀၀၄ ခုနှစ်
ဇူလိုင် ၁၁ မှ ၁၇ - ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး စာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုး။
ဇူလိုင် ၂၁ မှ ၂၈ - နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးစိုးဝင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၀၅ ခုနှစ်
ဧပြီ ၂၃ - သမ္မတ ဟူကျင်းတောင်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်သည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံ။
ဇူလိုင် ၄ - တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ကူမင်းတွင်ပြုလုပ်သော ဂျီအမ်အက်စ် ထိပ်သီးဆွေးနွေးပွဲ၌ တွေ့ဆုံပြီး စာချုပ်တစ်ခု လက်မှတ်ရေးထိုး။

၂၀၀၆ ခုနှစ်
ဖေဖော်ဝါရီ ၁၄ မှ ၁၈ - ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် သမ္မတ ဟူကျင်းတောင်တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံပြီး စာချုပ်နှင့် နားလည်မှုစာချွန်လွှာ ရှစ်ခု လက်မှတ်ရေးထိုး။
အောက်တိုဘာ ၂၂ - နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်တို့ တွေ့ဆုံ။
အောက်တိုဘာ ၃၁ - ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံ။

၂၀၀၇ ခုနှစ်
ဇန်န၀ါရီ ၃၁ မှ ဖေဖော်ဝါရီ ၂ - ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံ။
ဇွန် ၅ မှ ၁၀ - နအဖ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်။
ဇူလိုင် ၁၂ - မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်းအတည်ပြုကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့သို့ ၀င်ရောက်ရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုကို ဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်။ 
စက်တင်ဘာ ၁၃ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးသံတမန်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တရုတ်နိုင်ငံသို့ သွားရောက်။
အောက်တိုဘာ ၂၄ မှ ၂၅ - တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး အီဘရာဟင်ဂမ်ဘာရီတို့ ပေကျင်း၌ ဆွေးနွေး။
နိုဝင်ဘာ ၁၄ မှ ၁၆ - တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ။
နိုဝင်ဘာ ၁၉ - ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ စင်ကာပူတွင် တွေ့ဆုံ။

၂၀၀၈ ခုနှစ်
ဖေဖော်ဝါရီ ၁၈ မှ ၁၉ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး အီဘရာဟင်ဂမ်ဘာရီ ပေကျင်းသို့ ရောက်ရှိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးတို့နှင့် တွေ့ဆုံ။
မတ် ၁၈ - မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာက သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ထိုင်ဝမ်လွတ်လပ်ရေးနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ထိုင်ဝမ်၏ ဆန္ဒခံယူပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြ။
မေ ၂၅ - တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တွေ့ဆုံ။
သြဂုတ် ၂၁ - ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ။
ဒီဇင်ဘာ ၄ မှ ၅ - တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ။

၂၀၀၉ ခုနှစ်
ဒီဇင်ဘာ ၁၉ မှ ၂၀ - တရုတ်ဒုတိယသမ္မတ ရှီကျင်းပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဆွေးနွေး။

၂၀၁၀ ပြည့်နှစ်
ဇွန် ၂ မှ ၃ - တရုတ်ဝန်ကြီးချုပ် ၀န်ကျားပေါင် မြန်မာနိုင်ငံသို့ ရောက်ရှိ။ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် စာချုပ်စာတမ်း ၁၅ ခု လက်မှတ်ရေးထိုးပွဲသို့ နှစ်နိုင်ငံခေါင်းဆောင်များ တက်ရောက်။
ဇူလိုင် ၃ မှ ၁၂ - နအဖ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ သွားရောက်။ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်ဒုတိယ၀န်ကြီး ကတိပေး။
စက်တင်ဘာ ၁၆ မှ ၂၀ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ ချေးငွေရယူ။

Eleven Media Group 

No comments:

Post a Comment

My Blog List