Monday, June 30, 2014

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ Facebook အသုံးပြု၍ ဈေးကွက်ချဲ့ထွင်မှု ပိုမိုများပြားလာ


မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ အနေဖြင့် Facebook ကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်မှုများ ပိုမို များပြားလာကြောင်း သိရသည်။လူမှုကွန်ရက်များစွာ ရှိသည့်အနက် မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှု များမှာ ယခုနှစ်ပိုင်းအတွင်း တစ်ရှိန်ထိုး မြင့်တက်လာပြီးနောက် စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း လူမှုကွန်ရက်ကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်မှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း သိရသည်။

“အသေးစားအလတ်စား လုပ်ငန်းတွေအနေနဲ့ ဝက်ဘ်ဆိုက်တစ်ခုအတွက် မတတ်နိုင်သေးဘဲ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ လုပ်ငန်းစလာကြတာတွေလည်း ရှိတယ်။ အများအားဖြင့်တော့ လူမှုကွန် ရက်တွေမှာက Customer တွေနဲ့ လုပ်ငန်းအကြားမှာ ကြားခံဆက်သွယ်ရေး တစ်ခုအဖြစ် အသုံးပြုကြတာ များတယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံက Gmail Country ဆိုပြီး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ Facebook Country ဖြစ်လာတယ်။ Facebook ကို အရမ်းသုံးလာကြတော့ ဒီအပေါ်မှာ အောင်မြင်မယ်လို့ ယုံကြည်လာကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ဘက်ကလည်း feedback တွေ comments တွေကို အမြဲဖတ်နိုင်ဖို့ လိုပါတယ်။ Facebook ကြော်ငြာတွေက အရင်တုန်းကတော့ Package တွေနဲ့ သွားကြပြီး ခုနောက်ပိုင်းမှာတော့ Campaign တွေနဲ့ သွားကြတယ်။ အဓိကကတော့ ကိုယ့်ရဲ့ Fan Page ကို Like တွေတက်လာအောင် လုပ်ကြတာပေါ့။ ကိုယ့် Page မှာ Member များရင် သုံးစွဲသူတွေ အနေနဲ့ ယုံကြည်မှု ပိုတက်တယ်လို့ ယူဆကြပြီး ပိုများလာအောင် လုပ်တတ်ကြပါတယ်” ဟု Myanmar's NET မှ Project Manager ကိုမျိုးဇာနည်အောင်က ပြောကြားသည်။

စစ်တမ်းများအရ ပြည်တွင်း၌ Facebook သုံးစွဲသူ အရေအတွက်မှာ တစ်သန်းကျော်ခန့်ရှိကြောင်း စစ်တမ်းများက ဆိုသည်။ သုံးစွဲသူများတွင် အမျိုးသမီး ၅၅ ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသား ၄၅ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။

“တခြားကြော်ငြာခတွေ ဈေးနှုန်းကြီးမြင့်လာချိန်မှာ လူမှုကွန်ရက် ကြော်ငြာခတွေက ပိုသက်သာတယ်။ ကိုယ့်ရဲ့ကြော်ငြာက ဘယ်လောက်သက်ရောက်မှု ရှိလဲဆိုတာကိုလည်း ပြန်ကြည့်နိုင်တယ်။ နောက်ပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းကို စိတ်ဝင်စားမယ့်သူတွေကိုပဲ ရွေးချယ်ကြော်ငြာနိုင်တာကလည်း အားသာချက်တစ်ခု ပါ။ သတ်မှတ်ထားတဲ့ အသုံးပြုသူတွေကိုပဲ ထိမှန်အောင် ပစ်နိုင်တယ်။ ကြိုက်နှစ်သက်မှု၊ ကျားမ၊ အသက် အရွယ်၊ အသုံးပြုတဲ့ Device ကအစ သိနိုင်ပြီး ရွေးချယ်ကြော်ငြာနိုင် တယ်။ ခုချိန်မှာ Broadcasting ကို အဓိက မှီနေရတုန်း ဖြစ်ပေမယ့် ဈေးကြီးတော့ Medium ကို အပြောင်းအလဲ လုပ်လာကြတဲ့သဘောလည်း ပါတယ်။ လူတွေရဲ့ အကြိုက်ပေါ်ကိုလိုက်ပြီး ကြော်ငြာတာက ပိုထိရောက်နိုင်လို့ သဘောကျလာကြတယ်။ သူက လူတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုကို အခြေခံထားတယ်လေ” ဟု ကိုမျိုးဇာနည်အောင်က ဆက်လက်ပြောကြားသည်။

လူမှုကွန်ရက်များမှာ ၂ဝ၁၃ ခုနှစ်အတွင်း အလွန်အားကောင်းလာပြီး ယင်းမှာ နိုင်ငံရေးသတင်းများ၊ နိုင်ငံရေးဖြစ်စဉ်များကြောင့် သက်ရောက်မှုလည်း ပါဝင်ကြောင်း သိရသည်။ ဖက်ရှင်၊ အလှကုန်၊ မိုဘိုင်းဆော့ဖ်ဝဲ၊ မော်တော်ကားများမှာ လူမှုကွန်ရက်ပေါ်တွင် အများဆုံး ကြော်ငြာလာကြကြောင်း သိရသည်။ လူမှုကွန်ရက်ပေါ်တွင် အများဆုံး အသုံးပြုကြသော အသက်အရွယ် အပိုင်းအခြားမှာ အသက် ၁၈ နှစ်မှ ၃၄ နှစ်အကြား အရွယ်များဖြစ်ကြောင်း သိရသည်။ လူမှုကွန်ရက်ပေါ်တွင် အွန်လိုင်း အရောင်းအဝယ် ပြုလုပ်ရောင်းချခြင်းများလည်း သိသာစွာ များပြားလာကြောင်း သိရသည်။

“၂ဝ၁၃-၂ဝ၁၄ ခုနှစ်လောက်ကစပြီး online မှာ သုံးစွဲသူတွေ ပိုများလာတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ online မှာ ကြော်ငြာရတာက အပြင်က မဂ္ဂဇင်းတွေနဲ့ billboard ထောင်ပြီး ကြော်ငြာရတာတွေထက် ၁ဝ ဆလောက် ပိုသက်သာတယ်။ Facebook ကို ပိုက်ဆံပေးပြီး ကြော်ငြာတာတော့ ကိုယ့်ရဲ့ Product ကို လူသိပိုများတာပေါ့။

Facebook သုံးတဲ့သူ အရေအတွက်က ကျွန်တော်တို့နိုင်ငံမှာ နည်းနေသေးပေ မယ့်လည်း ၁ ဒသမ ၃ သန်းလောက် ရှိလာပြီ ဖြစ်ပါတယ်” ဟု iMyanmar ၏ Managing Director ကိုနေမင်းသူ ပြောကြားသည်။

မြန်မာနိုင်ငံတွင် Facebook page များ အသုံးပြုမှုသည် ၂ဝ၁ဝ ပြည့်နှစ်ခန့်တွင် သတင်းမီဒီယာများမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၏ Facebook page တွင် like အများဆုံး ရရှိထားသူများမှာ Eleven Media Group၊ 7Day News Journal နှင့် BBC Burmese ကဲ့သို့သော သတင်းမီဒီယာများဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Facebook စသုံးတဲ့ ၂ဝဝ၉ ခုနှစ်လောက်က အခုအချိန်လောက် ဖတ်စရာ၊ ကြည့်စရာ သိပ်မများသေးဘူး။ ၂ဝ၁ဝ လောက်မှာ ပြည်တွင်းမီဒီယာ တချို့ကနေ စတင်ပြီး Facebook page ပေါ်ကနေ သတင်းတွေကို ဆက်တိုက်တင်လာတာကို တွေ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့လည်း ဘလော့ဂ်တွေထက် Facebook ကို သုံးဖြစ်လာတယ်။ သတင်းမီဒီယာတွေကတင်တဲ့ သတင်းတွေဖြစ်တော့ ယုံယုံကြည်ကြည်နဲ့ ဖတ်နိုင်တယ်။ အခုနောက်ပိုင်း သတိထားမိတာက အရင်ဘလော့ဂ်တွေ ခေတ်စားခဲ့သလိုမျိုး ဘယ်သူက ရေးတယ်ဆိုတာ တိတိကျကျ မသိနိုင်တဲ့ Facebook page တွေလည်း တွေ့လာရပါတယ်။ ဘလော့ဂ်နဲ့တူတဲ့ ဒီ Facebook တွေကတင်တဲ့ အကြောင်းအရာတွေ ဘယ်လောက်မှန်သလဲဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်လို့ ထင်ပါတယ်” ဟု Credo Wave ကုမ္ပဏီ၏ Technical Director ကိုကျော်မျိုးလှိုင်က ပြောကြားသည်။

“Social Media ဆိုတဲ့ လူမှုကွန်ရက်က ကျယ်ပြန့်လာပြီဖြစ်ပေမယ့် သူ့ကို စတုတ္ထမဏ္ဍိုင်လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ အွန်လိုင်းကို အသုံးပြုလာတဲ့ သူတွေ များလာတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေကလည်း ကြော်ငြာအပိုင်းမှာ အွန်လိုင်းကို မှီခိုလာကြတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ Social Media ပေါ်မှာ Knowledge အားနည်းကြတယ်။ ဘယ် Source က ယုံကြည်ရမလဲ ဆိုတာ မသိကြသေးဘူး” ဟု ရိုးရာလေး အင်တာနက်စာမျက်နှာ၏ အယ်ဒီတာချုပ် ကိုအောင်ခမ်းက ပြောကြားသည်။

“Facebook ပေါ်မှာ ကြော်ငြာတာနဲ့ပတ်သက်ပြီး ဒီမှာတော့ Educate သိပ်မဖြစ်သေးဘူး။ ကိုယ့်ရဲ့ page ကို ငွေသွင်းပြီး like များအောင် လုပ်ခိုင်းတာက ကိုယ်ကလည်း page ကို အမြဲ Update ဖြစ်အောင် လုပ်နေဖို့ လိုတယ်။ မဟုတ်ရင် Page ကို တွေ့လို့ like တာပဲ ရှိမယ်။ လူက ထဲထဲဝင်ဝင် အားပေးမှာ မဟုတ်ဘူး။ အဓိက,က ပရိသတ်အားပေးမှုပဲ အရေးကြီးတာပါ” ကိုအောင်ခမ်းက ဆက်လက်ပြောကြားသည်။

Facebook Page တွင် လူ ၅ဝဝ ကျော်မှ လူ ၂ဝဝဝ ကျော်အထိ like လုပ်စေရန် အတွက် ဒေါ်လာ ၅ဝ ခန့် စတင်ပေးချေရမည်။ လူ ၁ဝဝဝဝ ခန့်မှ လူ ၄ဝဝဝဝ ကျော်အထိ like လုပ်စေရန်အတွက် ဒေါ်လာ ၁ဝဝဝ ခန့်ထိ ပေးချေရကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List