Saturday, May 02, 2015

မာလာလာကို လုပ်ကြံပစ်ခတ်မှုနှင့် ဆက်စပ်သူ ၁၀ ဦးကို ထောင်ဒဏ် တစ်သက် ပါကစ္စတန်ချမှတ်


ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာ ယူဆက်ဖ်ဇိုင်းကို သေနတ်ပစ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့်အမှုနှင့် ဆက်စပ်သူများကို ပါကစ္စတန် တရားရုံးတစ်ရုံးက ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ကြောင်း CAN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


မာလာလာသည် ၂၀၁၂ ခုနှစ်တွင် ပါကစ္စတန် ဆွက်တောင်ကြားဒေသ၌ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် ခံရကာ သေကံမရောက် သက်မပျောက်ခဲ့ပေ။မိမိ၏ အသက်အန္တရာယ်ကို မမှုဘဲ ကလေးများ ပညာသင် ရစေရေးအတွက် လှုပ်ရှားပြောဆိုခဲ့သည့် မာလာလာကို ပြီးခဲ့သည့် နှစ်က ငြိမ်းချမ်းရေး နိုဘယ်လ် ဆု ပေး အပ်ခဲ့သည်။

အဖမ်းခံရသူ ၁၀ ဦးမှာ ပါကစ္စတန် တာလီဘန်များဖြစ်ကြသည်ဟု အစိုးရ အရာရှိများက ပြောကြားထားပြီး ထိုနာမည် စာရင်းထဲတွင် အဓိက သံသယရှိသူဟု ကျော်ကြားနေသူလည်း မပါဝင်ခဲ့ပေ။ အသက် ၂၃ နှစ် အရွယ် စစ်သွေးကြွ အတူလာခန်း ဆိုသူကို သေနတ်ဖြင့် ပစ်ခတ်သူဟု ရဲက ထုတ်ပြန်ထားသော်လည်း တရားရုံးက အမိန့်ချလိုက်သူများတွင် ၎င်း၏နာမည် မပါဝင်ပေ။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆွက်ဒေသရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတစ်ရုံးတွင် အဆိုပါ အမျိုးသားများကို တရားရုံးတင် စစ်ဆေးခြင်း ဖြစ်သည်။

တရားခွင်သတင်းကို မည်သည့် ပါကစ္စတန်ပြည်တွင်း သတင်းထောက် တစ်ဦးကမှ မရောက်ရှိနိုင် ခဲ့သောကြောင့် အဆိုပါအမျိုးသားများ အမှန်တကယ် စစ်ဆေးခဲ့ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း ရှိမရှိ ကို အခြား သတင်းရင်းမြစ် တစ်ခုခုမှ အတည်မပြုနိုင်ခဲ့ပေ။

ယင်းတရားခွင်သည် လွတ်လပ်စွာ ချပြတရားစွဲဆို စစ်ဆေးခြင်းမဟုတ်ကြောင်း ခရိုင်ရှေ့နေအသင်း မှ ရှေ့နေတစ်ဦးက ဆိုသည်။

အဖမ်းခံရသူများသည် မာလာလာကို လုပ်ကြံရာ၌ ပါဝင်ခဲ့သူ စီစဉ်ခဲ့သူများ ဖြစ်ကြောင်း ဒေသခံရဲတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုကို အမိန့်ပေးသူမှာ ပါကစ္စတန်တာလီဘန် ခေါင်းဆောင် မူလာဖာဇလူလာ ဖြစ်ကြောင်း ၎င်းသည် ယခုအခါ အာဖဂန်နစ္စတန် ဘက်ခြမ်းသို့ ရောက်နေကြောင်း ပါကစ္စတန်အရာရှိများက ပြောဆို ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List