Thursday, April 30, 2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် တရုတ်သစ်ခိုး ထုတ်ဂိုဏ်းများအား ရှင်းလင်းနိုင်ပြီဟု ဆို


ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် အဖွဲ့များအား ရှင်းလင်းနိုင်ပြီဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကချင်ပြည်နယ်ထဲမှာ ရှိနိုင်တဲ့ အနေအထားတွေ အားလုံးကို ရှင်းလင်းပြီးစီးသွားပါပြီ။ တရုတ်သစ်ခိုး ဂိုဏ်းတွေလည်း မရှိတော့ပါဘူး” ဟု ပြောကြားသည်။
တရုတ်သစ်ခိုးထုတ်ဂိုဏ်းကြီး တစ်ခုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံ သား စုစုပေါင်း ၁၃၈ ဦး တွေ့ရှိခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် တရုတ်သစ်ခိုးထုတ်ဂိုဏ်းများကို ဆက်လက်ရှာဖွေ ခဲ့ကြောင်း သိရသည်။

ယင်းအပြင် တပ်မတော်မှ မောင်းသူမဲ့ လေယာဉ်များအပြင် လူမောင်းလေယာဉ်များဖြင့် ကချင်ပြည်နယ်ကို အဓိကထား သစ်ခိုးထုတ်သည့် ဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးနေကြောင်း သိရသည်။

ဖမ်းမိခဲ့သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းကြီးမှ လူများနှင့် သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ကိရိယာ တန်ဆာပလာကြီးများကို မြန်မာနိုင်ငံအတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့မှုများမှာ နယ်စပ်လုံခြုံရေ အပေါ် မေးခွန်းထုတ်စရာများ ရှိလာနေသည်။

၎င်းအပြင် တရုတ်သစ်ခိုးထုတ်ဂိုဏ်းများ အနေဖြင့် စီမံကိန်းကြီး တစ်ခုသဖွယ် သစ်ခိုးထုတ်မှုကို နှစ်စဉ်လုပ် ကိုင်ခဲ့ကြောင်း ဖမ်းဆီးရမိခဲ့စဉ် စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

တရုတ်နိုင်ငံသားများမှာ သစ်များကို တရားမ၀င် ခုတ်လှဲခဲ့ရာတွင် ၀ိုင်းမော်ဒေသအတွင်းရှိ နယ်မြေတစ်ဝိုက် တွင် ပြန့်ကျဲစွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၀ိုင်မော်မြို့တွင်း၌ အရှေ့၊ အနောက်ခွဲပြီး စစ်ဆေးရှာဖွေမှုများကို လက်ရှိအချိန်ထိ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးရမိခဲ့သည့် သစ်အလုံးရေ စုစုပေါင်းမှာ ၁၆၁၂၁ လုံးဖြစ်ပြီး သစ်တန်ချိန်မှာ ရေ တွက်ပြီးစီးသည့် သစ်လုံးရေ ၁၁၃၁၂ လုံးအရ တန်ချိန် (၃၁၂၁ ဒသမ ၉၈၅) တန်ရှိကြောင်း သစ်တော ဦးစီးဌာနမှ တွက်ချက်ထားသည်။

သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အခု သူတို့လုပ်နေတဲ့ နေ ရာတွေက အမည်းရောင် နယ်မြေတွေလေ။ တော်ရုံအင်အားနဲ့ သွားစစ်ဆေးလို့ မရနိုင်ခဲ့ဘူး” ဟု ပြောကြားသည်။

သစ်ခိုးထုတ်ရာတွင် အသုံးပြုခဲ့သည့် မြေတူးစက်တစ်စီး၊ ၀န်ဆွဲယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုးလေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီးနှင့် ဆိုင်ကယ်ကိုးစီးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးနိုင်ခဲ့သောကြောင့် မူးယစ်ဥပဒေဖြင့် အစိုးရမှ တရားစွဲဆိုသွားမည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြု ပြောကြားထားသည်။

နှစ်စဉ် မြန်မာနိုင်ငံမှ ဒေါ်လာဘီလျံနှင့်ချီသော အဖိုးတန်သစ်များမှာ တရုတ်နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။

ယင်းဖော်ပြချက်အရ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တရားမ၀င် သစ်လုပ်ငန်း အကြီးဆုံးလုပ်ကိုင်သည့် နိုင် ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံ အတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉၀ ခန့် မှာ မြန်မာနိုင်ငံမှ သစ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို လ၀က ဥပဒေဖြင့် ထောင်ခြောက်လစီ ချမှတ်ခဲ့ပြီး အမှုကြီးဖြစ်သော အပက ၃ ဖြင့် နေ့စဉ်စစ်ဆေးနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List