Wednesday, April 29, 2015

“ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာလို့ ပြောရသလဲ”


ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့ကို သွားရောက်ပြီး ဒေသခံတွေ၊ အင်န်အယ်လ်ဒီ ပါတီဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံရာမှာ ဒေသခံတွေ တင်ပြတဲ့ အခက်အခဲ ပြဿနာတွေကို ရှင်းလင်း ဆွေးနွေးပြတဲ့အပြင် ထူးထူးခြားခြား မြန်မာနိုင်ငံရဲ့ လူမှုရေးပြဿနာ တစ်ခုဖြစ်တဲ့ ဆိုင်ကယ်စီးသူတွေ ဦးထုပ်ဆောင်းဖို့ ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆိုင်ကယ် စီးသူတွေ ဦးထုပ်ဆောင်းဖို့ ဘာကိုအကြောင်းပြုပြီး ပြောဆိုဖြစ် တာပါလဲ၊ ဘယ်လို တိုက်တွန်း နှိုးဆော်သလဲ၊ လက်ရှိ မြန်မာနိုင်ငံက ဆိုင်ကယ်စီးသူတွေ အန္တရာယ် ကင်းကြပါရဲ့လား၊ ဒီပြဿနာ ဘယ်လောက်ကြီးသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဆိုင်ကယ်စီး ဦးထုပ်ဆောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုဖြစ်ခဲ့တဲ့ အကြောင်း က ခုလိုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းက ဖွင့်လှစ်တဲ့ ဟိုတယ် လုပ်ငန်း စီမံခန့်ခွဲမှုသင်တန်း တက်ရောက်နေတဲ့ လူငယ် တစ်ယောက် ဆိုင်ကယ် မတော်တဆ ဖြစ်ပြီး ဆုံးပါးသွားပါတယ်။ ကော့မှူးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ လူငယ်လေးရဲ့ ဈာပနကို လည်း တက်ရောက်ပါတယ်။ ဖြစ်စဉ်မှာ လူငယ်လေးနှစ်ယောက် ပါဝင်ပြီး တစ်ယောက်ကတော့ သေဆုံး၊ တစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဆုံးပါးသွားတဲ့ လူငယ်လေးဟာ ဦးထုပ်ဆောင်းထားတယ် ဆိုပေမယ့် လုံခြုံစိတ်ချရတဲ့ ဦးထုပ် အမျိုးအစား မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

သူက ခုဆို ယာဉ်မတော်တဆမှုတွေ အဖြစ်များကြောင်း၊ အဲဒီအထဲမှာ ဆိုင်ကယ်ကြောင့် ဖြစ်တဲ့ ယာဉ် မတော်တဆမှုက အများဆုံး ဖြစ်ကြောင်း၊ ဒါကြောင့် မတော်တဆ ဖြစ်လာတဲ့အခါ ခုလို အသက်သေဆုံး သည်အထိ မဖြစ်ရလေအောင် ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းဖို့ လိုတဲ့အကြောင်း၊ ဆိုင်ကယ်စီး ဦးထုပ် ဆိုရာမှာလည်း မည်ကာမတ္တ ဦးထပတ်မျိုး မဟုတ်ဘဲ၊ လုံခြုံစိတ်ချရမှုရှိတဲ့ ဦးထုပ်အမျိုးအစား ဖြစ်ဖို့ လိုကြောင်း၊ ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းရမယ့် လှုပ်ရှားမှုမျိုး တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမှာဖြစ်ကြောင်း၊ ဒီ ကော့မှူးက အစပြုမှာ ဖြစ်ကြောင်း၊ တိုင်းသူပြည်သားတွေရဲ့ အသက်ဘေး အန္တရာယ် ဖြစ်တဲ့အတွက် ရဲဘက်ကလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာ မှန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများအပြား ဖြစ် ပွားနေတဲ့အနက် ဆိုင်ကယ် မတော်တဆမှုက အများဆုံးဖြစ်နေပါတယ်။ လက်ရှိ မြန်မာ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ပြီး ဆိုင်ကယ် အရေအတွက်ဟာ ၂၀၁၅ ဇန်နဝါရီ လကုန် စာရင်းအရ လေးသန်း နှစ်သိန်းကျော် ရှိနေပါပြီ။ ဒါဟာ လူ ၁၀၀ မှာ ဆိုင်ကယ် ရှစ်စီးနှုန်းဖြစ်နေပြီး အစီးရေ ငါးသိန်းနီးပါး ရောက်လာတဲ့ ကား အရေအတွက်နဲ့ နှိုင်းယှဉ်ရင်လည်း ၁၀ ဆလောက် များနေတာ တွေ့နိုင်ပါတယ်။

ဒီအခါ ဆိုင်ကယ်ကြောင့် ဖြစ်တဲ့ မတော်တဆမှု များမှာ အသေအချာပါပဲ။

လမ်းပေါ်မှာသွားတဲ့ စက်တပ်ယာဉ်တွေထဲမှာ ဆိုင်ကယ်ဟာ အန္တရာယ်အများဆုံး ယာဉ် ဆိုတာကိုလည်း ဘယ်သူကမှ မငြင်းကြပါဘူး။ လမ်းဆိုးရင်၊ ရာသီဥတုဆိုးရင်၊ လမ်းပေါ်မှာ ခွေး၊ ဆိတ်၊ ကျွဲနွား တစ်ကောင်ကောင်နဲ့ တိုက်မိရင်ပဲဖြစ်ဖြစ် အရက်မူးလို့ပဲ ဖြစ်ဖြစ် မတော်တဆမှု ဖြစ်နိုင်ခြေ ရှိပါတယ်။ လမ်းပေါ်ပြေးနေတဲ့ ကား၊ ဘတ်စ်ကား၊ သုံးဘီး၊ မော်တော်ဆိုင်ကယ် အချင်းချင်းနဲ့လည်း တိုက်မိခိုက်မိ မတော်တဆ ဖြစ်နိုင်ပါတယ်။ မတော်တဆ ဖြစ်ပြီဆိုတာနဲ့ နှစ်ဘီးအပေါ်မှာ ရပ်တည်ထားတဲ့ ဆိုင်ကယ်တွေ လဲတာချည်းပါပဲ။ ဆိုင်ကယ် အရှိန်နဲ့ လဲတဲ့အခါ စီးလာတဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရမှာကတော့ အသေအချာပါပဲ။ ဒီအထဲ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းရင်၊ ဆောင်းထားတဲ့ ဦးထုပ်က လုံခြုံမှု မရှိတာမျိုးဆိုရင် ဦးခေါင်းနဲ့ လမ်း၊ ဒါမှမဟုတ် မာကျောတာ တစ်ခုခုနဲ့ ဆောင့်မိပြီး အသက် သေ ဆုံးနိုင်တယ်ဆိုတာ အထူးပြောဖို့တောင် မလိုပါဘူး။ ဒါဆိုရင် ပြည်သူအများစုဟာ ကိုယ့်အသက်ဘေး အန္တရာယ်အတွက် ဘာကြောင့် ဆိုင်ကယ်စီးတဲ့အခါ လုံခြုံရေးဦးထုတ် မဆောင်းကြသလဲ မေးစရာ ရှိလာပါတယ်။

ပြဿနာ အရင်းခံက အရင်စစ်အစိုးရ ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့တဲ့ အစိုးရအပေါ် ပြည်သူတွေရဲ့ အမုန်း တရား၊ အစိုးရက တိုင်းသူပြည်သားတွေကို ပညာပေး စည်းရုံးနိုင်မှု မရှိတဲ့ အချက်တွေအပေါ် အခြေခံပါ တယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင်ခေတ်က စစ်အစိုးရ အာဏာပိုင် တွေဆို ပြည်သူ အားလုံး မုန်းတီးကြပါတယ်။ သူတို့ ထုတ်တဲ့ အမိန့်အာဏာ ဟူသမျှ လိုက်နာကျင့်သုံး လိုစိတ် မရှိကြပါဘူး။ အဲဒီအထဲမှာ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဆောင်းဖို့ မေးသိုင်းကြိုး တပ်ထားဖို့ဆိုတဲ့ စည်းကမ်းလည်း ပါပါတယ်။ ပထမ တစ်ချက်ကတော့ ပြည်သူတွေဟာ သူတို့ မုန်းတီးတဲ့ အာဏာပိုင်တွေက ထုတ်ပြန်တဲ့ အမိန့် စည်းကမ်းမို့လို့ မလိုက်နာချင်တာပါ။

နောက်တစ်ချက်ကတော့ ယာဉ်ထိန်းရဲတွေရဲ့ ပြုမူဆောင်ရွက်ပုံပါ။ ယာဉ်ထိန်းရဲတွေဟာ ဦးထုပ် မဆောင်းတဲ့ ပြည်သူတွေကို ဦးထုပ်ဆောင်းလာအောင် ပညာပေးတာ အဓိက လုပ်ရမယ့်အစား ဦးထုပ် မဆောင်းရင် ဖမ်းမယ်၊ အဖမ်းမခံရင် အကြမ်းဖက်ပြီး ဖမ်းမယ်၊ မိရင် ငွေညှစ်မယ်၊ ဒဏ်ရိုက်မယ် စသဖြင့် လုပ်လေ့ရှိတာကြောင့် ပြည် သူတွေဟာ ဦးထုပ်မဆောင်းချင် ဖြစ်ခဲ့ရတာပါ။ နောက်ဆုံး တစ်ချက် ကတော့ ပြည်သူတွေအနေနဲ့ ပညာရေးစနစ်ထဲကနေ ဦးထုပ်ဆောင်းတာဟာ ကိုယ့်အတွက်၊ ကိုယ့် အသက်အန္တရာယ် လုံခြုံရေး ဖြစ်ပါလားဆိုတဲ့ အခြေခံအသိဉာဏ်လေးလောက်တောင် ရမလာတာကြောင့် လို့ သုံးသပ်နိုင်ပါတယ်။

မြန်မာနိုင်ငံလိုပဲ ဆိုင်ကယ်အသုံးများတဲ့ အိမ်နီးချင်း ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် နိုင်ငံတွေကိုသွားကြည့် လိုက်ရင် ဆိုင်ကယ်စီး ပြည်သူအများစု လုံခြုံရေးဦးထုပ် အသေအချာ ဆောင်းကြတာ တွေ့နိုင်ပါတယ်။ ဦးထုပ်မဆောင်းရင် ရဲက ဖမ်းမယ် ဆိုတာမျိုးထက် ဒါဟာ ကိုယ့်အသက်အန္တရာယ် ကာကွယ်ရေးအတွက်၊ ကိုယ့် လုံခြုံရေးအတွက် ဆောင်းရတာပါလား ဆိုတာကို အစိုးရက ကောင်းကောင်း ပညာပေးထားနိုင် တာကြောင့် ဖြစ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ဆိုင်ကယ် မတော်တဆမှုကြောင့် တစ်နှစ် လူဘယ်နှစ်ယောက် သေဆုံးရသလဲ ဆိုတာ တိကျတဲ့ စာရင်းရဖို့ မလွယ်ပါဘူး။ သေစာရင်းကို မှန်မှန် ကန်ကန်မကောက်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတဲ့ ဒီ ဆိုင်ကယ် မတော်တဆမှု ပြဿနာ၊ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းတဲ့ ပြဿနာ မြန်မာနိုင်ငံမှာ အတော်ကြီးပါတယ်။ ဒီ ပြဿနာ ပြေလည်ဖို့ အဓိက လုပ်ရမှာက အစိုးရနဲ့ အဖွဲ့အစည်းအမျိုးမျိုးဟာ ပြည်သူတွေ လက်ခံ နားလည်လာအောင် ပုံစံအမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်နဲ့ ပညာပေးဖို့ပါပဲ။ ပြည်သူကို စည်းရုံးဖို့ပါပဲ။ တဆက်တည်း လုံခြုံရေးအရ အားကိုးအား ထား ပြုလို့ရနိုင်မယ့် ဆိုင်ကယ်စီးဦးထုတ်တွေ ဈေးနှုန်း သင့်တင့်စွာနဲ့ အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဉ် ဆောင်ရွက်ပေးဖို့ပါပဲ။ ဒါမှသာ ဆိုင်ကယ် မတော်တဆမှုတွေကြောင့် လူအသေအပျောက် များနေ တဲ့ ပြဿနာ လျော့နည်းသွားနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List