Thursday, April 30, 2015

အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာထုတ်


ကျောက်တော်နှင့်ပလက်ဝနယ်စပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၉ ရက်နေ့ တွင် ကြေညာချက် ထုတ်၍တောင်းဆိုလိုက်သည်။
အဆိုပါကြေညာချက်တွင် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့မှစတင်ဖြစ်ပွား နေသည့်အဆိုပါတိုက်ပွဲ ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ အတည်တကျနေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွား ရေးဆိုင်ရာ ကိစ္စရပ်များအား အဆင်ပြေစွာဆောင်ရွက်နိုင်ရေးကို အစိုးရအနေအဖြင့် အဆောတလျင် စီစဉ်ပေးရန် ပါတီက တောင်းဆိုထားသည်။

“ကျွန်တော်တို့ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်တဲ့အချိန်အခါမှာ ပြည်သူတွေဟာ အခက်အခဲအမျိုးမျိုး နဲ့ ဒုက္ခဖြစ်နေ ကြတယ်ပေါ့လေ။ အဲဒီဒုက္ခရောက် နေတဲ့သူတွေကို ပိုပြီးလုံခြုံမှုရှိစေချင်ပါတယ်။ တိုက်ပွဲ ဖြစ်ရင် လည်းဖြစ် ပေါ့လေ။ ပြည်သူတွေတော့ အခုလိုဒုက္ခမရောက်စေချင်ဘူး”ဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဉ္စရာသို့ပြောသည်။

ဆက်လက်၍ အဆိုပါကြေညာချက်တွင် အပြစ်မဲ့ပြည်သူများကို သံသယနှင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင်စိုးရိမ်သောကရောက်နေကြောင်း သိရှိရ သည့်အတွက် ဒေသ အာဏာပိုင်များအနေဖြင့် အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန် လည်း ဖော်ပြထားသည်။

“အပြစ်မဲ့ပြည်သူတွေကို သံသယနဲ့ဖမ်းဆီးတယ်၊ နှိပ်စက်တယ်ဆိုတာ ကိုတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒုက္ခရောက် နေတဲ့ပြည်သူတွေရှိတဲ့နေရာတွေဆီ ကွင်းဆင်း သွားရောက် ပြီးတော့မှ သူတို့တွေဆီကတဆင့်ကြားရပါတယ်”ဟု  ဦးဖိုးမင်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် အခက်အခဲများစွာကိုရင်ဆိုင်နေရသည် ကိုလည်း ပါတီအနေဖြင့် အလွန်ပင် စိုးရိမ်မိသည်ဟု ပါတီ၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ယင်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်းအလဲ ပိုမိုပီပြင်လာစေရေး အတွက် ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း တွင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းဖြင့်အမြန်ဆုံး ဖြေရှင်းပေးကြရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Narinjara

No comments:

Post a Comment

My Blog List