ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တယ်လို့ ကြေငြာလိုက်တဲ့ အခါမှာ ဦးသိန်းစိန်အစိုးရဟာ နှစ်နဲ့ချီ လျစ်လျူရူထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို ဖွင့်ပေးလိုက်တာကို တွေ့ရပါတယ်။ သည်နေရာမှာ ကျနော်တို့ဟာ မည်သည့် သော့ချက် သဘောတရား တခုကို သင်ယူမိလိုက် နိုင်ပါသလဲ။
ဒါပေမယ့် ကျနော်တို့ဟာ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်း ဖြစ်ပေါ်လာတာနဲ့ မိမိဘက်က ဖိအားပေးနိုင်တဲ့ ခွန်အားကို လျှော့လိုက်ရမှာ၊ ရပ်လိုက်ရမှာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်း ဖြစ်ထွန်းခြင်း ဆိုတာထက် ခြိမ်းခြောက်ဖိအားပေးမှုကို လုပ်ဆောင်နိုင်ခြင်းက အရင်းပဓာန များစွာ ပိုကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်ဟာ မိမိ အတိုက်အခံ ဒီမိုကရေစီ သမား ကနေပြီး အာဏာရှင်အပေါ် မည်ရွေ့မည်မျှ အကြပ်ကိုင်ဖိအားပေးထားနိုင်သလဲဆိုတဲ့အချက်အပေါ် မှာပဲ အဓိက မူတည်နေလို့ ဖြစ်ပါတယ်။
သည်နေရာမှာ ကျနော်ဟာ စေ့စပ်ညှိနှိုင်းမှုဆိုတာနဲ့ ပတ်သက်လို့ အတိုက်အခံတွေအနေနဲ့ နည်းစနစ်ပိုင်း ဆိုင်ရာမှာ မသိမဖြစ် အရေးကြီးတဲ့ အကြောင်းအချက် တွေကို တင်ပြသွားပါမယ်။ စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်း ဆိုတာဟာ လုံးလုံး ရုန်းထွက်မရ ပိတ်မိသွားနိုင်တဲ့၊ မိမိဘက်က ကျရှုံးသွားစေနိုင်တဲ့ ကျော့ ကွင်းထောင်ချောက်တွေ အတော်ကြီးကို ရှိနေပါတယ်။
ပထမဦးဆုံး စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းကို လျှောက်ပြီဆိုတာနဲ့ ဒီမိုကရေစီရေး အတိုက်အခံတွေဟာ အာဏာရှင်အုပ်စုဟာ သူ့ဘာသာသူ ဥာဏ်အလင်းရပြီး နေရာကနေ ဖယ်ပေးလိမ့်မှာပဲ ဆိုတဲ့ အကောင်း ဘက် မျှော်လင့်ချက်မျိုးကို လုံးဝ ဖျောက်ထားရပါမယ်။ “သူ့ဘာသာသူ” လို့ မိမိက မျှော်လင့်လိုက်တာနဲ့ မိမိမှ ဆက်တိုက်ဖိအားပေးမှသာ ပန်းတိုင်ကို ရွှေ့နိုင်လိမ့်မယ်၊ ငါတို့ဟာ ဒူးလောက်တင်မှ ရင်လောက်ကျနိုင်လိမ့် မယ် ဆိုတဲ့ မိမိကိုယ်ကို အမြဲမပြတ် သတိပေး နှိုးဆော်ဖို့ရန် ကိစ္စကို ပျက်ကွက်မိပါလိမ့်မယ်။
optimism (အကောင်းဘက်ကို နှလုံးသွင်း မျှော်လင့်ခြင်း)ဟာ အတိုက်အခံဟာ မရစဖူး အတွေ့အကြုံ အသစ်၊ မတွေ့ ကြုံစဖူး လူအသစ်တွေနဲ့ ဆက်ဆံရတဲ့ အခါမှာ အလွယ်တကူကျရောက်သွားနိုင်တဲ့ ပထမဆုံး ထောင်ချောက်ပါ။ (ဂျင်းရှပ်ရဲ့ “အာဏာရှင်စနစ်မှသည် ဒီမိုကရေစီ ဆီသို့” နောက်ဆုံးတည်းဖြတ် မှု အခန်း(၂)မှာ လေ့လာနိုင်ပါတယ်။)
ဒုတိယ ထောင်ချောက်က လက်တွေ့နဲ့ မနီးစပ်သလောက် ဖောက်ပြန်မှု အဂတိတရား လမ်းကြောင်းဖက်ကို တိမ်းညွတ်ဖို့ လွယ်ကူစေတဲ့ win-win (နင်လည်းနိုင် ငါလည်းနိုင်) အမြင်ဦးတည်ချက် ဖြစ်ပါတယ်။ နင် လည်းနိုင်၊ ငါလည်းနိုင် ဆိုတာတော့ ဟုတ်ပါရဲ့။ ခက်တာက တကယ့် သဘော အစစ်အမှန်ဟာ “နင်လည်း ယူ ငါလည်းယူ”၊ ဒါမျိုးဟာ ပြည်သူလူထု အတွက် ပိုမိုဆိုးဝါးစေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အာဏာကို ဝေစုခွဲ သလို လုပ်လို့ မရပါဘူး။ Separation of Powers ဆိုတာ အာဏာ လုပ်ပိုင်ခွင့်ကို ခွဲထုတ် ကန့် သတ် ခြင်း ဖြစ်ပါတယ်။
win-win ဆိုတဲံ အမြင်ဦးတည်ချက်ဟာ သည်လို နိုင်ငံရေး ဒဿန အခြေခံ သဘောတရားမှာ လွဲမှားနေရုံမျှ တင်မက ဆိုးဝါးတဲ့ တစ္ဆေကောင်ကြီး တကောင် ပူးနေတာမျိုးပါ။ အတိုက်အခံဟာ ‘နို်င်ပြီ’ ဆိုတဲ့ အသိမှား ကြီး တခုကို ရင်ဝယ် ပိုက်မိလိုက်တယ်။ သည်မှာတင် နောက်ထပ် စွန့်စားမှုတွေ ၊ တဖက်ကို ဆက်လက် ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ကို မေ့လျော့ ပျက်ကွက်သွားတတ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေး မှုတွေမှာ နှစ်ဦးနှစ်ဖက် ကျေနပ်သဘောတူမှုကို ရယူနိုင်ခြင်း (compromise) ဟာ နိုင်ငံရေးသ မားကောင်းတွေမှာ မရှိမဖြစ် လိုအပ်တဲ့ အဓိက အရည်အချင်းပါ။ ဒါပေမယ့် တရားမျှတမှုဆိုင်ရာ အခြေခံ အကျဆုံး ကိစ္စတွေမှာ နှစ်ဦးနှစ်ဖက်ကြားက မျှတသော အလယ်ဆိုတာ မရှိပါဘူး။
လက်ရှိ အနေအထားလိုဟာမျိုး စစ်တပ်က ဗမာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နိုင်ရေး၊ ထိန်းချုပ်ရေးဥပဒေတွေ ဆက်လက် ဖြစ်ပေါ်နေစေရေး ဆိုတာမျိုး ပြည်သူတို့၏ လွတ်လပ်ခြင်း ကို အခြေခံကနေ စော်ကားရိုက်ချိုးထားတဲ့ ကိစ္စမျိုးတွေမှာ compromise ဆိုပြီး တဖက်အာဏာရှင် ကို လျှော့ပေးလို့ မရပါဘူး။ ပြည်သူလူထု၏ အခြေခံအကျဆုံး အခွင့်အရေးတွေကို တိုက်ရိုက်ချိုးဖောက်နေ တဲ့ ကိစ္စတွေဟာ လုံးဝ ဖယ်ရှားပစ်လိုက်ဖို့ ဖိအားပေးမှုကိုပဲ စေ့စပ်ညှိနှိုင်းပွဲမှာ ဒီမိုကရေစီသမားဘက်က ကိုယ်စားလှယ်ဟာ ပြင်းပြင်းထန်ထန် တောင်းဆိုရမှာ ဖြစ်ပါတယ်။ သည်လို တောင်းဆိုဖို့အတွက် အတိုက် အခံဟာ တဖက်အာဏာပိုင်တွေကို ခြိမ်းခြောက် အကြပ်ကိုင်နိုင်တဲ့ ပရိယာယ်တွေ၊ ခွန်အားတွေကို ကြွယ်ဝစွာ စုဆောင်းထားရမှာ ဖြစ်ပါတယ်။
တတိယအချက်က အတိုက်အခံသည် စေ့စပ်ညှိနှိုင်းပွဲဆိုတာကို လှိုက်လှိုက်လှဲလှဲ စိတ်ဝင်စားမှု ရှိ သလောက် တဖက် အာဏာရှင်ဘက်သား တွေဟာ ဒီပွဲတွေ အပေါ်မှာ စေတနာမှန် ထားရှိရည်ရွယ်ပြီး လုပ်ကိုင်လေ့မရှိဘူး ဆိုတာကို သိမြင်မှန်းဆထားဖို့ လိုပါတယ်။ အတိုက်အခံ ကိုယ်စားလှယ်ဟာ အကြမ်းမဖက် ယုံကြည်မှုလက်နက်နဲ့ တိုက်ပွဲဝင်သူ၊ တဖက်အာဏာရှင်ဟာ စစ်အင်အား နဲ့ အကြမ်းဖက် ဖိနှိပ်မှုကို လုပ်ချင်သလို လုပ်နိုင်သူ၊ သည်လို အားချင်းမမျှတဲ့ အခါမှာ အတိုက်အခံ ကိုယ်စားလှယ်ဟာ စေ့ စပ်ညှိနှိုင်းမှုကို အဓိက ထွက်ပေါက်အဖြစ် သတ်မှတ်လိုကြတာချည်းပါပဲ။
ဒါပေမယ့် သည်နေရာမှာ အထူး သတိထားဖို့ လိုတာက အဲသလိုမျိုး အားချင်းမမျှဘူး ဆိုတဲ့ အချက်ကိုက အာဏာရှင်ဟာ မိမိကို ဘာမှ အမှန်တကယ် အလျှော့ပေးလိမ့်မှာ မဟုတ်ဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ် ။ ယျေဘုယျအားဖြင့် မိမိမှာ တဖက်ကို ဖြိုလဲစေနိုင်တဲ့ ‘အား’ မယ်မယ်ရရ မရှိဘဲနဲ့ အာဏာရှင်ဘက် သားတွေ က ခွင့်ပြုကမ်းလှမ်းလာတဲ့ စေ့စပ်ညှိနှိုင်းပွဲတွေ ဆိုတာမျိုးဟာ စိတ်ရင်းစေတနာ မှန်ကန်မှု ရှိဖို့ဆိုတာ လုံးဝ မသေချာပါ။

ဒါကြောင့် ဆွေးနွေးပွဲတွေမှာ မိမိတို့ ဒီမိုကရေစီရေးဘက်ကို ကျေနပ်လောက်စရာ ကတိ တစုံတရာ ပေးခဲ့ မယ်ဆိုရင်လည်း အဲသည် ကတိဟာ အမှန်တကယ် အကောင်အထည် ပေါ်လာလေ့ မရှိသလို နောက်ဆုံး မှာ သူတို့ စိတ်ရှိရင်ရှိသလို ပြန်တောင်ရုပ်သိမ်းသွားတတ်တာ အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ ကျောင်း သားသပိတ် ဖြိုခွဲခံရမှုက သက်သေပါပဲ။
ဒါမျိုး ရည်ရွယ်ရင်းမှန်၊ စေတနာမှန် ဘာဆိုဘာမှ အမှန်တကယ် မရှိဘဲနဲ့ အာဏာကို ချုပ်ကိုင်ထားသူတွေ ဟာ ဘာလို့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ကမ်းလှမ်းတတ်ကြသလဲ။ အာဏာရှင်တွေဟာ ဆန့်ကျင်ဘက် အုပ်စု အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပါတယ်ဆိုပြီး မိမိ ရပ်တည်ချက်၏ တရားဝင်မှုကို အများပြည်သူ နဲ့ နိုင်ငံ တကာ ရှေ့မှောက် ခိုင်မာစေလိုရင်းဟာ အဓိက ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းပွဲတွေဟာ ၄င်းတို့တွင် နိုင်ငံကို အုပ်စိုးပိုင်ခွင့် တရားဝင် အာဏာရှိမှု၊ ၄င်းတို့သည် တရားဝင် အစိုးရ ဖြစ်ကြောင်း ပြသ ခိုင်မာစေလိုခြင်း သက်သက်၊ တနည်းအားဖြင့် အတိုက်အခံ အင်အားစုတွေကို ‘ခုတုံး’ လုပ်ချင်တဲ့ သဘောဟာလည်း အဓိက ရည်ရွယ်ချက် ဖြစ်နေတတ်လေ့ ရှိပါတယ်။
ဧရာဝတီ

No comments:
Post a Comment