Saturday, May 02, 2015

ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုခဲ့သည့်အမှု (၁၃) ကြိမ်မြောက် ရုံးချိန်းတွင် အချိန်သုံးနာရီနီးပါးအထိ အမှုစစ်ဆေး၊၂၀၀၉ ခုနှစ်တွင် တန်ဖိုး ယူရို ၇၃၅၀၀၀ တန် ပုံနှိပ်စက် ပြန်ကြားရေးဝန်ကြီးဌာနက ၀ယ်ယူခဲ့ကြောင်း တရားလိုပြသက်သေ ဦးကျော်ဇင်စိုး ၀န်ခံထွက်ဆို


ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven News ဂျာနယ် တို့အား တရားစွဲဆို ထားသည့်အမှု၏(၁၃) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးမှုတွင် အချိန် သုံးနာရီနီးပါးကြာသည်အထိ အမှုစစ်ဆေး ခဲ့ ကြောင်း သိရသည်။ ထို့ပြင် အဆိုပါအမှုရုံး ချိန်းတွင် တရားလိုပြသက်သေ ဦးကျော်ဇင်စိုးက ၂၀၀၉ ခုနှစ်တွင် တန်ဖိုးယူရို ၇၃၅ç၀၀၀ တန် ပုံနှိပ်စက်အား ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၀ယ်ယူခဲ့ကြောင်း ၀န်ခံထွက်ဆို သွားခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ ရက်က ပုဗ္ဗသီရိတရားရုံးတွင် (၁၃) ကြိမ်မြောက် ရုံးချိန်း၌ The Daily Eleven သတင်းစာနှင့် Weekly Eleven News ဂျာနယ်တို့မှ စွပ်စွဲခံရသူများ၏ အကျိုး ဆောင်ရှေ့နေများက တရားလို ဦးကျော်စိုး၏ တရားလိုပြသက်သေဖြစ်သော ဦးကျော်ဇင် စိုး (ဒုတိယညွှန်ကြားရေးမှူး-စီမံ) အား စွပ်စွဲ ခံထားရသူများ၏ အကျိုးဆောင်ရှေ့နေများ က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြခြင်းဖြစ် သည်။ ထိုသို့ မေးမြန်းရာတွင် တရားလိုပြ သက်သေ ဦးကျော်ဇင်စိုးက တရားလွှတ်တော် ရှေ့နေ ဦးစိုးတင့်ရည်၏ မေးမြန်းမှုကို ဖြေကြား ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၀၉ ခုနှစ်က တန်ဖိုးယူရို ၇၃၅၀၀၀ တန် ပုံနှိပ်စက်ကို ၀ယ်ယူ ခဲ့သည်မှာ မှန်ကန်ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

"ပုံမှန်ဆိုရင် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိ အချိန် နှစ်နာရီ လောက်ပဲ စစ်ပါတယ်။ ဒါပေမဲ့ ဒီရုံးချိန်း မှာ အချိန် သုံးနာရီလောက် ကြာအောင် ထမင်းစားချိန်တောင် မနားဘဲ စစ်ပါ တယ်။ ကြိုတင်လည်း ပြောမ ထားတော့ အသက် ကြီးသူတွေပါလို့ အခက်တွေ့ရတယ်။ ပြီးတော့လည်း အမှုစစ်ဆေးတာ ကြန့်ကြာမှု မရှိအောင်ဆိုပြီး နောက်ရုံးချိန်းတွေကစပြီး တစ်ပတ်တစ်ကြိမ် ရုံးချိန်းချိန်းမယ်လို့ မြို့နယ် တရားသူကြီး ဦးခင်ဝင်းက ပြောပါတယ်။ ဒါ ကြောင့် ကန့်ကွက်သွားမှာပါ" ဟု ကိုဝေဖြိုး (အယ်ဒီတာချုပ်-The Daily Eleven က ပြောကြားသည်။

"အခု တရားစွဲဆိုမှုမှာ မီဒီယာတစ်ခုရဲ့ အရေးကြီးတဲ့ CEO က စပြီး အယ်ဒီတာတွေ ရှိသမျှ ထည့်တရားစွဲ ထားတဲ့ အခါကျတော့ ဒီလိုသာ ရုံးချိန်းကို ကပ်ပြီးဆက်တိုက်စစ်နေ မယ်ဆိုလို့ရှိရင် ဒီလုပ်ငန်းကြီးလုပ်မ ရအောင် လုပ်ငန်းကို ထိခိုက်စေတာပေါ့။ အများပြည် သူရဲ့ ၀န်ဆောင်မှုလုပ်ငန်းကို ထိခိုက်စေတယ် ဆိုတာ ထည့်သွင်းစဉ်းစားပေးသင့်တယ်။ ဒီ အမှုမှာ ရှေ့နေတွေကလည်း မန္တလေးတို့ ရန် ကုန်တို့က လာရတယ်။ အသက်တွေကလည်း ၇၀ တန်းတွေ ကျန်းမာရေးလည်း သိပ်မကောင်းကြဘူး။ အမှုသည်တွေ မှာလည်း အသက် ၆၀ ကျော်တွေ ပါတယ်။ ကျန်းမာရေး မကောင်းသူတွေပါတယ်။ ရပ်ဝေးကလာရ တယ်။ ဒီလို အခြေအနေမျိုးမှာ ဒါတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်မယ်။ ရုံးချိန်းပေး တဲ့နေရာမှာ စဉ်းစားပေး သင့်တယ်လို့ ဒီလိုပဲ မှတ်ချက်ပြုချင်တယ်" ဟု ဒေါက်တာသိန်းမြင့် ၏ အကျိုးဆောင်ရှေ့နေ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့် (မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်) က သုံးသပ်ပြောကြားသည်။

"မှန်ကန်တယ်ဆိုပြီး ပြောလို့မရဘူး။ မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြောင်း အများမြင် စေအောင်လုပ်ရမယ် ။ ပြည်ထောင်စုမြန်မာ နိုင်ငံတော်နှင့် မောင်ရွှေ (ခေါ်) မောင်ရှည်ပါ (၂) စီရင်ထုံးဆိုတာရှိတယ်။ ဒီအမှုက အရေး တကြီးစစ်ရမယ့် အမှုမျိုးမဟုတ်ပါဘူး။ စွပ်စွဲခံ ရသူတွေဘက်က ပျက်ကွက်လို့ တရားစီ ရင် ရေးနှောင့်နှေးခဲ့တာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ ပုံမှန်စစ်နေတာပဲ ဒီလိုအခြေအနေမျိုးမှာ ဒီ အချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ ရုံး တော်က သတ်မှတ်တဲ့အတိုင်းပဲ လုပ်ရမယ်ဆို တဲ့ ဒီလိုပြောခြင်းဟာ တရားမျှတမှုမရှိ ဘူးလို့ ပြောလို့ရတယ်" ဟု ၎င်းင်းက ဆက်လက်သုံးသပ်ခဲ့သည်။

"ရန်ကုန်မြို့ကနေ မိုင် ၂၀၀ ကျော်ဝေး တဲ့ နေပြည်တော်ကို အမှုသွားရောက်ရင်ဆိုင် ကြရပါတယ်။ တရားစွဲတဲ့အခါမှာလည်း ငါး ယောက်အထိ စွဲခံထားရတာဆိုတော့ စွပ်စွဲခံ ရသူတွေအတွက် Right of Defence အရ အကျိုးဆောင်ရှေ့နေတွေ စုံစုံလင်လင် စနစ်တကျ တရားရင်ဆိုင်နိုင်ဖို့ နှစ်ပတ်တစ်ကြိမ် ချိန်းဆိုစေချင်တာပါ။ ဒါမှ အမှုနဲ့ပတ်သက်လို့ သေချာပြင်ဆင်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ အကျိုးဆောင်ရှေ့နေတွေထဲမှာ အသက် အရွယ်ကြီးတဲ့ ၀ါရင့်ရှေ့နေကြီးတွေ ပါဝင်ပါ တယ်။ သူတို့ဟာ ပုံမှန်ဆိုရင် မြို့နယ်တရားရုံး အမှုတွေတောင် လိုက်လေ့ရှိသူတွေ မဟုတ်ပါ ဘူး။ ဦးသိန်းသန်းဦး၊ ဦးကြီးမြင့်နဲ့ ဦးစိုးတင့် ရည်တို့ဟာ မြန်မာနိုင်ငံရှေ့နေများကွန်ရက် မှာ တာဝန်ရှိ လူကြီးတွေပါ။ သူတို့တွေအနေ နဲ့လည်း ရုံးချိန်းတိုင်းမှာ တရားရုံးကို လေးစား သမှုနဲ့ ဥပဒေအတိုင်း ရင်ဆိုင်နိုင်ဖို့ပဲ လုပ် ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲတဲ့သမိုင်းမှာ အခုလို ငါးယောက်အထိ တရားစွဲတာ တစ်ခါမှမကြားဖူးဘူး။ မြန်မာနိုင်ငံမှာ စာနယ်ဇင်းတွေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲရင် သတင်း၊ ဆောင်းပါး၊ ရေးသူ၊ ဒါမှမဟုတ်ရေးသူနဲ့ အယ်ဒီတာချုပ်ကိုပဲစွဲ လေ့ရှိပါတယ်။ အခု ပြန်ကြားရေးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲတဲ့အမှုမှာ ထုတ်ဝေသူတွေ ရော၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ် နဲ့ အမှုဆောင်အယ်ဒီတာအထိ တရားစွဲထားတာပါ။ တကယ်တော့ အမှုကြန့်ကြာတာ ကျွန်တော်တို့ကြောင့် မဟုတ်ပါဘူး။ ပြန်ကြားရေးက ပုဒ်မ ၅၀၀ နဲ့ ငါးယောက်အထိ တရားစွဲတာကို ခွင့်ပြုထားတာကြောင့်ပါ" ဟု ကိုဝေ ဖြိုးက ပြောပါသည်။

ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်း ၏ အမှုကိုင်တွယ်ဆောင်ရွက်ရာတွင် ဖိအား ပေးစစ်ဆေးခြင်းမပြု ဘဲ လွတ်လပ်မျှတစွာ စစ်ဆေးပေးရန်လည်း စွပ်စွဲခံရသူများကိုယ်စား ကိုဝေဖြိုးက ကန့်ကွက်စာကို ၂၀၁၅ ဇန် န၀ါရီ ၈ ရက်က ပေးပို့ခဲ့ဖူးကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်စာတွင် "မိမိတို့တရားစွဲ ဆိုခံထား ရသော အမှုသည် ပုဒ်မ ၅၀၀ ဖြစ်ပြီး ယခုကဲ့သို့ အလျင်အမြန်စစ်ဆေးရန် လိုအပ် သောအမှုမျိုးဟု မိမိတို့မယူဆပါ။ ထို့အတူ မိမိတို့ ရင်ဆိုင်ခဲ့ဖူးသော တရားရုံးများတွင် လည်း ပုဒ်မ ၅၀၀ ကဲ့သို့သော အမှုမျိုးအား နှစ်ပတ်လျှင် တစ်ကြိမ်သာ ပုံမှန်စစ်ဆေးလေ့ ရှိပါသည်။

ထို့ပြင် လူကြီးမင်းအနေဖြင့် တရားရုံး ချိန်းများနှင့်ပတ်သက်၍ နှစ်ဖက်အဆင်ပြေ အောင် ညှိနှိုင်းပေးသော် လည်း လူကြီးမင်း သတ်မှတ်သော ရုံးချိန်းကိုသာ လက်ခံရမည် ဖြစ်ကြောင်း၊ အမှုအား တစ်နေကုန်စစ်၍ ရကြောင်း စသည်ဖြင့် လူကြီးမင်း၏လုပ်ပိုင်ခွင့် ရှိသည့်တရားခွင်အဖြစ် ပြောဆိုသည်မှာလည်း ဥပဒေအား အသုံးပြု၍ တရားစွဲခံထား ရသူများအား ဖိအားပေးရာ ရောက်နေပါ သည်။ ထိုကဲ့သို့ လူကြီးမင်း၏ ပြောဆိုမှု များသည် ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေခြင်းဟု ယူဆပါသည်။

ယခုအမှုဖြစ်စဉ်မှာ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသူ ပြန်ကြားရေးဝန် ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးတစ်ဦး တည်းက ရန်ကုန်မြို့တွင် အလုပ်လုပ် ကိုင်နေ ထိုင်သော မိမိတို့ငါးဦးအား တရားစွဲဆိုသည့် ကိစ္စဖြစ်ပါသည်။ မိမိတို့စွပ်စွဲခံထားရသူများ အနေဖြင့် တရားဥပဒေနှင့် တရားရုံးကို လေး စားသောအားဖြင့် ကိုယ်ရေးကိုယ်တာကိစ္စ များအား ဦးစားမပေးဘဲ အခြားသော အဆင့် မြင့်တရားရုံး ရုံးချိန်းနှင့်ကျန်းမာရေးချို့ယွင်း ၍ ခရီးသွားလာရန် အခက်အခဲရှိသည့် အနေ အထားမှအပ သတ်မှတ်ရုံးချိန်းများတွင် ဥပဒေအတိုင်း လာရောက်လျက်ရှိနေပါသည်။

ထို့အတူ ယခုစွဲဆိုခံထားရသောအမှု အတွက် နေပြည်တော်သို့ ရန်ကုန်မြို့မှ အမှု လာရောက်ရင်ဆိုင်ရသူ များတွင် အသက် ၆၇ နှစ်ကျော် အရွယ်အထိ ပါဝင်သလို ကျန်း မာရေးမကောင်းသူများပါဝင်နေပြီး အကျိုး ဆောင်ရှေ့နေများတွင်လည်း သက်ကြီးဥပဒေ ပညာရှင်များ ပါဝင်နေပါသည်။

သို့ပါ၍ ယခုကဲ့သို့ လုပ်ဆောင်မည်ဆို ပါက ရန်ကုန်မြို့မှ နေပြည်တော်သို့ရုံးချိန်း တိုင်းလာရောက်ရသည့် စွပ်စွဲခံရသူများအ တွက် အမှုသည်နှင့် အကျိုးဆောင်များအကြား အမှုအကြောင်းဆွေးနွေးရန် လုံလောက်သော အချိန်မရရှိသလို အမှုအား မြန်မြန်စစ်ဆေး ရန် ဖိအားပေးရာရောက်နေပါသဖြင့် ထိုကဲ့သို့ ဖိအားပေးစစ်ဆေးခြင်းမျိုးမပြုဘဲ လွတ်လပ် မျှတစွာ ပုံမှန်အတိုင်းစစ်ဆေးပေးပါရန် ကန့် ကွက်တင်ပြအပ်ပါ သည်ဟူ၍ ထည့်သွင်းကန့်ကွက်ခဲ့သည်။

"ကျွန်တော်တို့ တရားသူကြီးဦးခင်ဝင်း ကို ကန့်ကွက်စာပို့ဖူးပါတယ်။ အဲဒီစာကို ပြည် ထောင်စုတရားသူကြီး ချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေအ ပါအ၀င် မိတ္တူပေးပို့ခဲ့ပါတယ်။ ဒီစာနဲ့ပတ် သက်ပြီး အဲဒီတုန်းက ဒက္ခိဏခရိုင်တရားသူ ကြီး ဦးအေးလွင်က ခေါ်ယူတွေ့ဆုံလို့ သွား ရောက်ရှင်းပြ ခဲ့ပါတယ်။ ပြီးတော့ အမှုကို ပုံ မှန်အတိုင်း နှစ်ပတ်တစ်ကြိမ် ပြန်စစ်နေလို့ တရားသူကြီး ဦးခင်ဝင်းအပေါ် ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာစေလိုမှု မရှိကြောင်းလည်း ပြော ကြားခဲ့သလို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်" ဟု ကိုဝေဖြိုးက ပြောပါသည်။

ယခုအမှု၏ ပထမဆုံး ရုံးချိန်းအား ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းက အမှုကို လက်ခံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းက ဦးဆောင်ညွှန် ကြားရေးမှူးက တရားလိုလုပ်၍ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။ ထို့အပြင် ငါးဦးအထိ တရားစွဲဆိုသောကြောင့် ပုဒ်မ ၅၀၀ ဖြင့် လူအများဆုံး တရားစွဲဆိုခြင်းအား ခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် အဆိုပါပုဗ္ဗသီရိတရားရုံးတွင်ပင် သံတော်ဆင့်ဂျာနယ်အယ်ဒီတာချုပ်မှ ဖြန့်ချိရေးဝန်ထမ်းအထိ စုစုပေါင်း ၁၁ ဦးကိုလည်း ပြန်ကြားရေးက သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုမှုကိုလည်း လက်ခံ စစ်ဆေးလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List