Wednesday, April 29, 2015

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ပန်ဆန်းဆွေးနွေးပွဲ


အစိုးရတပ်မတော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့များ တက် ရောက်မည့် ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးတွင် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းရေးဆိုသည့် သဘောထားကို တင်ပြဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ရည်ရွယ်နေကြောင်း ပြောကြားသည်။
‘‘အစည်းအဝေးနောက်ဆုံးမှာ ခေါင်းဆောင်တွေ၊ လူကြီး တွေ ဆွေးနွေးပြီးပြီဆိုရင် သဘောတူညီချက် တစ်ခု ထုတ်ပြန်နိုင်ဖို့ ရည်မှန်းထားတယ်။ ထုတ်နိုင် မယ်၊ မထုတ်နိုင်ဘူးကတော့ အခု မဆွေးနွေးရသေးလို့ မပြောနိုင် သေးဘူး။ အဓိကကတော့ NCA နှင့် ပတ်သက်ပြီးတော့ပါပဲ။ ကျွန် တော်တို့ကတော့ တိုက်ပွဲတွေ အားလုံးကို ရပ်တန့်စေချင်တယ်’’ ဟု UWSP/UWSA ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့်က ပြော သည်။

မြန်မြန်ဆန်ဆန်နှင့် တိုင်း ပြည်ငြိမ်းချမ်းရေး၊ ဒေသငြိမ်းချမ်း ရေးကို ဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း ဦးအောင်မြင့်က ပြောသည်။

‘‘တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ပန်းခမ်း မြို့တွင် တွေ့ ဆုံဆွေးနွေးပွဲ’’ စုစု ပေါင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့သာ ကန့်သတ် ဖိတ်ခေါ်ပြီး မေလ ၁ ရက်မှ စတင် ကာ သုံးရက်ကြာပြုလုပ်မည့် ပန် ဆန်းအစည်းအဝေးတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ- တပ် မတော် (UWSP/UWSA)၊ အစိုးရ နှင့် တိုက်ပွဲဖြစ်ပွားလျက် ရှိသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)၊ တအာင်န်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)တို့ ပါဝင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ မွန်ပြည်သစ် ပါတီ  (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)နှင့် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မ တော်- မိုင်းလားတပ်ဖွဲ့(NDAA) တို့ ပါဝင်ကြမည်ဖြစ်သည်။

‘‘ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သွားမယ်ဆိုရင် နိုင် ငံရေးဆွေးနွေး ဖို့ လိုတယ်။ တစ်ဖွဲ့ချင်းအမြင်ကို တင်ပြဆွေးနွေးကြတဲ့အခါ KNU ရဲ့သဘောထား က တော့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်။စစ်ရေးနည်းနဲ့ဖြေရှင်းတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ အဖြေလည်းမထွက်နိုင်ဘူးဆိုတာကို ဆွေးနွေးမယ်’’ ဟု ပန်ဆန်းအစည်းအဝေးသို့ တက်ရောက်မည့် ကရင်အမျိုးသားအစည်းအရုံး (KNU)  အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူး ဝင်းက ပြောသည်။

ဆက်လက်ပြီး NCCT ဒုတိယခေါင်းဆောင်လည်း ဖြစ်သည့် ဖဒိုစောကွယ် ထူးဝင်းက ‘‘အဓိက ကတော့ ငြိမ်းချမ်းရေးကို ဘယ် လိုဖော်ဆောင်မလဲ ဆိုတာကို ဆွေးနွေးကြမယ်လို့ ဖိတ်စာအရ တွေ့ရ တယ်။ အခုငြိမ်းချမ်းရေး ကို ဖော် ဆောင်မယ်ဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့်
 နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေဆီသွားမယ်ဆိုတာကို ဆွေး နွေးဖြစ်ကြမယ်’’ ဟု ပြောသည်။

လာမည့်သောကြာနေ့ ပန်ဆန်းအစည်းအဝေးကို ကရင် အမျိုးသားအစည်းအရုံး (KNU)ဒုဥက္ကဋ္ဌ နော်စီဖိုး ရာစိန်၊ အထွေအထွေအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်း ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် မည်ဖြစ်ကြောင်း ကေ အင်န်ယူဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ သည်။

တစ်ချိန်တည်းမှာပင် KIO/KIA၏ ထိပ်သီးခေါင်းဆောင်များ ဖြစ်သော ကေအိုင်အို ဥက္ကဋ္ဌ ဇောင်းဟရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ၊ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်တို့ တက်ရောက်ကြ မည်ဖြစ်ကြောင်း အတည်ပြု ထားသည်။

ပန်ဆန်းအစည်းအဝေးသည် NCCTလမ်းစဉ်မှဖယ်၍ သွားနေကြောင်း ဝေဖန်မှုများရှိနေသော် လည်း ယခုပန်ဆန်းအစည်းအဝေး ကြောင့် NCCTအစည်းအဝေး အပေါ် သက်ရောက်မှုမရှိကြောင်း ကေအိုင်အေ ဒုစစ်ဦးစီးချုပ်က ဆို သည်။ ပန်ဆန်းအစည်းအဝေးက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မည်မျှ အရေးကြီးသလဲ ဆိုသည်နှင့်ပတ်သက်၍ ‘‘ဘယ် လောက် . . . ဆိုတာထက် အရေးပါတယ်လို့ ပြောချင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုမျိုးအစည်း အဝေးကို ‘ဝ’ ဒေသမှာ ပထမဦးဆုံးကျင်းပတာဖြစ်ပြီး ‘ဝ’ အဖွဲ့က အိမ်ရှင်အဖြစ် တာဝန်ယူတာ ဖြစ်ပါတယ်’’ဟု NCCT ဒုတိယခေါင်း ဆောင် ဗိုလ်ချုပ် ဂွန်မော် ကပြော သည်။

ကေအိုင်အို/ကေအိုင်အေ အနေဖြင့် ပန်ဆန်းအစည်းအဝေး တွင် အဓိကဆွေးနွေးဖြစ်မည့် အကြောင်း အရာနှင့်ပတ်သက်၍ အထူးတလည်ပြင်ဆင်သွားခြင်း မရှိဘဲ အစီအစဉ်အရသာ ဆွေး နွေးဖြစ်မည်ဟု ဆိုသည်။

UWSP/UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်၏ အဆိုအရယခုအစည်းအဝေးကို ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကြံပေးချက်အရ UWSP/UWSAက လက်ခံကျင်းပခြင်းဖြစ် သည်ဟု ဆိုသည်။ လက်ရှိနိုင်ငံ ရေးအခြေအနေ၊ ငြိမ်းချမ်းရေး၊အပစ်အခတ်ရပ်စဲရေးတို့ကို ဆွေးနွေးကြရန် ရည်ရွယ် ထားကြောင်း UWSP/UWSAက ပြောထားသည်။  အစိုးရတပ်မတော်နှင့် ကိုးကန့် MNDAAအကြား တိုက်ပွဲ များ ဖေဖော်ဝါရီကတည်းက စတင်ခဲ့ပြီးလက်ရှိအချိန်အထိ ပြင်းထန်လျက် ရှိနေချိန်တွင် MNDAA အဖွဲ့ကို ပန်ဆန်းအစည်းအဝေးတက် ရောက်ရန် ဖိတ်ကြားထားပြီး MNDAAကလည်း တက်ရောက်မည်ဟု အကြောင်းပြန်ထားကြောင်း၎င်းက အတည်ပြုထား သည်။ ထို့အပြင် ယခုပန်ဆန်း အစည်းအဝေး ကျင်းပရန် အတွက် ပြီးခဲ့သည့် မတ်လကတည်းကပင် မြန်မာအစိုးရထံသို့ သတင်းပို့ထားပြီး အစိုးရကလည်း လက်ခံ ထားသည်ဟု UWSP/UWSAက ဆို သည်။

အစိုးရက ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိရာ အစိုးရ ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ယင်း ၁၆ ဖွဲ့ကိုတာဝန်ခွဲယူမှု ပြုထားရာ UWSA၊နာဂ NSCN - K၊ မိုင်းလား - NDAA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ - SSPP တို့နှင့် ပတ်သက်၍ UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ဆောင်ရွက်နေခြင်း ဖြစ်သည်။

‘‘ပန်ဆန်းပွဲဟာ အပြုသဘောဆောင်တဲ့ ကောင်းတဲ့ဘက်ကို ဦးတည်မယ်လို့ မျှော်လင့်ပါ တယ်။ ‘ဝ’ဟာ UWSAအနေနဲ့ ၂၅နှစ်လောက် အပစ်ရပ်ပြီး ဒေသ ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့တယ်။ သူ့အနေနဲ့ အိမ်နီးနားချင်း နဲ့ပဲ ဖြစ်ဖြစ်၊ကျန်တိုင်းရင်းသားတွေနဲ့ပဲဖြစ်ဖြစ် ပိုကောင်းတဲ့ဘက်ကို လုပ်မယ်လို့ ယူဆပါတယ်’’ ဟု မြန် မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦးလှမောင် ရွှေက ပြောသည်။

ယခင်ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုင်ဇာ ထိပ်သီးညီလာခံ၊ လော်ခီး လာ ထိပ်သီးညီလာခံများသို့ တက်ရောက်ဆွေးနွေးမှုမရှိခဲ့သည့် UWSA၏ ဌာနချုပ်တွင်ပြုလုပ်မည့် ယခု အစည်းအဝေးသည် NCA မူကြမ်းကို နောက်ဆုံးအကြိမ်သုံးသပ်မှုပြုကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအားလုံးပါဝင်သော ထိပ်သီးညီလာခံမတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပန်ဆန်းအစည်းအဝေး မတိုင်မီ ဧပြီနောက်ဆုံးပတ်၌ NCCT၏ မျက်နှာစုံ ညီတွေ့ဆုံပွဲ ကျင်းပရန်ရှိနေပြီး ပန်ဆန်း အစည်းအဝေးအပြီးမေလလယ်တွင် NCCT ထိပ်သီးညီလာခံကျင်းပမည်ဟု ဆိုထားသည်။ တစ်နှစ်နှင့် ငါးလကြာတိုင်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့အကြားတစ်ခု တည်းသော NCAမူကြမ်းရရှိရေးအတွက် ညှိနှိုင်းခဲ့ကြပြီးနောက် ၂၀၁၅ မတ်လ ၃၁ ရက်သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် NCCT နှင့်  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (UPWC) တို့လက်မှတ်ရေးထိုးခဲ့ကြသည့် NCAနောက်ဆုံးမူကြမ်းကို အားလုံးပါ
ဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် သုံးသပ်ကြကာ NCA စာချုပ် လက်မှတ်ရေးထိုးပွဲအတွက် ဆုံးဖြတ်ချက်ချကြရန် စီစဉ်ထားကြသည်။

ပန်ဆန်းဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းမခံရသော အစိုးရ၏ ဆွေးနွေးဖက် အဖွဲ့များမှာ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA-5)၊ ကရင့်အမျိုး သားလွတ်မြောက်ရေး တပ်မ တော် -ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊  နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ဖြစ်ကြသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘၀’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) အစရှိသည့်အဖွဲ့တို့လည်း ဖိတ်ကြား ခြင်းမခံရဟု ဆိုသည်။

မေလ၁ရက် အစည်းအဝေး ပြုလုပ်မည့် ပန်ဆန်း (ပန်းခမ်း)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့ခြောက်မြို့ အနက် ဌာနချုပ်မြို့တော်ဖြစ် သည်။ မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်တန်းနှင့် ချိုင့်ဝှမ်းများ ထူထပ်မတ် စောက်သော ဒေသတွင် တည်ရှိ သည်။

UWSAကို မြန်မာနိုင်ငံရှိ အကြီးဆုံးနှင့် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြသည်။ 

 မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်သော Myanmar Peace Monitor၏ ခန့်မှန်းခြေစာရင်း အရ ‘ဝ’ စစ်တပ်အင်အားမှာ ၂၀,၀၀၀မှ ၂၅,၀၀၀ကြားရှိသည်။ အခြားစစ်တမ်းများ ကမူ အင်အား သုံးသောင်းခန့်ရှိ သည်ဟု ခန့်မှန်းထားကြသည်။

၁၉၉၃ မှ ၂၀၀၇ခုနှစ်ကြား၁၄နှစ်ကြာ လုပ်ငန်းစဉ်ဖြစ်သည့် စစ်အစိုးရ၏ အမျိုးသားညီလာခံ ကို ‘ဝ’က တက်ရောက်ခဲ့ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ် လာသည့်အခါ ၎င်းတို့အတွက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းကို အစိုးရက ထည့်သွင်းရေးဆွဲခဲ့ သည်။

၂၀၀၉ တွင် အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းဖွဲ့စည်းခိုင်း သည့်အခါ ဆက်ဆံရေး တင်းမာခဲ့သည်။

ယင်းနောက် သမ္မတဦးသိန်းစိန်လက်ထက်တွင် နှစ်ဖက် အပစ်အခတ်ရပ် စဲရေးလက်မှတ် ပထမဆုံးရေး ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အဖြစ် ၂၀၁၁စက်တင်ဘာ ၆ ရက်တွင် ရေး ထိုးခဲ့သည်။ လက်ရှိအချိန် တွင်‘ဝ’ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် တောင်းဆိုထားပြီး အစိုးရဘက်က လက်ခံခြင်း မရှိသေးပေ။

UWSP/UWSAသည် NCCTအဖွဲ့ဝင်မဟုတ်သကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်း စုဖြစ်သော ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်း မဟုတ်ပေ။

7Day daily

No comments:

Post a Comment

My Blog List