Monday, April 27, 2015

NCA တွင် လက်မှတ်ရေးထိုး၊ မထိုး ပန်ဆန်း ဆွေးနွေးပွဲတွင် KNU ဆုံးဖြတ်မည်


ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA)တွင် လက် မှတ်ရေးထိုးမည့် ကိစ္စအား “၀ပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းတွင် ပြုလုပ် မည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံတွင်သာ ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှသတင်း ရရှိ သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့ သဘောတူ လက်မှတ်ရေးထိုးထားသည့် NCA စာချုပ်မူကြမ်းနှင့် ပတ်သက်၍ KNU ဌာနချုပ်ရှိရာ လေးဝါးတွင် KNU ဗဟို ကော်မတီဝင်များက ယခုလ (၂၀) ရက်နေ့မှစ၍ လေးရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
KNU စာချုပ်မူကြမ်းကတော့ အားလုံး ဆွေးနွေး ပြီးသွားပြီ။ လက်မှတ်ထိုး မထိုးကိစ္စ ကတော့ ပန်ဆန်း ဆွေးနွေးပွဲမှာပဲ KNU ခေါင်းဆောင်တွေ ဆုံးဖြတ်ပါ လိမ့်မယ်။ ပန်ဆန်း ဆွေးနွေးပွဲကို ကျွန်တော်တို့ KNU အဖွဲ့အနေနဲ့ တက်ရောက် ဆွေးနွေး သွားမှာပါ ဟု KNU ဗဟို အလုပ်မှုဆောင် ဗိုလ်မှူးစောရော်ဂျာခင်က ပြောသည်။

မေလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံသို့ တက်ရောက်ရန် UWSA က NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကို မဖိတ်ကြားဘဲ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့ကို သာ ဖိတ်ကြား ထားကြောင်း UWSA ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က မီဒီယာများကို ပြောကြား ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် အတွက် NCCT နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့သည် ရန်ကုန်မြို့၌ တရားဝင် ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲ ခုနှစ်ကြိမ် တိုင်တိုင် ကျင်းပခဲ့ ပြီးနောက် NCAစာချုပ်မူကြမ်းအား နှစ်ဖက် ခေါင်းဆောင် များက အကြို သဘော တူညီကြောင်း လက်မှတ်ရေးထိုးနိုင် ခဲ့သည်။ အဆိုပါ NCA စာချုပ် မူကြမ်းအား ယခု ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံတွင် ဆွေးနွေး ညှိနှိုင်း သွားမည် ဖြစ်သည်။

ထို့ပြင် အဆိုပါ ပန်ဆန်း တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ပြီးစီးပါက NCCT အဖွဲ့ဝင် အားလုံးနှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင် နိုင်သည့် တိုင်းရင်းသား လက်နက် ကိုင် ညီလာခံ တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း NCCT မှ သိရသည်။

Messenger News Journal

No comments:

Post a Comment

My Blog List