Tuesday, April 28, 2015

“ကျောင်းသား သပိတ် လှုပ်ရှားမှု တခုလုံးကို Story အနေနဲ့ ပြတာ”


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မန္တလေးမြို့မှ လက်ပံတန်းမြို့အထိ လမ်းလျှောက် ဆန္ဒပြခဲ့သည့် ကျောင်းသားသပိတ် အစအဆုံး ခရီးစဉ်ကို ရိုက်ကူးထားသော မှတ်တမ်း ဓာတ်ပုံပြပွဲ ဆက်လက် မပြသရန် တားမြစ်ခံခဲ့ရသည်။
“Documenting Burma’s Long March” အမည်ဖြင့် အဆိုပါ ဓာတ်ပုံပြပွဲကို ဒဂုံမြို့နယ် န၀ဒေးလမ်းရှိ Think ပန်းချီပြခန်း၌ ဧပြီလ ၂၅ ရက်မှ ၂၇ ရက် အထိ ပြသရန် စီစဉ်ခဲ့သော်လည်း ပန်းချီပြခန်း ပိုင်ရှင်က ဆက်လက်မပြ သရန် တားမြစ်လာခြင်းကြောင့် ၂ ရက် ပြသပြီးနောက် ရပ်ဆိုင်းခဲ့ရသည်။

ထိုဓာတ်ပုံပြပွဲကို ကျောင်းသားသပိတ် ခရီးစဉ်တွင် အစအဆုံးလိုက်ပါသတင်း ယူခဲ့ကြသည့် ဧရာဝတီ သတင်းဌာနမှ ဓာတ်ပုံ သတင်းထောက် ကိုဂျေပိုင်၊ ကိုစိုင်းဇော်၊ ကိုသော်ဟိန်းထက်၊ ကိုတေဇလှိုင်နှင့် ကိုလမင်းထွန်း တို့ ၅ ဦး စုပေါင်း ပြသခြင်းဖြစ်ပြီး ပြပွဲတွင် ဓာတ်ပုံ ၃၇ ပုံ ကို ပြသခဲ့ကြောင်း သိရသည်။

နယ်မြေအာဏာပိုင်များ၏ စောင့်ကြည့်မှုကို ခံခဲ့ရသည့်အပြင် ဓာတ်ပုံပြပွဲ ဆက်လက်မပြသရန် တားမြစ်ခံ ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ထိုဓာတ်ပုံပြပွဲတွင် ပါဝင်ရိုက်ကူး ပြသခဲ့သူ တဦးဖြစ်သည့် ကိုဂျေပိုင်ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းခဲ့သည် များကို ဖော်ပြ လိုက်ပါသည်။

မေး။   ။ ဓာတ်ပုံပြပွဲကို သုံးရက် ပြသဖို့ စီစဉ်ထားပြီးမှ နှစ်ရက်နဲ့ ပိတ်လိုက် ရတာ ဘာကြောင့်ပါလဲ။

ဖြေ။   ။ ပြခန်းပိုင်ရှင်ရဲ့ အစ်ကို ဒီကွန်ဒို တခုလုံးရဲ့ ပိုင်ရှင်ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်က ကျနော်တို့ ပြ သနေတဲ့ ဓာတ်ပုံပြခန်းကို ရောက်လာပြီး ကျနော့်ကို လာပြောတယ်။ ပိုင်ရှင်ဘက်က ပြောတာတော့ အာဏာပိုင်တွေဘက်က ဖိအားပေးလို့ မဟုတ်ပါဘူးလို့ ပြောတယ်။ သူတို့မိသားစုက နိုင်ငံရေးတွေထဲမှာ မပါချင်ဘူး။ ဒီလို ပြပွဲလုပ်လို့ ပြခန်း ပိတ်လိုက်ရမှာ ကြောက်တယ်။ ပြခန်းပိုင်ရှင်က ဒီနယ်မြေက အာဏာ ပိုင်တွေနဲ့ ပြဿနာ တက်မှာ ကြောက်တဲ့အတွက် ချက်ချင်းပိတ်ပေးဖို့ တောင်းဆိုတယ်။

ဒါပေမယ့် ကျနော်တို့က ဒီလိုချက်ချင်းပိတ်လို့တော့မရဘူး။ညနေလောက်အထိ ပြဖို့ခွင့်ပြုပါလို့ တောင်းတော့ ချက် ချင်းတော့ ခွင့် မပြုဘူး။ နောက်ပိုင်းမှ ခွင့်ပြုပေးတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ကြောင့် သူတို့ စီးပွားရေး ထိခိုက်မှာကို မလိုလားဘူး။ ဒါကြောင့် သတ်မှတ်ထားတဲ့ သုံးရက်အတိုင်း အပြည့် မပြတော့ဘဲ နှစ်ရက်နဲ့ ရပ်လိုက်တာပါ။

မေး။   ။ ဓာတ်ပုံပြပွဲ မပြသခင်က ပြခန်းပိုင်ရှင်နဲ့ ကိုဂျေပိုင်တို့ နှစ်ဦးနှစ်ဘက် ဘယ်လို သဘောတူညီမှု ရှိခဲ့ပါလဲ။

ဖြေ။   ။ ဓာတ်ပုံပြပွဲ လုပ်မယ်။ ဓာတ်ပုံတွေက ကျောင်းသားသပိတ်နဲ့ သက်ဆိုင်တာတွေ ပြမယ် ဆိုတာကို ကျနော်တို့ ပြခန်းပိုင်ရှင် ကို ပြောပြထားပါတယ်။ နောက်ပြီး နမူနာ ဓာတ်ပုံတချို့ကိုလည်း ပြခဲ့ပါတယ်။ အဲဒီကြားထဲမှာ နယ်မြေထောက်လှမ်းရေး တချို့က ဓာတ်ပုံပြပွဲနဲ့ ပတ်သက်ပြီး ပါမစ် ရထားပြီးသားလား ဆိုတာမျိုး လာမေးတာလောက်ပဲ ရှိတယ်။ ကျန်တာတွေကတော့ ကျနော်တို့နဲ့ ပြခန်းပိုင်ရှင် ကြားထဲမှာ နှစ် ဘက် အဆင်ပြေပြေနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။

မေး။   ။ နယ်မြေ ထောက်လှမ်းရေးတွေ လာဆွေးနွေးတဲ့ အခြေအနေ တချို့ကိုလည်း ပြောပြပေးပါ။

ဖြေ။   ။ ဓာတ်ပုံပြပွဲ မပြသခင်ကတည်းက နယ်မြေ ထောက်လှမ်းရေးတွေက ဒီဓာတ်ပုံပြပွဲက ပါမစ်ရပြီး မှ ပြတာလား ဆိုတာမျိုး ပိုင်ရှင်တွေကို လာပြောတယ်။ ကျနော်တို့ ဓာတ်ပုံပြပွဲ ဖိတ်စာတွေ ဝေလိုက်ပြီး မှ ကျောင်းသားကိစ္စ ပြမယ်ဆိုတာ သိသွားပြီး အခုလို လာမေးတာလို့ ထင်တယ်။ ပိုင်ရှင်တွေဘက်က အခုလို ဓာတ်ပုံပြပွဲလုပ်တာ ပါမစ်တင်လေ့တင်ထ မရှိလို့ မတင်ဘူးလို့ ပြန်ပြော လိုက် တယ်လို့ သိရပါတယ်။

နောက်ပြီး ကျနော်တို့ ဓာတ်ပုံပြပွဲ မလုပ်ခင်တရက် ည ၁၁ နာရီလောက်က အုပ်ချုပ်ရေးမှူး လာကြည့်သေး တယ်။ အခုထိ ဓာတ်ပုံ တွေ မချိတ်သေးဘူးလားဆိုပြီး မေးသွားသေးတယ်။ နောက်ပိုင်း မလာတော့ပါဘူး။ တကယ်ကျင်းပတဲ့နေ့ မနက်ပိုင်းမှာ နယ်မြေ ထောက်လှမ်းရေးက ဓာတ်ပုံတွေ လာကြည့်ပြီး ဓာတ်ပုံတချို့ ကို နေရာရွှေ့ခိုင်းတာလောက်ပဲ လုပ်တယ်။ ဖိအားပေးတာမျိုးတော့ မဟုတ်ဘူး။ တောင်းဆိုတဲ့ သဘော မျိုးလောက်ပါပဲ။ တခြားကိစ္စတွေကတော့ အေးအေးဆေးဆေးပါပဲ။

မေး။   ။ နယ်မြေ ထောက်လှမ်းရေးတွေ ရွှေ့ခိုင်းတဲ့ ဓာတ်ပုံတွေက ဘယ်လို ဓာတ်ပုံမျိုးတွေပါလဲ။

ဖြေ။   ။ လှည်းတန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲမှာ လုံခြုံရေး ရဲတွေက မျက်နှာဖုံးစွပ်ပြီး ဆန္ဒပြနေ တဲ့ ကျောင်းသားတဦးကို ၀ိုင်းရိုက်ကြတဲ့ ဧရာဝတီ ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက် ရိုက်ထားတဲ့ ဓာတ်ပုံ တပုံနဲ့ လက်ပံတန်းမှာ ကျောင်သားသပိတ်ကို ဖြိုခွင်းတဲ့ ရဲတွေက ထွက်ပြေးတဲ့ ကျောင်းသားတဦး ကို အုတ်ခြံစည်းရိုးနားမှာ ၀ိုင်းရိုက်နေတဲ့ ဧရာဝတီ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော် ရိုက်ထားတဲ့ ဓာတ် ပုံတွေကို လူသတိထားမိတဲ့ နေရာကနေ အတွင်းထောင့် နေရာကို ရွှေ့ခိုင်းတယ်။

ကျနော်တို့က Story သဘောအရ ကျောင်းသားသပိတ် စတင်တဲ့ အခြေအနေကနေ ဖြိုခွင်းတဲ့ အခြေအနေ အထိ အဆင့်လိုက် စီ ထားတာ ဆိုတော့ ဓာတ်ပုံရွှေ့လိုက်ရတဲ့ အတွက် နည်းနည်းတော့ သဘောတရား လွဲချော်သွားရပါတယ်။

မေး။   ။ အခုလို နယ်မြေထောက်လှမ်းရေးတွေ ပြပွဲကို လာကြတာ ဘာကြောင့်လို့ မြင်ပါလဲ။

ဖြေ။   ။ တခြားသူတွေလည်း အခုလို ဓာတ်ပုံပြပွဲတွေ လုပ်ခဲ့ပါတယ်။ ကျနော်တို့လည်း အခုလို ဓာတ်ပုံပြပွဲ လုပ်တာပါပဲ။ ဒါပေမယ့် အခုလို နယ်မြေ ထောက်လှမ်းရေးတွေ လာတယ် ဆိုတာက ပြသတဲ့ ဓာတ်ပုံပြပွဲ ရည်ရွယ်ချက်ကြောင့်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုရင် ကျောင်းသားကိစ္စက ပြည်သူစိတ်ဝင်စားမှု အရှိဆုံး အခြေအနေလို့ ပြောရမယ်။ ကျနော် တို့က ကျောင်းသား သပိတ် လှုပ်ရှားမှု တခုလုံးကို Story အနေနဲ့ ပြတာ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ရင် အစိုးရဘက်ကလည်း အမြင်မကြည်လင်ဆုံး Issue ဖြစ်နေတာလည်း ပါမယ်။ အဲဒီအတွက်ကြောင့်တဘက် က ကျနော်တို့ကို ဖိအားပြန်ပေးတာပဲလား ဆိုတာတော့ စဉ်းစားစရာ ဖြစ်ရတာပေါ့။

မေး။   ။ အခုကိစ္စမှာ ဓာတ်ပုံပြပွဲ ဆက်လက် မပြသနိုင်အောင် သက်ဆိုင်ရာက သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးတယ်လို့ ထင်ပါသလား။

ဖြေ။   ။ သူတို့တွေ နောက်ကွယ်မှာ ဘယ်လိုတွေ ပြောဆိုကြလဲဆိုတာ မသိရတဲ့အတွက် သက်ဆိုင်ရာက ဖိအားပေးလား ဆိုတာ ကိုတော့ ကျနော်ပြောလို့ မရပါဘူး။ ပိုင်ရှင်ကို မေးကြည့်တော့လည်း အာဏာပိုင်က ဖိအားပေးတာ မဟုတ်ဘူးလို့ဘဲ ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို သွားပြောလို့ မရဘူး။ ပိုင်ရှင်ရဲ့ စိုးရိမ်ကြောင့်ကြမှုကြောင့် ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါမယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List