Thursday, April 30, 2015

လန်ဒန်ဆရာတော်၏ ပုဒ်မ ၂၉၅ (က) အမှုနှင့်ပတ်သက်၍ ပြင်ဆင်မှုတင် သွင်းရာ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာ


လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော်ငါးပါးအား တိုင်းသာသနာရေး မှူးက စွဲဆိုထားသည့် အမှုနှစ်ခု အနက် ပုဒ်မ ၂၉၅ (က)အား ချေဖျက်ပေးရန် အတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဧပြီ ၂၉ ရက်က ပြင်ဆင်မှုတင်သွင်းခဲ့ရာ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ ကြားနာ ခဲ့ကြောင်း သိရသည်။
သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅(က) အား ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေ သကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ ငြင်းဆိုခဲ့သောကြောင့် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ယခုကဲ့သို့ ပြင် ဆင်မှု တင်သွင်းခဲ့ကြောင်း သိရသည်။

လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော်ငါးပါးနှင့် တရားလွှတ်တော်ရှေ့နေများမှာ ဧပြီ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားရာတွင် “ဘုန်းကြီးတို့ကို သာသနာတော်ညှိုးနွမ်းအောင် လုပ်တယ် ဆိုတာက ဘုန်းကြီးတို့ ကိုယ့်ကျောင်းကိုယ်နေတာကို ဘာကြောင့်များ သာသနာတော်ကို ညှိုးနွမ်းအောင် လုပ်တယ်ဆိုတဲ့ဟာ ကိုယ့်ကိုယ်ကိုယ်တောင်မှ မသိဘူး ဖြစ်နေတဲ့ဟာမျိုး၊ တရားစွဲဆိုတဲ့ ဦးစိန်မော်ဟာ အစိုးရ၀န်ထမ်းလည်း ဖြစ်တယ်။ သူ့ကိုခိုင်းတဲ့ မဟန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ သာသနာရေးဦးစီးဌာနက ၂၀/၉၀ နဲ့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာလို့ ၂၀/၉၀ နဲ့ အရေးယူပါ လို့ ပြောထားတဲ့ကိစ္စမှာ ဒီ ၂၀/၉၀ တင်မကဘဲနဲ့ သူ့သဘောအရ ဘုန်းကြီးတို့ကို ပုဂ္ဂိုလ်ရေးရာအ ရ နောင်ကြဉ်သွားအောင်၊ ထောင်ချလိုက်မယ်၊ လူချွတ်လိုက်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးရာအရကို လုပ်တဲ့ အတွက်ကြောင့် တရားဥပဒေဘောင်ကို ကျော်လွန်နေတယ်လို့ ထင်တယ်။ ၀န်ထမ်းတွေဟာ တရား ဥပဒေကို ဘောင်ကျော်ပြီးတော့ ကိုယ်ထင်ရာ ကိုယ်လုပ်နေတယ်ဆိုရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ဘာမှရှိမှာ မဟုတ်ဘူးဆိုတာ ဘုန်းကြီးတို့ သက်သေပြလိုတဲ့အတွက် ဒီနေ့ ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှာ လာရောက်ပြီး အမှုကို ချေဖျက်ပေးဖို့ လျှောက်ထားတောင်းပန်တဲ့ သဘောပါ” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

တရားလွှတ်တော်ရှေ့ ဦးစိုးစိုးကျော်က “ဆရာတော်တွေအတွက် အမှုတွေကို ချေဖျက်ပေးဖို့ လျှောက်လဲ ရတာပါ။ ဆရာတော်တွေရဲ့ သိက္ခာတရားတွေ၊ သာသနာတော်နဲ့ ပတ်သက်တဲ့ အကြောင်းတရားတွေအ တွက် ကျွန်တော်တို့ လုပ်ရတာပါ။ စွဲထားတဲ့ အမှုကတော့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အပေါ်မှာပါ။ သူတို့စွဲထားတဲ့ ကိစ္စတွေက အမှုစွဲခံထားရတဲ့ ဆရာတော်တွေ ပြုလုပ်တယ်လို့ မပေါ်ပေါက်ဘူး။ စွပ်လည်း မစွပ်စွဲနိုင်ဘူး။ ဒါကို ကျွန်တော်တို့ မူလရုံးမှာရော၊ တိုင်းတရားရုံးမှာရော တင်ပြတယ်။ နှစ်ခုလုံးကတော့ ပယ်တယ်။ ဒီအတိုင်းပဲ ဆက်စစ်နေတယ်။ ဒီမှာတော့ စွပ်စွဲခံရတဲ့ ဆရာတော်တွေ အမည်လည်းမပါဘူး။ သူတို့လည်း ဒီဆရာတော်တွေ ကျူးလွန်ခဲ့တယ်၊ ဒီဟာတွေကို ပြုလုပ်ခဲ့တယ် မပြောနိုင်ဘူး။ သူတို့ရဲ့ တရားဝင် လက်မှတ်ထိုးပြီး တရားစွဲထားတဲ့ အမှုထဲမှာ မရှိပါဘူး။ သူတို့လည်း မတင်ပြနိုင်တဲ့ ကိစ္စကို ဒီအမှုကို ဆက်စွဲနေမယ်ဆိုရင် ကျွန်တော်တို့ သာသနာအတွက်လည်း မကောင်းဘူး။ ဆရာတော်တွေ အတွက်လည်း မကောင်းဘူး။ ပြည်သူတွေအတွက်လည်း မကောင်းဘူးပေါ့ဗျာ။ အဲဒါကြောင့် ဒီအမှု ကို ချေဖျက်ပေးဖို့ တင်ပြတာပါ” ဟု ပြောကြားသည်။

လန်ဒန်ဆရာတော်မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၊ တိုင်းသံဃနာယကဥက္ကဌ အပါအ၀င် သံဃာအပါး ၂၀ အား မတရား တားဆီးကန့်ကွက်မှု၊ မတရား ဖမ်းဆီးချုပ်နှောင်ထားမှု စသည့်ပုဒ်မနှစ်ခုဖြင့် တရားပြန်စွဲမှုကို မြို့နယ်လေးမြို့နယ်မှ တရားသူကြီးများက ပြန်လည်ပယ်ချခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းများနှင့် မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်းများအတွက် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ သာသနာရေး ဦးစီးဌာနတို့ထံမှ နစ်နာကြေးအဖြစ် ဒေါ်လာငါးသန်း တောင်းဆိုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ ဦးစိန်မော်က ဆရာတော် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးတေ ဇိန္ဒ၊ ဦးသုန္ဒရသီရိနှင့် ဦးနန္ဒိယတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် တရားစွဲဆိုထားသော အမှုဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List