Tuesday, April 28, 2015

တရားဥပဒေစိုးမိုးရေး စင်တာများ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်ရှိဟုဆို


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီနှင့် UNDP တို့ ပူးပေါင်း၍ ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော တရားဥပဒေ စိုးမိုးရေးစင်တာများတွင် လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်များရှိနေကြောင်း အဆိုပါကော်မတီ အတွင်းရေး မှူး ဦးဝင်းမြင့်က The Voice သို့ ပြောကြား သည်။
ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခွဲတွင် ပြု လုပ်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။

“အခု ဖွင့်လှစ်ထားပြီးဖြစ်တဲ့ မန္တလေးနဲ့ လားရှိုးက တရားဥပဒေစိုးမိုးရေး စင်တာတွေမှာ အားနည်းချက်၊ အားသာချက်တွေကို ပြန်သုံးသပ်နေတယ်။ အဲဒါတွေ သုံးသပ်ပြီးမှ နောက်ဆက်ဖွင့်ဖို့ စဉ်းစားရမှာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက် အားသာချက်များကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ တရားဥပဒေစိုးမိုးရေး စင်တာများသည် တရားရေး အဖွဲ့အစည်း များ ဖြစ်သည့် တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေအရာရှိများနှင့် ရဲများကို စွမ်းရည်မြှင့်တင် မည် ဖြစ်ပြီး EU မှ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချမည် ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီက ထုတ်ပြန်ကြေ ညာထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ် အတွင်းတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။

ယင်းကော်မတီက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် မန္တလေးနှင့် လားရှိုးမြို့ တို့တွင် တရားဥပဒေစိုးမိုးရေး စင်တာများကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဖွင့် လှစ်ခဲ့သည်။

သို့သော်လည်း အဆိုပါ တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ရေးနှင့် လုပ်ငန်း လည်ပတ်ရေးတွင် အစိုးရ ဝန်ကြီးဌာန အချို့၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဝင်များက ထုတ်ဖော်ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List