Thursday, April 30, 2015

၂၀၁၅ သမ္မတလောင်း ရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံမည့်ပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်း စုကြည် ပါဝင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ ဧပြီလ ၂၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ChungEui-hwa နှင့် တွေ့ဆုံရန်အတွက် တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းကဲ့ သို့ ပြောကြားခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Yonhap သတင်းဌာနတွင် ဖော်ပြထား သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပုံရိပ်ရှိသူ ဖြစ်ပြီး ပုဂ္ဂလိကအမြင်အရ မြန်မာနိုင်ငံ သမ္မတလောင်း ရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် Yonhap သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တွေဟာ ပြဿနာတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက် အမြင်ကနေ ချဉ်းကပ်တာ ထက် တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားကနေ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်” ဟု ဦးခင်အောင်မြင့် က ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် ဒုတိယ အကြိမ် ရွေးကောက်ပွဲဖြစ်ပြီးတိုင်းပြည်အတွက်အလွန်အရေးကြီးပြီး ရွေးကောက်ပွဲကျင်းပချိန်နှင့် ရွေးကောက် ပွဲလွန် ကာလများသည် တည်ငြိမ်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် ဆန္ဒရှိခြင်းကို ကြို ဆိုသော်လည်း သမ္မတအရည်အချင်း ကန့်သတ်ချက်က တားမြစ်ထားသောကြောင့်အခြေခံဥပဒေ ပြင် ဆင်ရေးသည်သာ အဓိကကျကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြား သည်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုဆန္ဒရှိတာကို ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမဲ့ အခြေခံ ဥပဒေ မပြင်ပဲနဲ့တော့ မရနိုင်ဘူးလေ” ဟု ၎င်းကဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် ပုဒ်မ ၅၉ (စ) အရ သမ္မတအဖြစ် ဝင်ရောက်အရွေးချယ်ခံနိုင်မည် မဟုတ်ပေ။

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်း သားခေါင်းဆောင်တစ်ဦး ပါဝင်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ဒုတိယပတ်အတွင်း ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ထပ်မံပြုလုပ်ရန် သဘောတူညီခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List