Tuesday, February 17, 2015

White Card ကိုင်ဆောင်သူများ မဲပေးခွင့် အခြေခံဥပဒေနှင့် မညီဟု အခြေခံဥပဒေခုံရုံး ဆုံးဖြတ်


အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူသည့် ဥပဒေတွင် ပြဋ္ဌာန်း ခဲ့သော ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူများ မဲပေးခွင့်မှာ တည်ဆဲဥပဒေအချို့ အပါအဝင် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကအကြောင်းကြားလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် White Card ကိုင်ဆောင်သူများမဲပေးခွင့်ရရှိရေး ပြည်ထောင် စု လွှတ်တော်က ပြဋ္ဌာန်းလိုက်ခြင်းကို အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဆုံးဖြတ်ပေးရန် အခြေခံဥပဒေ ခုံရုံးသို့ ပေးပို့ထားမှုကို ခုံရုံးက အထက်ပါအတိုင်း ပြန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မဲပေးခွင့်သည် အခြေခံဥပဒေပါ ပုဒ်မ ၃၉၁ အရ နိုင်ငံသား အရည်အချင်း ရှိသူကိုသာ ရည်ရွယ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ဆိုသည်မှာ ကာလအပိုင်းအခြားတစ်ခုအတွက် ထုတ်ပေး ထားခြင်း ဖြစ်သောကြောင့် စိစစ်မှုခံယူရဦးမည် ဖြစ်ကြောင်း၊ ယင်းကြောင့် ၂၀၀၈ အခြေခံဥပဒေ ပြင် ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းချက်သည် တည်ဆဲဥပဒေအပါ အဝင်တည်ဆဲဥပဒေ အချို့နှင့် ညီညွတ်မှုမရှိကြောင်း ခုံရုံး၏ ပြန်ကြားချက်တွင် ပါရှိသည်။

ခုံရုံး၏ ပြန်ကြားချက်အပေါ် မူတည်၍ ယင်းဥပဒေပါ ကိစ္စရပ်ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တာဝန်ယူ လုပ်ဆောင်ပေးရ မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။

ယင်းဥပဒေသည် အတည်ပြုကြောင်း ကြေညာပြီးသည့် နေ့မှစ၍ အစိုးရ အပေါ် ဝေဖန်မှုများ ပြင်းပြင်းထန် ထန် ဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့၏ တင်ပြချက်အချို့ကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌက ခုံရုံးသို့ ပေးပို့ဆုံးဖြတ်စေခဲ့ခြင်း ဖြစ်သည်။

ယာယီသက်သေခံလက်မှတ်များကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက် ဥပဒေ၊ နည်းဥပဒေများအရ ထုတ်ပေးထားခြင်း ဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်ကို မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက်နေပြီ ဖြစ်၍ ယင်းလက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်လိုက်ကြောင်း ဖေဖော် ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် သမ္မတ၏ အမိန့်တွင် ပါရှိသည်။

အဆိုပါ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှု ခံယူခြင်း တို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပြီး လက်မှတ်များကို မေလ ၃၁ရက်နေ့ နောက် ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သမ္မတ၏ အမိန့်တွင် ထပ်မံပါရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List