Wednesday, February 18, 2015

ရွေးကောက်ပွဲ ကော်မရှင် ပြန်ဖွဲ့ဖို့ ဘာလို့တောင်းဆိုကြတာလဲ


အခုရက်ပိုင်း နိုင်ငံခြားကလာတဲ့ ဧည့်သည်တွေ၊ အိုင်အင်န်ဂျီအိုတွေနဲ့တွေ့ အစည်းအဝေးတွေ၊ ဝပ်ရှော့တွေ အကြိမ်ကြိမ်လုပ်နဲ့ အလုပ်များနေတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ဥက္ကဋ္ဌ ဦးတင်အေး တို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာပြီမို့ မေးချင်တာရှိတာမေး၊ ကတိတောင်းချင်တာရှိ တောင်း ရအောင်လာပြီးတွေ့ကြတာပါ။
ဒီကြားထဲ နိုင်ငံသားတချို့ရဲ့ လက်ရှိရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန် လည် ဖွဲ့စည်းပေးဖို့ တောင်း ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကလည်း ပေါ်ပေါက်နေ ပါတယ်။ အဲဒီတောင်းဆိုမှုကို အကြောင်းပြုပြီး အစိုးရ ပိုင် မြန်မာ့အလင်း သတင်းစာကလည်း ဆောင်းပါး တစ်ပုဒ် ဖော်ပြလာပါတယ်။

ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖွဲ့ဖို့ ဘာလို့တောင်းဆိုနေကြတာပါလဲ၊ အစိုးရ သတင်းစာမှာ ဘာတွေဖြေရှင်းထားပါသလဲ၊ လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ကော်မရှင်အသစ် ပြန်ဖွဲ့ဖို့ ဖြစ်နိုင် မဖြစ်နို င်ဆွေးနွေးသုံးသပ် ကြည့်ရအောင်။

နိုင်ငံတစ်နိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်မှုရှိတယ်၊ မရှိဘူး အချက်ခြောက် ချက် လောက်နဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ (၂) ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေ၊ (၃) ရွေးကောက်ပွဲ ကော်မရှင်၊ (၄) ရွေးကောက်ပွဲဖြစ်စဉ်၊ (၅) ရွေးကောက်ပွဲ ကျင်းပတဲ့ အ ခြေအနေ၊ (၆) ရွေးကောက်ပွဲပြီးနောက်ရလဒ်ကို ဘယ်လို အကောင်အထည်ဖော်သလဲဆိုတာတွေ ဖြစ်ပါ တယ်။ ဒါကိုကြည့်ရင် ရွေးကောက်ပွဲ ကော်မရှင်ဆိုတာဟာ အချက်နံပါတ်(၃) တတိယမြောက်အရေးပါတဲ့ အချက်ဆိုတာ တွေ့ရမှာပါ။ ဒီနေ့ အဲဒီအချက်ကို အဓိက ဇောင်းပေးပြောဆိုကြည့်ပါမယ်။

ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပါတီနဲ့ အမတ်လောင်းတွေ ပြိုင်ကြဆိုင်ကြတဲ့ ပြိုင်ပွဲလို့ ယေဘုယျ ပြောနိုင် ပါတယ်။ ဘယ်ပါတီ အနိုင်ရမလဲ၊ ဘယ်သူတွေ အရွေးခံရမလဲ မှန်ကန်မျှတတဲ့ အဖြေထွက်အောင် ပြည် သူ တွေက ရွေးချယ်ပေးရမှာဖြစ်ပြီး ကော်မရှင်ဆိုတာကတော့ အဲဒီပွဲကြီး မျှမျှတတ၊ လွတ်လွတ်လပ် လပ်၊ ကောင်းကောင်း မွန်မွန်ဖြစ်အောင် ကျင်းပပေးရတဲ့ ဒိုင်လူကြီးသဖွယ် ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံ ဖြစ်နေပုံကိုကြည့်ပါ။ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ မတိုင်ခင် နိုင်ငံကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တွေကအုပ်ချုပ်ပါတယ်။ ၂ဝဝ၈ မှာ ကိုယ့်ဘာသာကိုယ် စိတ် ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြုပြီး ၂ဝ၁ဝ မှာ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပါ တယ်။ အထက်မှာဖော်ပြထားခဲ့တဲ့ အချက်တွေနဲ့ တိုင်းတာရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ၂ဝဝ၈ ဖွဲ့စည်းပုံ ကို အခြေခံပြီး ကျင်းပတာ၊ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကျင်းပတာအပြင် ကော်ရှင်ဥက္ကဋ္ဌအဖြစ် စစ်ဗိုလ်ချုပ်တစ်ယောက်ကိုခန့်၊ ကော်မရှင်အ ဆင့်ဆင့်ကိုလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ပဲ ဖွဲ့စည်းပေးလိုက်တဲ့အတွက် အတော်လေးကို မမျှတမှုတွေ ဖြစ် ပွားစေခဲ့ပါတယ်။

အကြောင်းကတော့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပြည်ခိုင်ဖြိုး ပါတီဆိုတာဟာ စစ်အာ ဏာရှင်တွေ အမိန့်အာဏာနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးကို အမွေဆက်ခံရယူခဲ့တဲ့ ပါတီ ဖြစ် နေတာ၊ ပါတီခေါင်းဆောင် အားလုံးလိုလိုလောက်ဟာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေ တာကြောင့် ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်မယ့် ပါတီကြီးတစ်ခုဝင်ပြိုင်မယ့် ရွေးကောက်ပွဲ ကို စစ်ဗိုလ် ချုပ်ဟောင်းတစ်ယောက်က ဦးဆောင်ပြီး စစ်ဗိုလ်ဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ ရွေးကောက် ပွဲကော်မရှင် အဆင့်ဆင့်က ဒိုင်လူကြီးသဖွယ် ကျင်းပပေမယ်ဆိုတော့ တရားမျှတမှု ရှိမလား၊ မရှိဘူးလား ဆိုတာ ဗေဒင် တောင်မေးရမယ့်ကိစ္စတစ်ခု မဟုတ်ပါဘူး။ တကယ်လည်း အဲဒီ ရွေးကောက်ပွဲမှာ တိုင်းပြည် မှာ အင်အား အကြီးဆုံးလို့ဆိုနိုင်တဲ့ အတိုက်အခံ အင်န်အယ်လ်ဒီပါတီ ဝင်ပြိုင်လို့မဖြစ်အောင် ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဒုက္ခပေးခဲ့ပါတယ်။

နောက်ဆုံးကုန်ကုန် အင်န်အယ်လ်ဒီ ဝင်မပြိုင်တော့တဲ့အခါ ခါတော်မီပေါ်လာတဲ့ အင်န်ဒီအက်ဖ်ခေါ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက အဓိကပြိုင်ဘက်အနေနဲ့ ဝင်ပြိုင်ပါတယ်။ ငွေရေးကြေးရေးကြောင့် အမတ်လောင်းစာရင်းသွင်းနိုင်သူ နည်းတာမို့ ပွဲလှအောင် အလံရှူး လုပ်ပေးနေတဲ့ မြန်မာအီးဂရက်စ်လို အဖွဲ့က  NDF အမတ်တွေ ဝင်ပြိုင်နိုင်ရေး ငွေကြေးထောက်ပံ့ပေးတာမျိုးတောင် လုပ်ခဲ့ရပါတယ်။

ဒီလောက်ဆို ဇာတ်ကအတော်နာနေပါပြီ။ ဒါပေမဲ့ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။ ရွေးကောက် ပွဲမှာ မဲဆန္ဒနယ်မြေစုစုပေါင်း ၁,၁၅၉ နေရာရှိတဲ့အနက် အလံရှူးတွေ ငွေကြေးထောက်ပံ့ပေးထားရတဲ့NDF ပါတီဟာ ၁၆၃ နေရာလောက်မှာပဲ ဝင်ပြိုင်နိုင်ပါတယ်။ မဲဆန္ဒနယ်မြေ အားလုံးရဲ့ ၁ဝ ပုံတစ်ပုံပဲ ရှိတာပါ။ ဒီလောက်ဆို အားလုံးနိုင်သွားရင်တောင် ဘာမှဖြစ်မလာ နိုင်တဲ့အခြေအနေမို့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မှန်မှန်ကန်ကန် မျှမျှတတ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် လွဲ ရ လောက်အောင်ကို ရွေးကောက်ပွဲကော် မရှင်ဟာ နည်းပေါင်းစုံနဲ့ မသမာမှုတွေ၊ မမျှတမှုတွေ လုပ်ခဲ့ပါ တယ် ။ ဒါကြောင့် နောက်ဆုံး နိဂုံးချုပ်လိုက်တဲ့အခါ NDF ပါတီဟာ အမတ်စုစု ပေါင်း ၁၆ ယောက်ပဲ ရွေး ချယ်ခံခဲ့ ရပါတယ်။ တစ်နည်းပြောရရင် ရွေးကောက်ပွဲကော် မရှင်ဟာ NDF ကို အဲလောက်ပဲ အနိုင်ရအောင် ဖန် တီးပေးခဲ့တာလို့ ပြောရင်ရနိုင်ပါတယ်။ ဒီရလဒ်နဲ့ပတ်သက်ပြီး စစ်အာဏာရှင်တွေကို လော်ဘီလုပ်ပေး ခဲ့တဲ့ အီးဂရက်စ် ခေါင်းဆောင် ဒေါက်တာနေဝင်းမောင်ကတောင် အံ့အားသင့်ပြီး သူတို့ ချောတိုင်တက်မိ တာပဲ၊ ဒီတစ်ကြိမ် လျောကျလည်း နောက်တစ်ကြိမ် ကြိုးစားတက်ပါဦးမယ်ဆိုပြီး ပြောယူရတဲ့အဆင့် အထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဆိုင်ကြမှာက စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ ပါတီပါ။ ဒိုင်ကတော့ ထုံးစံအတိုင်း ၂ဝ၁ဝ တုန်းကလိုပဲ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်က ဦးဆောင်၊ စစ်ဗိုလ်ဟောင်းတွေနဲ့ အင်ပြည့်အားပြည့် ဖြည့်ထားတဲ့ ကော် မရှင် အဆင့်ဆင့်ပါ။ ဒါဟာ တရားမျှတမှုကို ဖြစ်စေမလားဆိုတာ ကလေးလူငယ်တွေကတောင် သိ နေကြ ပါတယ်။

ဖေဖော်ဝါရီ ၁၆ အစိုးရသတင်းစာပါ ဆောင်းပါးရှင် ကိုကိုနိုင်ရဲ့ ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်ဖွဲ့ရန် ဘာကြောင့် ပြောနေကြသလဲ ဆိုတဲ့ ဆောင်းပါးမှာတော့ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ ခန့်ထားတာမို့ ကော်မရှင်ပြန်ဖွဲ့ဖို့ တောင်းဆိုနေတဲ့သူတွေ မှားတယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ်။ 

ဥပဒေဖော်ပြချက်ကို တစ်ခွန်းတည်းပြောရရင် သမ္မတက သူခန့်ချင်သူ ခန့်နိုင်တာပါ။ ဒါ မှန်တရား မဟုတ် ပါဘူး။ တရားမျှတမှုကို မဖြစ်ပေါ်စေပါဘူး။ ဒါပေမဲ့ ဒီကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင် အဆင့်ဆင့် ဆက်ပြီးရှိ သင့် မသင့်ကတော့ အဓိကပြိုင်ပွဲဝင်မယ့်သူတွေအပေါ် မူတည်ပါတယ်။ ဒီနေ့အချိန်ထိ အတိုက်အခံ အင်န် အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြောင်းပေးဖို့၊ ကော်မရှင် ပြန် ဖွဲ့ပေး ဖို့ တောင်းဆိုတာမရှိပါဘူး။ ဒါကြောင့် လာမယ့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲ့ အပြောင်းအလဲ ဖြစ်ဖို့တော့ မြင်ရဖွယ် မရှိပါဘူး။

ဒါပေမဲ့လည်း ဒါဟာရွေးကောက် ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးလိမ့် မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List