Friday, February 20, 2015

ကျောင်းသားသပိတ်နှင့် ပတ်သက်၍ ဆရာတော် အရှင်ဆန္ဒာဓိက၏ သဘောထားအမြင်


ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် စစ်ကြောင်းများနှင့် ပတ်သက်၍ ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက၏ သဘောထားအမြင်ကို မေးမြန်းလျှောက်ထားရာ ဆရာတော်က ‘မေတ္တာတရားဖြင့်သာ ငြိမ်းချမ်းစွာ ပြီးဆုံးစေသင့်ကြောင်း’ မိန့်ကြားတော်မူသည်။
ဆက်လက်၍ ဆရာတော်က ...

ကျောင်းသားတွေက တက်ကြွစွာ ချီတက်ကြတယ်။ ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုကြတယ်။ အာဏာ ပိုင်တွေက ဝမ်းမြောက်စွာ ခွင့်ပြုကြရုံပါပဲ။ အဲဒီလို နိုင်ငံ့ကောင်းကျိုးအတွက် သုံးပွင့်ဆိုင် တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက်ကြမယ်ဆိုရင် သပိတ်ပွဲက အရမ်းလှပြီး ဘယ်လောက်များ ကျက်သရေ ရှိလိုက်မလဲ ။ နိုင်ငံအတွက်လည်း အကြီးအကျယ် ကောင်းကျိုး ဖြစ်ထွန်းသွားမှာပဲ။

အနာဂတ်ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကျောင်းသား လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားမှု၊ နိုင်ငံ တိုးတက် လိုစိတ် ထက်သန်မှုကို နိုင်ငံ့ခေါင်းဆောင် အားလုံးကရော၊ နိုင်ငံသား အားလုံးကပါ အထူးဝမ်းမြောက်စွာ နဲ့ ကျေကျေနပ်နပ်ကြီးကို အားပေးသင့်ပါတယ်။

ကျောင်းသားတွေရဲ့ အောင်ပွဲဟာ နိုင်ငံတော်ရဲ့ အောင်ပွဲဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ငါတို့ အောင်မြင်သွားပြီဆိုတဲ့ ခံစားချက် အခိုင်အမာ စွဲမြဲသွားအောင်၊ တစ်နည်းအားဖြင့် အောင် စိတ်မြဲမြံ သွားအောင် ကျောင်းသားတွေရဲ့ စိတ်ဆန္ဒအတိုင်း ရည်မှန်းရာ လမ်းဆုံးပန်းတိုင်အထိ ချီတက်ခွင့် ပြုစေချင် ပါတယ်။

ကျောင်းသားတွေ အောင်မြင်တာကို ငါတို့ ရှုံးနိမ့်တယ်လို့ မယူဆစေချင်ပါဘူး။ မိဘဆိုတာ သားသမီးတွေ အပေါ် အနိုင်အရှုံး တွက်ချက်ရိုး ထုံးစံမရှိဘူးလေ။ အစိုးရဆိုတာ ပြည်သူတွေရဲ့ မိဘပဲ မဟုတ်လား။

ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ငြိမ်းချမ်းစွာ ချီတက်ကြတာ ဖြစ်တဲ့အတွက် ဘာဆူပူလှုပ်ရှားမှု၊ ဘာမငြိမ် မသက်ဖြစ်မှုမှ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ကိုယ့်သားသမီး၊ ကိုယ့်မြေးမြစ်လေးတွေလို့ သဘော ထားပြီး အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ဗဟိုဆုံရပ်အထိ ချီတက်နိုင်အောင် ကြင်နာနွေးထွေးစွာ ကူညီစောင့်ရှောက် သင့်ပါတယ်။

ကျောင်းသားတွေနဲ့ ပြည်သူတွေကြောင့်တော့ ဆူပူအကြမ်းဖက်မှု ဖြစ်စရာအကြောင်း မရှိပါဘူး။ နေ့ စားကြေးယူပြီး ခိုင်းတာလုပ်တဲ့ လူတစ်စုကြောင့်သာ ဆူပူအကြမ်းဖက်မှု ဖြစ်နိုင်တာပါ။ သက်ဆိုင်ရာက အဲဒီလို လူတွေကို အဲဒီလို မခိုင်းဖို့ပဲ အရေးကြီးပါတယ်။ မေတ္တာကြီးကြီးထားပြီး နားလည်ခွင့်လွှတ် ပေး
လိုက်ရင် ကျောင်းသားသပိတ်ဟာ အေးအေးချမ်းချမ်းနဲ့ အမြန်ဆုံး ပြီးဆုံးသွားပါလိမ့်မယ်။

အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ကိုယ့်သားကိုယ့်သမီးအရွယ် ကျောင်းသား လူငယ်တွေကို သားသမီးချင်း ကိုယ်ချင်းစာပြီး အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းကြဖို့ အထူးမေတ္တာရပ် ခံချင်ပါတယ်။ နိုင်ငံမှာ ဒီမိုကရေစီစနစ် အမှန်တကယ် ထွန်းကားစေချင်တယ်ဆိုရင် ဒီမိုကရေစီ ပညာရေး အတွက် ဒီမိုကရေစီ စိတ်ဓာတ်နဲ့ အပင်ပန်းအဆင်းရဲခံပြီး ချီတက်လမ်းလျှောက်ကြတဲ့ ကျောင်းသား ကျောင်း သူတွေကို နိုင်ငံအကြီးအကဲ အားလုံးက ဂုဏ်ယူဝမ်းမြောက်တဲ့စိတ်နဲ့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ကြိုဆို
သင့်ပါတယ်။ ရန်ကုန်မြို့ထဲ ဝင်လာတဲ့ သပိတ်စစ်ကြောင်း ကျောင်းသား၊ ကျောင်းသူတွေကို ဒေသဆိုင်ရာ အကြီးအကဲတွေက အောင်စံပယ် ပန်းကုံးတွေစွပ်၊ အောင်သပြေပန်းစည်းတွေ ကမ်းပြီးတော့တောင် အပြုံး ပန်းတဝေဝေနဲ့ ကြိုဆိုသင့်တာပါ။

ပညာရေး အဆင့်မြင့်ဖို့အတွက် ပညာရေး အစဉ်အလာရှိတဲ့ ရန်ကုန် တက္ကသိုလ်အထိ အပင်ပန်း အဆင်းရဲ ခံပြီး ချီတက် လမ်းလျှောက်တာကိုလည်း ‘နိုင်ငံရေး ယဉ်ကျေးမှုသစ်’ တစ်ခုအဖြစ် အလေးအနက် အသိ အမှတ် ပြုစေချင်ပါတယ်။ ကျောင်းသားတွေရဲ့ စစ်မှန်တဲ့ အဆင့်မြင့်ပညာရေး မျှော်လင့်ချက်ကိုလည်း အပြော နဲ့မဟုတ်ဘဲ တကယ်လက်တွေ့ အကောင်အထည် ဖော်ပေးစေချင်ပါတယ်။ အချိန်မဆွဲဘဲ အမြန် ဆုံးလေးပေါ့နော်။ Do it now ဆိုတဲ့ DIN ကျင့်စဉ်လေး အတိုင်းပဲပေါ့။

ကျောင်းသားတွေရဲ့ နိုင်ငံရေးတက်ကြွတဲ့စိတ်ဟာ နိုင်ငံ့အနာဂတ်အတွက် အားရကျေနပ်စရာ ကြီးပါလား လို့ နိုင်ငံ့အကြီးအကဲ အားလုံးနဲ့ နိုင်ငံသားအားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်စေချင်ပါတယ်။ နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ ကိုယ်စွမ်းနိုင်တဲ့ဘက်က ဝိုင်းဝန်း အားပေးကြရုံပါပဲ။

ကျောင်းသားတွေရဲ့ဆန္ဒ ပြည့်ဝသွားခဲ့ပြီ ဆိုရင်တောင်မှ မူလရည်မှန်းချက်အတိုင်း ရန်ကုန်အရောက် ဆက် လက် ချီတက်တာကို ‘တောင်းဆိုတဲ့ချီတက်ပွဲ’ လို့ မမြင်ဘဲ ‘ကျေးဇူးဆပ်တဲ့ ချီတက်ပွဲ’ လို့ပဲ မြင်စေချင်ပါ တယ်။ မင်္ဂလာရှိသော ချီတက်ပွဲကို မင်္ဂလာရှိသောစိတ်နဲ့ မင်္ဂလာရှိစွာ ခွင့်ပြုလိုက်ရင် မင်္ဂလာရှိသော အစိုးရ၊ မင်္ဂလာရှိသော နိုင်ငံတော်ကြီး ဖြစ်မသွားပေဘူးလားဟု မိန့်ကြားတော်မူသည်။

အရှင်ဆန္ဒာဓိက
The Voice Weekly

No comments:

Post a Comment

My Blog List