Thursday, February 19, 2015

လောက်ကိုင်တိုက်ပွဲတွင် တရုတ်ကြေးစားတပ်များ ပါ/မပါ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရက်သတ္တပတ်ကျော် ကြာမြင့်လာပြီး နှစ်ဘက်အကျအဆုံး များစွာရှိနေသဖြင့် ရက်ပေါင်းကိုးဆယ် စစ်အုပ် ချုပ်ရေး နယ်မြေအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က သတ်မှတ်လိုက်ရသော လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့် အဖွဲ့ဘက်မှ တရုတ် ကြေးစားတပ်များ ပါဝင်မှု ရှိ/မရှိ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်များဘက်က တရုတ်ကြေးစားတပ်များပါ ဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ပေါ်ထွက်နေမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ပါသလားဟု မဇ္ဈိမ က ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မေးခဲ့သည်ကို ''ဒီလို ပြောနေ တာ တွေ (တရုတ်ကြေးစားတပ်တွေ ပါနေတယ်လို့ ပြောနေတာတွေ)ဟာ ဘယ်လောက် တိကျမှန်ကန်သ လဲ၊ ဘယ်လောက် အခြေအမြစ်ရှိသလဲဆို တာ သိအောင်လုပ်ဖို့က အရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ရင် မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်'' ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်တပ်များဘက်မှ ပလောင်တပ် (တအာင်း လွတ်မြောက်ရေး တပ်မတော်) နှင့် ရခိုင်တပ်(AAA) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြစဉ်တွင် ကိုးကန့်တပ် များနှင့် အတူ ကေအိုင်အေပါ ပါဝင်ကူညီ တိုက်ခိုက်လျက် ရှိကြောင်း တပ်မတော် ဘက်က ပြောဆိုနေခြင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ပြည် သူ့ လွှတ်တော် အမတ်ဒေါ်ဒွဲဘူက ''တပ်မတော်ကတော့ ကေအိုင်အေက ကိုးကန့်နဲ့ ပေါင်းတိုက်တယ် ပြော တယ်။ ကေအိုင်အေကတော့ သူတို့မပါဘူးလို့ ပြောတယ်။ ဒါ့အပြင် ကေအိုင်အေက အခုထုတ်ပြန်တဲ့ ကြေ ညာချက်ထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲတဲ့အထိ အားလုံးနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက် သွား မယ်လို့ပါ တယ်။ ဒါကြောင့် ဖြစ်ခဲ့တာတွေကို ပြန်မပြောဘဲ အနုတ် လက္ခဏာဆောင်တဲ့ အဓိပ္ပာယ်မျိုး မပြောဘဲ အပြု သဘောဆောင်တဲ့ စကားမျိုးကိုပဲပြောပြီး ပူးပေါင်းဆောင်ရွက်ကြမှ ကောင်းမယ်လို့ မြင်ပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။

လောက်ကိုင်ဒေသကို ရက်ပေါင်း ကိုးဆယ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ လည်း ဒေါ်အောင်ဆန်းစုကြည်က ''စစ်ရေးအရ လိုအပ်လို့ လုပ်တယ်လို့ ဒီလိုပဲနားလည်တယ်။ ဘာပဲ ပြောပြော ကာကွယ်စောင့်ရှောက်ဖို့ကတော့ တပ်မတော်ရဲ့ တာဝန်ပေါ့လေ'' ဟု ဖြေကြားပြီး စစ်အုပ်ချုပ် ရေးကြောင့် ဒေသခံပြည်သူများ ဒုက္ခရောက်နိုင်သလား၊ တရားဥပဒေ စိုးမိုးရေး ထိခိုက် ပျက်ပြားသွားနိုင် သလားဟု ဆက်မေးသည့် အခါ ''ဒါကတော့ လုပ်ပုံလုပ်နည်းပေါ်မှာ မူတည်တာပေါ့။ ဘယ်လို အုပ်ချုပ်ရေး မျိုးပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကိုတော့ ဖယ်ရှားလို့တော့ဘယ်ရမလဲ၊ တရားဥပဒေ ဘောင်အတွင်းကပဲ လုပ်ရမှာပါ'' ဟု ဖြေကြားသည်။

လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် စစ်အုပ်ချုပ်ရေးကာလ ရက်ပေါင်း ကိုးဆယ်အတွင်း ကြိုးပမ်းကာ ပြန်လည် ထူထောင်နိုင်ရေး အတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဟု ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြော သည်။

''သမ္မတကြီးရဲ ကြေညာချက် စစ်အုပ်ချုပ်ရေးကို ထောက်ခံပါတယ်။ ရက်ကိုး ဆယ်ဆိုတော့ ကိုးကန့် တိုင်း ရင်းသားတွေ ဘက်ကလည်း ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်ရတာပေါ့။ ကျွန်တော်တို့ ကိုးကန့်တိုင်း ရင်းသားတွေက အားလုံး စုစုစည်းစည်းနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီးမှ လုပ်သွားမှသာလျှင် ဒေသတည် ငြိမ် အေးချမ်းရေးအတွက် ပြန်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ၎င်းက ဖေဖော်ဝါရီ ၁၈ ရက် တွင် မီဒီယာကို ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က လောက်ကိုင်ဒေသ ကွပ်ကဲရေးမှူး (ဒကစမှူး)အား အုပ်ချုပ်ရေးဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လွှဲအပ်ပေးပြီးဖြစ်ရာ ထိုဒကစမှူး က ဒေသအုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်လွှဲအပ်ထားပြီး ဖြစ်ကြောင်း၊ ယနေ့ပင် ဒကစမှူးနှင့် ကိုးကန့်တိုင်း ရင်းသားယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံနေကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဦးစီးအဖွဲ့ဝင် များ၊ တပ်မတော်အကြီးအကဲများ၊ ကိုးကန့်လုပ်ငန်းရှင်များ နှင့် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဝင်များ စုစည်းပြီး ဖောင်ဒေး ရှင်းထောင်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ရှင်းပြသည်။

''လွှတ်တော် နာယကကြီးကိုလည်း နည်းလမ်းရှာပြီး လမ်းညွှန်ပေးဖို့ တင်ပြထားပါတယ်''ဟုလည်း လောက် ကိုင်အမတ်က ပြောသည်။

လောက်ကိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီး ဦးကျော်နီနိုင်က ''ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားမှာ ဝင်ပစ် သွားတာမျိုး အစွန်းရောက်တဲ့ လုပ်ရပ်တွေ ကျွန်တော်တို့က လက်မခံပါဘူး။ ဒီလုပ်ရပ်ကိုလည်း လုံးဝကန့် ကွက်ပါတယ်'' ဟု ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်တွင် ကြက်ခြေနီနှင့် သတင်းထောက်များပါ ယာဉ်တန်း အား လမ်းမှပစ်ခတ်တိုက်ခိုက်ခြင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List