Monday, February 16, 2015

ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် 'ကျွန်မ ဖေဖေ' စာအုပ် ထွက်ရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသည့် 'ကျွန်မ ဖေဖေ' အမည် ရှိသော စာအုပ်သည် မန္တလေးမြို့ရှိ ရာပြည့် မန္တလေး စာအုပ်ဆိုင် (အလင်္ကာ စာအုပ်တိုက်) မှ ဖေဖော်ဝါရီ ၁၃ ရက်တွင် ထွက်ရှိခဲ့ပြီး ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်၌စတင် ရောင်းချမည် ဖြစ်သည်။
My-Father-Book-s'ကျွန်မ ဖေဖေ' အမည်ရှိသော စာအုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့ ကို ဂုဏ်ပြုသည့်အနေဖြင့် ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းစာအုပ်သည် မန္တလေးမြို့တွင် ရောင်းအားကောင်း၍ ရန်ကုန်သို့ ပို့ဆောင်ရာတွင် နောက်ကျနေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ရှိ ရာပြည့်မန္တလေး စာအုပ်ဆိုင် (အလင်္ကာ စာအုပ်တိုက်) ပိုင်ရှင် ဦးပုညဆွေက မဇ္ဈိမသို့ပြောသည်။

"ဒီစာအုပ်ကို ဘာသာပြန်တဲ့ပုဂ္ဂိုလ်က သူ့နာမည်ကို မထည့်ပါနဲ့ အမေစုနာမည်ပဲ ရေးပါဆိုလို့ ရေးသား သူ ဒေါ်အောင်ဆန်းစုကြည်လို့ရေးသားထားပါတယ်။ ဒီစာအုပ်ကို မန္တလေးမှာစတင်ဖြန့်ချိတော့ရောင်း အားကောင်းပါတယ်။ ဒါကြောင့် ရန်ကုန်ကို ပို့ဖို့အတွက် အချိန်တွေကြာနေတာပါ။ နောက်နှစ် ရက်လောက် နေရင် ရန်ကုန်မှာရှိတဲ့ ရာပြည့်၊ တော်ဝင်စင်တာတို့မှာ ဝယ်ယူလို့ရပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ယင်းစာအုပ်သည် ၁၉၉၁ ခုနှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည် ရေးသားထား သည့် Freedom From Fear စာအုပ်မှစာမျက်နှာ ၃ မှ ၃၇ အထိ My Father စာပုဒ်ကို မြန်မာဘာသာပြန်ကာ ထုတ်လုပ်ထားခြင်း ဖြစ် သည်။ 'ကျွန်မ ဖေဖေ' စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုပုံ၊ လှုပ်ရှားမှုများနှင့် ဆွေစဉ်မျိုး ဆက်ဇယားပုံစသည် တို့ကို ဖော်ပြထားသည်။

ယင်းစာအုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "သွေးသား နီးကပ် စွာ တော်စပ်သူ တစ်ဦး၏ အတ္ထုပ္ပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန် ကျကျ ရေးနိုင်မည်မဟုတ်ဟု အစွပ်စွဲခံရတတ်ပါသည်။ ကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိ ရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိ သောအထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက် အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ ကျွန်မအနေဖြင့် ကျွန်မဖခင်၏ ရုပ်ပုံလွှာကို ကျွန်မမြင်သည့်အတိုင်းမှန်ကန်စွာပေါ်လွင်စေရန် ကြိုးပမ်းရေး သားထားပါသည်ဟု ပြောနိုင်ပါ သည်" ရေးသားထားခဲ့သည်။

'ကျွန်မ ဖေဖေ' အမည်ရှိသောစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ၁၄ ပုံပါဝင် ထည့်သွင်းထားပြီး စာမျက်နှာစုစုပေါင်း ၆၂ မျက်နှာ ပါဝင်ကာ ရောင်းဈေး တစ်အုပ်လျှင် ကျပ် ၁၅၀၀ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာအုပ်အများအပြား ထွက်ရှိခဲ့ ပြီး ရောင်းအားကောင်းနေသည်ဟု ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List