Friday, February 20, 2015

တရားဥပဒေစိုးမိုးရေး အားကောင်းမှသာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်မှာပါ


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းတရား စီရင်ရေးစနစ် ခိုင်မာတောင့် တင်းမှုမရှိသည့်အခြေအနေသည် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံသူများအတွက် ယုံယုံကြည်ကြည် ဝင်ရောက် လုပ်ကိုင်ရန် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်စေကြောင်း နှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရားဥပဒေစိုးမိုးရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ် ကြောင်း ထုတ်ဖော်ပြောဆိုမှုနှင့် ပတ် သက်ပြီး Wall Street ဂျာနယ်မှ ဆောင်းပါးရှင် Shibani Mahtani က ဝေဖန်သုံးသပ်ထားရာ ...
Without Rule of Law, Nothing Will Be Achieved
(တရားဥပဒေစိုးမိုးမှုမရှိဘဲ ဘယ်အရာမှ အောင်မြင်မှုမရ နိုင်ဘူး။)

မြန်မာ့တရားစီရင်ရေးစနစ်သည် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် အဆိုးရွားဆုံး ယိုယွင်းပျက်စီးခဲ့ရသည်။ တရားရုံးများတွင် ဝန်ထမ်းမလုံလောက်ခြင်းနှင့် ငွေကြေးထောက်ပံ့မှု လုံ လုံလောက်လောက် မရရှိခြင်းများသည် တရားစီရင်ရေး စနစ် နှစ်ပေါင်းများစွာ မေးခွန်းထုတ်စရာဖြစ် ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် ၂ဝ၁ဝပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်လာသောအချိန်မှ စတင်ကာ မြန်မာ့တရားစီရင်ရေး စနစ်နှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ထပ်ကာတလဲလဲ ဝေဖန်ထောက်ပြခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ မီဒီယာများနှင့်တွေ့ဆုံချိန်တွင်လည်း ''ဒီနိုင်ငံအတွက် အရေးကြီးဆုံးလိုအပ်နေတာ က တရားဥပဒေ စိုးမိုးရေးပဲ။ ကျွန်မတို့ဟာ အရမ်းကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းတွေပိုင်ဆိုင်ဖို့ဆိုရင် မူဝါဒပိုင်းတွေ ချမှတ် နိုင်တယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့တော့ ဘယ်အရာမှ အောင်မြင်မှုမရနိုင် ဘူး''ဟု သူမကဆိုသည်။

ထိုသို့ အခက်အခဲများစွာရှိနေသည့်တိုင်အောင်လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်းတွင် ဒေါ် အောင် ဆန်းစုကြည်နှင့် သူမ၏ NLD အဖွဲ့ချုပ်က အခွင့်အလမ်းများ ကျယ်ကျယ်ပြန့်ပြန့်ရရှိ အောင် ဖန်တီးပေးမည့် စီးပွားရေးလုပ်ကွက်များကို နိုင် ငံခြား ရင်းနှီးမြှုပ်နှံသူများက မြင်လိုနေကြသည်။

နှစ်ပေါင်းများစွာ စစ်အစိုးရ၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်လာသော NLD ပါတီသည် တရားဝင်လှုပ် ရှားခွင့်ရသည့်အချိန်မှစတင်ပြီး စစ်အစိုးရရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အားထုတ်ကြိုး ပမ်းခဲ့သည်။

အထူးသဖြင့် ဗြိတိသျှနိုင်ငံသားခံယူထားသည့် သားနှစ်ယောက်ကြောင့် သူမသည် လက်ရှိဖွဲ့စည်းပုံအရ သမ္မတရာထူးရရန် တားမြစ်ချက်တစ်ခုဖြစ်နေသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ် တိုးတက်ကောင်း မွန်စေရန် ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ် တိုင် လွှတ်တော်သို့ဝင်ရောက်ပြီး ကြိုးပမ်းအားထုတ်နေသလို တခြားတစ်ဖက်တွင်လည်း ကုလ သမဂ္ဂနှင့် နိုင်ငံခြားသံရုံး များ၏ အကူအညီဖြင့် သင်တန်းများလည်း ပေးနေသည်။ ထို့ပြင် သူမဦးဆောင်ပြီး အဖွဲ့ဝင် ၈ဝပါဝင်သော တရား ဥပဒေစိုးမိုရေးစင်တာများကို မန္တလေး၊ လားရှိုးမြို့များတွင် ဖွင့်လှစ်ထားသည်။
ထို့ကြောင့် နိုင်ငံရေးကျွမ်းကျင်သူများ က သူမသည် တရားစီရင်ရေးစနစ်ကို အဓိကထားထောက် ပြနေ သည်ဟု သုံးသပ်ကြသည်။

၂ဝ၁၁ခုနှစ် အရပ်သားအစိုးရတက်လာသောအချိန် မှစတင်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများသည် မြန် မာ နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု များကို ရုပ်သိမ်းပေးခဲ့သည်။ သို့သော်လည်း တချို့ကိစ္စရပ် များကြောင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် ပြဿ နာများရှိနေသည်ဟုဆိုကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ က ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ရန် လက်တွန့်နေကြသည်။

ဤနေရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ အနေအထားမှာ အတုယူစရာ နမူနာများစွာရှိပါသည်။ ၂ဝ၁ဝပြည့်နှစ် ဘန် နင်နိုအကွီနို သမ္မတရာထူး ဆက်ခံချိန်က ဖိလစ်ပိုင်နိုင်ငံ သည် အာရှ၏ အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံ စာရင်းတွင် တခြားနိုင်ငံများနှင့် လက်ရည်တူအနေအထားမျိုး ဖြစ်နေ သည်။ ယနေ့တွင်မူ ဖိလစ်ပိုင်သည် အာရှ၏ နာမကျန်း သော လူအိုကြီး အဖြစ်(အဂတိလိုက်စားမှု ဆိုးရွားသည့် အနေအထား)ကို တွန်းလှန် ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ လည်း အာရှထိပ် တန်း တရုတ်ကို စိန်ခေါ်နိုင်သည့် အခြေအနေမျိုးအထိ ရောက်ရှိလာခဲ့သည်။

စီးပွားရေးအသိုက်အဝန်းတွင် ဝင်ရောက်လုပ်ကိုင် နေသူများက မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှုပြဿနာ သည် ဖိလစ်ပိုင်ထက်ပို၍ နက်နဲခက်ခဲသောအခြေအနေ မျိုးဖြစ်နေသည်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့သည် NLD ပါတီက ဖန်တီးပေးမည့် ရေရှည်စီးပွားရေးပလက် ဖောင်းတစ်ခုတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ရန် စောင့် မျှော်နေကြသည်။ 

သို့သော် ယင်းပလက်ဖောင်း အခင်းအ ကျင်းသစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။

တချို့က တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ပေါ် ဆွဲတင်နေသော လက်ရှိသမ္မတဦးသိန်းစိန် အစိုးရနှင့် အလုပ်လုပ်ရသည်က ပို၍ အဆင်ပြေသည်ဟု ဆိုကြသည်။ တချို့ကလည်း လက်ရှိ အကောင် အထည် ဖော်နေသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အရေးကြီးသော တရားဥပဒေပြု ရေးကဏ္ဍတွင် လွှမ်းမိုးမှု ရအောင် သူတို့၏အမြင်များကို ပိုပြီးထည့်သွင်း စေချင်ကြသည်။

အမေရိကန်စီးပွားရေးကျွမ်းကျင်သူတစ်ဦးက သမ္မတ ဦးသိန်းစိန်သည် အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ မျာနှင့် တွေ့ဆုံတိုင်း ''သူ့အစိုးရအဖွဲ့ကို lines up အပြည့်နဲ့ ဖွဲ့ပြီး လုပ်တယ်''ဟုဆိုသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ရာထူးအတွက် အပြိုင်ဖြစ်နေသည့် လက်ရှိ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ ''ဒါဇင်ပေါင်းများစွာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လုံးစေ့ပတ်စေ့ အစည်း အဝေးလုပ်ပါတယ်''ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကြာခဏဆို သလို သူမ၏ ထိပ်တန်းအကြံပေးတစ်ယောက် ၊ နှစ်ယောက် ဖြင့်သာ အစည်းအဝေး လုပ်တတ်ပါသည်။ သူမပါတီ၏ စွမ်းဆောင်ရည်အနေအထားနှင့် ပတ်သက်ပြီး-
''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပါတီအတွင်း မှာ နောင်အခါ ဝန်ကြီးဌာနတွေရဲ့ ခေါင်းဆောင်ဖြစ် လာ နိုင်မယ့် အလားအလာရှိသူတွေကို နိုင်ငံတကာရင်းနှီးမြှုပ် နှံသူတွေနဲ့ ကြိုတင်မိတ်ဆက် ထားပေးခြင်းဖြင့် ယုံကြည်မှု ပိုမိုတိုးပွားလာနိုင်စေမှာပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ကလဲ NLD ကဦးဆောင်တဲ့ အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းက ကိစ္စအား လုံးကို လုပ်ကိုင်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်တွေရထား ဖို့လိုပါတယ်''ဟု အဆိုပါ အမေရိကန်စီးပွားရေးကျွမ်းကျင်သူ က ဖြည့် စွက်ပြောကြားခဲ့သည်။

ပြည်တွင်း အခြေခံအဆောက်အအုံအားနည်းခြင်းနှင့် လေ့ကျင့်ထားသော လုပ်သားများမရှိခြင်း စသည့် အချက်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ သို့ဝင်ရောက်ရန် စွန့်စားမှုတစ်ရပ် လိုဖြစ်နေသည်။

''ဥပဒေတွေ မှောက်လိုမှောက် လှန်လိုလှန်ဖြစ်နေ တာတွေ (ဒါမှမဟုတ်) ချုပ်ပြီးသားစာချုပ်တွေကို ပြန်စိစစ် ဖို့ ခွင့်ပြုထားတာတွေဟာ မြန်မာပြည်ရဲ့ဥပဒေနဲ့ပတ်သက် ပြီး စိုးရိမ်စရာတွေပဲ''ဟု ဝါရှင်တန်အခြေစိုက် Inle Advisory Group ကို တည်ထောင်သူ Erin Murphy သုံး သပ်သည်။

''ရင်းနှီးမြှုပ်နှံသူတွေက ရှင်းလင်းတဲ့ စီးပွားရေး ဆိုင်ရာမူဝါဒတွေ လိုချင်နေတယ်။ ဒါပေမဲ့ အဲဒီအဖြေကို ရှင်းရှင်းလင်းလင်းသိရဖို့ (ဒါမှမဟုတ်) ဒီအပေါ်မှာအခြေ ခံတဲ့ NLD ဆီက အသေးစိတ်ကျတဲ့ ပလက်ဖောင်း တစ်ခု ရဖို့လဲ ကျွန်တော်တို့မမြင်ရသေးပါဘူး''ဟု မြန်မာနိုင်ငံ အတွင်း စီးပွားရေးဝင်လုပ်ကြမည့် နိုင်ငံတကာ ကုမ္ပဏီ များကို အကြံပေးနေသည့် မာဖီကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအနေဖြင့် စီးပွားရေးကဏ္ဍကို အမှန်တကယ်လုပ်ဆောင်နိုင်ရန်မှာ အချိန်တော့လိုအပ်ပါသည်။ သူမပါတီအနေဖြင့် လာမည့် နိုဝင်ဘာတွင်ကျင်းပမည့် အထွေထွေ ရွေးကောက် ပွဲတွင် အမတ်နေရာ အများစုအနိုင်ရမည်ဟု မျှော်လင့်ထားသည်။

ပြီးခဲ့သော ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ် တော်အမတ် လစ်လပ် ၄၅နေရာတွင် NLD ပါတီက ၄၃ နေရာအထိ အနိုင်ရခဲ့သည်။

ပြီးခဲ့သော သောကြာနေ့သည် ဒေါ်အောင်ဆန်းစု ကြည်၏ဖခင် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ နှစ် ၁ဝဝပြည့်မွေးနေ့ဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်နှစ် ၁ဝဝပြည့်အခမ်းအနားကို သူ၏ မွေးဖွားရာ ဇာတိ နတ်မောက်တွင် ကျင်းပရာ လူထောင်ပေါင်းများစွာ တက်ရောက်အားပေးခဲ့ပါသည်။

The Wall Street ဂျာနယ်နှင့် စနေနေ့က တွေ့ဆုံ ရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လက်ရှိ အစိုးရ၏ စီးပွားရေး တိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ထောက် ပံ့အားပေးသည့်ချဉ်းကပ်မှုကို ဆန့်ကျင် ဘက်ပြုမည်မဟုတ် ကြောင်းနှင့် သူမအနေဖြင့် မြန်မာ့ အလုပ်အကိုင်အခွင့် အလမ်း၏ သုံးပုံနှစ်ပုံကို ပံ့ပိုးပေးထားနိုင်သော လယ်ယာ ကဏ္ဍတွင် ရင်းနှီးမြှုပ်မှံမှုများ ပိုမိုခိုင်မာလာစေအောင် ကြိုး စားခဲ့ခြင်း သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

NLD ဦးဆောင်သော အစိုးရအဖွဲ့သည် ''လုံးဝ ကွဲ ပြားခြားနားမယ်။ ဒါပေမဲ့ လက်ရှိအစိုးရလုပ်ဆောင်ချက် အားလုံးကို စိတ်ပျက်လက်ပျက် ဆန့်ကျင်သွားမှာမဟုတ် ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

''ကျွန်မတို့အနေနဲ့ လက်ရှိအစိုးရလုပ်ထားသမျှ အား လုံးဟာ မကောင်းဘူး။ ကျွန်မတို့လုပ်တာပဲ ကောင်း တယ် ဆိုတဲ့ ဘက်လိုက်တဲ့အမြင်နဲ့ အလုပ်လုပ်သွားမှာမဟုတ် ပါဘူး''

----------------------------------------------------------------------
The WALL STREET JOURNAL တွင်ဖော်ပြထားသည့် Myanmar's Suu Kyi : Strong Leagal System Can Boost Economy ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန်ဆိုထားဖြင်းဖြစ်ပါသည်။

#TheYangonTimes

No comments:

Post a Comment

My Blog List