Friday, February 20, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Tomorrow မီဒီယာ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြည်တွင်းသတင်း မီဒီယာများ ဖြစ်သည့် Sky Net၊ Tomorrow၊ 7 Day၊ Yangon Times၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ဆုံ၍ သတင်း မီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့တွေ့ဆုံ မေးမြန်းခဲ့သည့် သတင်းမီဒီယာများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Tomorrow မီဒီ ယာနှင့် တွေ့ဆုံစဉ် သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံအား ပြည်သူ အများ သိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-

Tomorrow - ကျွန်တော် အနေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အငြိမ်းစား ယူမှာလား ဒါမှ မဟုတ် ရင် အခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ နိုင်ငံရေး လောကထဲဝင်ဖို့ ရှိမရှိ ပြည်သူတွေ တော်တော် စိတ်ဝင် စား နေပါတယ် ဒီမေးခွန်လေး မေးချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပေါ့ ရွေးကောက်ပွဲ ရှိတယ်လို့ ကော်မရှင် ကြေညာ ထားတာ ရှိတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီအချိန်မှာတော့ တပ်မတော်ကို တာဝန် ထမ်းဆောင်နေတဲ့ ကာလပဲ ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်ကျမှ နှစ် ၆ဝ ပြည့်မှာ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေ အရတော့ ကျွန်တော် တစ်ခါလည်း ဖြေခဲ့ဖူးတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်က တော်တော်ကို ကြီးမားတယ်။ အခု အများကြီးပဲ၊ ပြဿနာတွေထက် တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အများကြီးကို ကျွန်တော် တို့ ဆောင်ရွက် ပေးရတာပေါ့။ တစ်ဖက်ကလည်း အစိုးရပိုင်းက လုပ်တဲ့ အပိုင်းလည်း ရှိတာပေါ့။ သို့သော် လည်းပဲ နံပါတ်(၁) အချက်ကတော့ ခုနပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပတ်သက် ပြီးတော့ ပြဿနာတွေ၊ တရားဥပဒေ စိုးမိုးရေးတွေနဲ့ ပတ်သက်ပြီးတော့ ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပေါ့။ တရား ဥပဒေ စိုးမိုးရေးကို လုပ်မှာကတော့ ရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းပဲ။ သို့သော် သူတို့ကို အကူအညီ ပေးဖို့ ကလည်း ကျွန်တော်တို့ တပ်မတော်ရဲ့ တာဝန်ပေါ့။ သည်နှစ်ခုကတော့ နံပါတ်(၁) အရေးအကြီးဆုံး အချက်ပေါ့။ ဒီဟာတင် မကသေးဘူး သူတို့ရဲ့ စွမ်းရည် မြှင့်တင်ရေးတွေ၊ တပ်မတော် သားတွေရဲ့ စွမ်းရည် မြှင့်တင်ရေးတွေပေါ့။ ဒါတွေ ကျွန်တော်တို့ လုပ်နေရတာတွေ ရှိတယ်။ ဒါတွေက တော်တော် တာဝန်ကြီးတယ်။ ဒီဘက်ကို အာရုံစိုက်ပြီးတော့ လုပ်နိုင်မှသာ ဒီဘက်ကဟာတွေ အရည်အသွေး တိုးတက်ရေးကို လုပ်နိုင်မှာပေါ့။ ဟိုဘက်ဟာတွေ တကယ်လို့သာ သွားမယ်ဆို ကျွန်တော်ကြိုတင် ပြင်ဆင် မှုတွေ အများကြီး လုပ်ရတော့မယ် ပြန်ပြီး လုပ်ဖြစ်ဖို့ ဆိုတာကလည်း ဒီဘက်မှာ ကျွန်တော့်မှာ လိုအပ်တာ လစ်ဟာချက်တွေ ဖြစ်မယ်။ ကျွန်တော့်ဘက် လက်တွဲ ပြီးတော့နေတဲ့ ကျွန်တော်ရဲ့ ရဲဘော်တွေက မလုပ်နိုင် ဘူးလား ဆိုတာတော့ မေးစရာ ရှိတာပေါ့။ သူတို့လည်း သူတို့ကဏ္ဍနဲ့ လုပ်နေပါတယ်။

သို့သော် ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရတဲ့ စွမ်းအားနဲ့ သူတို့ရဲ့ စွမ်းအား၊ ဆုံးဖြတ်ချက်နဲ့ ဆောင် ရွက်တာကတော့ သက်ရောက်မှုချင်း မတူဘူး။ ကျွန်တော်က ဒါကြောင့် ဒီဘက်ကို ဖြည့်ပြီးလုပ်တာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးက ပိုပြီး အရေးကြီးတယ်။ အဲဒီမှာလည်း တပ်မတော်ရဲ့ စနစ်တကျ ရှိနိုင်ရေးကလည်း ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဒီဟာကို ဦးစားပေးပြီး လုပ်တယ်။ တကယ်လို့ အခြေအနေ အချိန်အခါအရ လိုအပ်လို့ ရှိရင်လည်း အဲဒီကျမှပဲ စဉ်းစားမယ်၊ ဒီအတွက်လည်း ဘာမှဒါနဲ့ ပတ်သက်ပြီးတော့ တွေးတောပြီးတော့မှ ကြံစည် နေတာတော့ ခုချိန်ထိတော့ ဘာတခုမှ မရှိပါဘူး။

Tomorrow - စင်ကာပူက မစ္စတာ ဂိုချောက်တောင်နဲ့ တွေ့တဲ့ အချိန်တုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့ပါတယ်။ တစ်ချိန်မှာ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို အများပိုင် လုပ်ငန်းပြောင်း ဖို့ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်နှစ် အကန့်အသတ်လောက် သူက ဖြစ်နိုင်မလဲ၊ တကယ်လို့ လုပ်မယ်ဆိုရင် စီးပွားရေး ဦးပိုင်လီမီတက်ကို လုပ်မှာလား မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အောက်က စက်ရုံတွေ အလုပ် ရုံ တွေရော ပါဦးမလား ဒါလေး သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဒီမှာလည်း စက်ရုံတွေ စီးပွားရေးလုပ်ငန်း လုပ်ရတဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်။ စီးပွားရေး လုပ်ငန်း လုပ်ရခြင်း ရည်ရွယ်ချက်မှာ တစ်အချက်ကတော့ တပ်မတော်သားနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးဖို့၊ နှစ်အချက်ကတော့ စစ်မှုထမ်းဟောင်းနဲ့ စစ်မှု ထမ်းဟောင်း မိသားစုဝင်များရဲ့ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးဖို့ပေါ့၊ နံပါတ်သုံး အချက် ကတော့ ပြည် သူ လူထုရဲ့ သက်သာ ချောင်ချိရေးလုပ်ငန်းတွေ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင် ဖို့ပေါ့၊ နိုင် ငံတော် ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက် ပေးနိုင်ဖို့ပေါ့။ အဲဒီတော့ MEC ပိုင်းပေါ့၊ ခုနကတော့ ဦးပိုင်ရဲ့ အပိုင်းပေါ့၊ MEC အပိုင်းကျတဲ့ အခါကျတော့ ဒါတွေအပြင်ကို တပ်မတော်ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနိုင်ဖို့၊ နောက်တပ်မတော် နိုင်ငံတော် ကာကွယ်ရေး ကုန်ကျစရိတ် တွေကိုလည်း တစ်စိတ် တစ်ပိုင်းကနေ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ဖို့၊ တချို့ကျတော့ တပ်မတော်သုံး ပစ္စည်းတွေကို MEC စက်ရုံက ထုတ်ပေးတယ်။ အပြင်ကဝယ် လို့ရှိရင် ၁ဝဝ ပေးရရင် MEC စက်ရုံက ထုတ်လို့ရှိရင် ၈ဝ လောက်ပဲကျတယ်။ ၂ဝ လောက် သက်သာတာပေါ့။ အဲဒီလိုလုပ်တဲ့ အတွက်ကြောင့် ရည်ရွယ်ချက် ကိုက နိုင်ငံတော်ရဲ့ အကျိုးကို ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက် ရှိတယ်။ သို့သော်လည်းပဲ ခုအချိန်မှာတော့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပြီဖြစ်တဲ့ အတွက်ကြောင့် တပ်မတော် စီးပွားရေး လုပ်ငန်းကို ခုနက နှစ်ခုလုံးပေါ့။ MEC ရော၊ ဦးပိုင်ရော နှစ်ခုလုံး အတွက်။ အဲတော့ အများပိုင်လုပ်ရင် ပိုကောင်းမယ်လို့ ကိုယ့်အနေနဲ့ ယူဆတာပေါ့။ ယူဆတဲ့ အတွက်ကြောင့် ကိုယ်ကတော့ ဒီအတိုင်းသွား မယ်လို့လုပ်တာ၊ အခုဟာ တဖြည်းဖြည်းနဲ့ တချို့ဟာတွေ ပြောင်းလာတယ်။ Format လေးတွေ ပြောင်းလာတယ်၊ Format လေးတွေ ပြောင်းပြီးတော့မှ ဆုပေး ဒဏ်ပေးစနစ်၊ လစာတွေ ထောက်ပံ့ကြေးနဲ့ ပတ်သက်ရင် နိုင်ငံ့ဝန်ထမ်းနဲ့ မတူတဲ့ ဆက်ဆံမှုမျိုးကို စပြီး လုပ်ပေးတာပေါ့။ နောက် warning ကိုလည်း ပေးထားတာပေါ့၊ ရှုံးရင် စီးပွားရေးလိုပဲ ဖြစ်ရမယ်။ မြတ်ရင်လည်း စီးပွားရေးလိုပဲ ဖြစ်ရမယ်၊ မြတ်လို့ ရှိရင်လည်း မြတ်တဲ့ အတိုင်းပဲ၊ ဆုကြေး ဘောနပ်စ်တွေ ပေးတာပေါ့။ ရှုံးရင်လည်း ရှုံးတဲ့ အတိုင်းပေါ့။ သူတို့လည်း သတိပေးတာ ပြုတာတွေ စီးပွားရေး ဆန်တာ အရင်စပြီး ပြောင်းလာတယ်။ ပြီးတော့ ရှယ်ယာတွေ ရှိတယ်။ ရှယ်ယာတွေ တဖြည်းဖြည်းနဲ့ကို သူက နိုင်ငံပိုင် နိုင်ငံနဲ့ ပတ်သက်တဲ့ ရှယ်ယာတွေ လျှော့ချတဲ့ဟာကို သွားနေတာပေါ့။ တဖြည်းဖြည်းနဲ့ ရှယ်ယာ လျှော့ချပြီးတော့မှ နိုင်ငံကနေပြီးတော့ ရှယ်ယာတွေ တဖြည်းဖြည်း နည်းသွားပြီး နောက်ဆုံးကိုတော့ လုံးဝ ရပ်တည်လို့ ရပြီဆိုတာနဲ့ အများပိုင် တစ်ခါတည်း အကုန်လုံး ပြောင်းလိုက်မယ်။ ချက်ချင်း သွားပြောင်းရင်တော့ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် အချိန်ကန့်သတ်ချက် ဆိုတာလည်း နည်းနည်းတော့ ပြောရခက်တယ်။ ဘယ်လောက်မှာ ရယ်ဒီဖြစ်မလဲ ၃နှစ်မှာ ရယ်ဒီဖြစ်ရင် ၃ နှစ်နဲ့သွားမယ် ၅ နှစ်ကျမှ ရယ်ဒီဖြစ်မယ် ဆိုရင်လည်း ၅ နှစ်မှာ သွားမယ်။ ဒီမှာ တဖြည်းဖြည်းနဲ့ ဥပဒေနဲ့အညီ ဖြစ်သွား အောင် အကုန် လုပ်သွားမှာပေါ့။ လုပ်တာတော့လုပ်မှာ သေချာတော့ လုပ်မှာ မလုပ်လို့ကတော့ မရဘူး။

Tomorrow - ဒီလက်ရှိ ဖြစ်ပွားနေတဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်Nပီးတော့ မေးချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မိမိရန်သူ ထိခိုက်ကျဆုံး စာရင်းလေးကို ကျွန်တော်တို့ ဂျာနယ်တွေမှာ ဖော်ပြချင် ပါတယ်။ နောက်တစ်ခုက ဒီဖြစ်ရပ်တွေဟာ နှစ် ၂ဝ လောက် ငြိမ်သက်နေတဲ့ အရှေ့မြောက်ပိုင်း ဒေသကြီး မှာ တိုက်ပွဲကြီးတွေ ပြန်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တရုတ်ဆန့်ကျင်ရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်မှုမှန်း ရှိပါသလား။ ဒါမှမဟုတ် အင်အားကြီး နိုင်ငံတွေရဲ့ ဒီသဘာဝ Game ကစားတဲ့ နယ်မြေ တစ်ခုအဖြစ် အရှေ့မြောက် ဒေသများ ဖြစ်သွားသလား ဆိုတာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သုံးသပ်ပေးစေ လိုပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း တော်တော်လေး ကျယ်ပြန့်တဲ့ ကိစ္စပဲ ကိုယ်လည်း တော်တော်များများ စိတ်ဝင် စားတဲ့ ကိစ္စပဲ။ အဓိကကတော့ ဖုန်ကြားရှင်တို့က ၂ဝဝ၉ ခုနှစ်မှာ သူတို့ဒီဒေသ ကနေပြီးတော့မှ လက်လွတ် ပြီးတော့မှ ထွက်ပြေး သွားရတာတွေ ရှိတယ်။ သူတို့ ထွက်သွားရတဲ့ အကြောင်းကလည်း မူးယစ် ဆေးဝါးနဲ့ တရားမဝင် လက်နက်တွေ ထုတ်တဲ့ ကိစ္စတွေကနေ စတာပေါ့။ ကိုယ်က အဲဒီအချိန်မှာ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဖြစ်ပါတယ်။ ဒီကိစ္စကို တော်တော်လေး ထဲထဲဝင်ဝင် သိတယ်။ သူတို့ ဒီအာဏာ လက်လွှတ် ဆုံးရှုံး သွားတဲ့ နောက်ပိုင်းမှာ သူတို့ အနေနဲ့ သူကလည်း တကယ်တမ်း ပြောလို့ရှိရင်တော့ တော်တော်လေး အစဉ်အလာ ရှိခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါပဲ။ သို့သော်လည်းပဲ သူနဲ့ သူ့အနားမှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်မှု လုပ်ဟန် လွှဲမှားတဲ့ အတွက်ကြောင့် ဒီအကျိုးကို သူခံလိုက်ရတယ်၊ ခံသွားရတာပေါ့။ သူတို့က ဒီနယ်မြေကို သူတို့ ပြန်လိုချင်တယ်၊ ပြန်လိုချင်တဲ့ အတွက်ကြောင့် ၂ဝ၁ဝ လောက်ကတည်းက သူတို့စပြီးတော့ ပြင်ဆင် ပြီး ကြိုးစားတာပဲ။ ကြိုးစားပေးမယ့် အခြေအနေ အမျိုးမျိုးကြောင့် မလုပ်နိုင်ဘူး။ အခုတော့ သူဒါလုပ် တာပေါ့လေ သို့သော်လည်းပဲ သူ့ရဲ့ လူတွေနဲ့ သူရှိပါတယ်။ နဂိုကတည်းကလည်း သူ့ကို ထောက်ခံခဲ့တဲ့ လူတွေ ရှိမှာပေါ့။ သူက အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကို ထောက်ခံတဲ့ သူလည်းရှိမယ် သူ့မကြိုက် တဲ့ သူလည်း ရှိမှာပေါ့။ ဒါကို အခွင့်ကောင်း ယူပြီးတော့မှ နောက်တစ်ခါ နယ်စပ်ဒေသ ဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက်မှာလည်း သူတို့နဲ့ မျိုးနွယ်တူတွေ ရှိတယ်။ ဒီဘက်မှာလည်း မျိုးနွယ်တူတွေ ရှိတယ်။ တူညီတဲ့ အလုပ်ကို လုပ်နေကျတယ် ဆိုတော့ ဒါကို အခွင့်ကောင်း ယူတာပေါ့။ ခုနက ပြည်သူ လူထုရဲ့ အစဉ်အလာ ရှိခဲ့ဘူးတဲ့ အခွင့်ကောင်း တစ်ခုယူတယ်။ နောက်တော့က ခုနလူတွေရဲ့ လုပ်ကိုင် စားသောက်မှုမှာ အခွင့်ကောင်း ယူတယ်။ ယူပြီးတော့မှ ဒီနေရာကို ပြန်ရအောင် တိုက်တဲ့ သဘောပေါ့။ ဒါပေမဲ့ သူတစ်ယောက်တည်း တိုက်လို့တော့ မရတာ သေချာတယ်။ သူ့ကို ကူညီတဲ့ သူတော့ ရှိမှာပေါ့။ ဒါတွေက ဘယ်သူတွေ ကူညီလဲ ဆိုတာတော့ ကိုယ်တွေလည်း ဖော်ထုတ်တုန်း ရှိပါသေးတယ်။ ထိခိုက် ကျဆုံးမှုတော့ ကိုယ်တို့ကတော့ မနေ့က တရားဝင် ထုတ်ပြန် ပေးလိုက်တယ်။ ဒါအမှန်အတိုင်းပဲ။ လူမှုကွန်ရက် သတင်းတွေမှာ ပြောတာပေါ့လေ။ ရဲမေတွေ သေတယ်ပြုတယ် ပြောတယ်။ မဟုတ်ပါဘူး ဘာမှ မရှိပါဘူး။ ရဲမေတွေ လုံလုံခြုံခြုံနဲ့ ရှိတယ်။ ဒါတော့ ပြောရဲပါတယ်။ ကိုယ်တို့လည်း ဒါနဲ့ ပတ်သက် ပြီးတော့ အင်မတန် အလေးထား ပါတယ်။ မိသားစုရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။ နောက်မြို့ပေါ် က ပြည်သူ လူထုရဲ့ လုံခြုံရေးက ပိုအရေးကြီး ပါတယ်။ တပ်ဆိုတာတော့ စစ်တိုက်ရင်တော့ ဖြစ်မှာပဲ ဒါနှစ် ဖက် သေကျေပျက်စီးမှု ဆိုတာရှိမှာပဲ ကိုယ်အလစ် တိုက်ခံရရင်တော့ ကိုယ်ခံရသွားမှာပဲ။ ကိုယ်အလစ် ရရင်တော့ ကိုယ်အကျိုးအမြတ် ရမှာပေါ့။ ဒီသဘောပါပဲ။ ဒါတော့ ဖုန်းကြားရှင်ဘက်က ကြိုးစားတဲ့ အပိုင်းပါ။ တရုတ် ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီးတော့ ဆိုရင်တော့ တိုက်ရိုက်ကြီးတော့ ကိုယ်တော့ မထင်လောက် ဘူး။ ဒါပေမဲ့ နိုင်ငံရေးတော့ ကျယ်ပြန့်ပါတယ် နိုင်ငံရေး ကျယ်ပြန့်တဲ့ အတွက်ကြောင့် ဒါတွေသေချာ တွက်ဆပြီးတော့မှ ကြည့်မှရမယ်လို့ ကိုယ်တော့ ပြောချင်တယ်။

Tomorrow - ကျွန်တော်တို့ တပ်မတော် ပြိုကွဲရတဲ့ နိုင်ငံတိုင်းဟာ အစိတ်အမွှာမွှာ ပြိုကွဲရတယ်လို့ ကမ္ဘာမှာ လည်း တွေ့မြင်ရပါတယ်။ ဒီအချိန်မှာ လူမျိုးစု လက်နက်ကိုင်တွေက ဖက်ဒရယ် တပ်မတော် ဆိုတဲ့ စကားကို နည်းနည်းလေးတင် လာပါတယ် ခင်ဗျာ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဖက်ဒရယ် တပ်မတော်ဆိုပြီး ပြောတာတော့ ဒါစိတ်ကူးယဉ်တဲ့ ကိစ္စလို့ ကိုယ်က ပြောချင် တာပေါ့။ ဘယ်နိုင်ငံကမှ တပ်မတော်ဆိုတာ အမျိုးမျိုး မရှိဘူး။ တစ်မျိုးပဲ ရှိတယ်။ အမေရိကန် နိုင်ငံလည်း အမေရိကန် တပ်မတော် ရှိတယ်။ အမေရိကန်မှာ တကယ်အနီးကပ် တိုင်းရင်းသားဆိုတဲ့ လူဖြူတွေ ရှိ တာပေါ့။ နောက်အာဖရိကန်တွေ ရှိမှာပေါ့။ နောက် Red Indies ရှိမှာပေါ့။ နောက်စပိန် နွယ်ဖွားတွေ ရှိတာပေါ့။ သူတို့သီးခြား တပ်မတော်တွေ မရှိပါဘူး။ မကြားဖူးပါဘူး။ အိမ်နီးနားချင်း နိုင်ငံတွေကို ကြည့်မယ် ဆိုရင်လည်း ဘယ်နိုင်ငံကမှ တပ်မတော်မျိုးစုံ မရှိဘူး တစ်မျိုးပဲ ရှိတယ်။ National Army တစ်ခုပဲ ရှိတယ် ကမ္ဘာမှာလည်း ဘယ်နိုင်ငံပဲ ကြည့်ကြည့် National Army တစ်ခုပဲ ရှိတယ်။ ဒါတော့ မြန်မာနိုင်ငံမှာလည်း ဘယ်လောက်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ များနေပါစေ ဒါတွေက တရားဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ မဟုတ်ဘူး။ တကယ့်နိုင်ငံရဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တပ်မတော်ပဲ ရှိတယ် တပ်မတော်က ပြည်သူကြားက ပေါက်ဖွားလာတာ။ ပြည်သူကြားမှာ ပေါက်ဖွားတဲ့ အပြင် တိုင်းရင်းသား ပေါင်းစုံပါတယ်။ တိုင်းရင်းသား ပေါင်းစုံရှိတယ်။ တပ်မတော်မှာ နေခဲ့ဖူးတဲ့ သူနဲ့ တပ်မတော်နဲ့ နီးစပ်တဲ့ လူမှန်သမျှ တပ်မတော်ရဲ့ အနေအထားကို အကုန်လုံး သိတယ်။ တပ်မတော်မှာ အမှုထမ်းချင်တယ် ဆိုလို့ရှိရင် မည်သည့် တိုင်းရင်းသားမဆို စစ်မှုထမ်း စည်းမျဉ်းအရ ဝင်ထမ်းဆောင်ခွင့် ရှိတယ်။ ဒို့လည်း ငြင်းလို့ မရဘူး။ မည်သည့် တိုင်းရင်းသားမဆို တာဝန် ထမ်းဆောင်ခွင့် ရှိပါတယ်။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက် တွေတော့ ပြည့်စုံရမှာပေါ့။ တိုင်းရင်းသားတွေ ဆိုလို့ရှိရင်တော့ တချို့ဟာတွေမှာဆို လျှော့ပေါ့ပြီး လက်ခံနိုင်တဲ့ ဟာတွေ ရှိပါတယ်။ အခုလည်း ကိုယ်တို့ လက်ခံနေပါတယ် ခုတချို့ ဆိုလို့ရှိရင် မြန်မာစကား၊ မြန်မာစာနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်ရှိတဲ့ တိုင်းရင်းသားတွေ ရှိတယ်။ သူတို့ တပ်မတော်မှာ ဒီတိုင်းရင်းသား အများကြီး ရှိတယ်။ သူတို့ တပ်မတော်ထဲ ရောက်ပြီးတဲ့ အခါမှာ သူတို့ကိုလည်း ပိုပြီးတော့ အကျွမ်းတဝင် ဖြစ်အောင် လေ့ကျင့် ပြုစုရင်းနဲ့ ဒီလိုမျိုး ရာထူးရာခံ အများကြီး ရသွားတဲ့ ဆရာကြီးတွေ၊ အရာရှိတွေလည်း အများကြီး ရှိတာပါ။ ဖက်ဒရယ် တပ်မတော် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံ တစ်နိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ရပ်ပဲ ရှိပါတယ်။ ဒါဒီလိုပဲ ပြောရပါလိမ့်မယ်။

Tomorrow - ကျွန်တော် တစ်ခုလောက် ထပ်မေးချင်တယ်။

ဗိုလ်ချုပ်မှူးကြီး - မေး ရတယ်။

Tomorrow - အများပြည်သူကတော့ ဦးပိုင်တို့ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းက အခွန် မဆောင်ဘူးလို့ ထင်နေပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်တွေမှာ နိုင်ငံကို တပ်မတော်ရဲ့ စီးပွားရေး လုပ် ငန်းတွေ ထမ်းဆောင်ခဲ့တဲ့ အခွန်ပမာဏ လေးများရရင် သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - Figure ကြတော့ ကိုယ်အလွတ် မရဘူး ဖြစ်နေတယ် တကယ်တော့ အများကြီးပါ။ကိုယ်ပြော ရ မယ် ဆိုလို့ရှိရင် ထိပ်ဆုံး ၁ဝ ခုထဲမှာ ထိပ်ပိုင်းမှာ ပါတယ်။ နံပါတ်(၁) မဟုတ်တောင်မှ နှစ် သုံးလောက်မှာ ရှိတယ်၊ အခွန် ပေးထားတာတွေ၊ တချို့ကျတော့လည်း ဥပမာ- အဖျော်ယမကာက ရတဲ့ အခွန်မို့လို့ ထုတ်ပြု ပြီးတော့ မပြောခဲ့တဲ့ ဟာမျိုးတော့ ရှိတာပေါ့၊ Company တစ်ခုချင်းနဲ့ ပြောရင် နည်းကောင်း နည်းလိမ့်မယ်။ သို့သော် ဦးပိုင်နဲ့ ပေါင်းလိုက်မယ်ဆိုရင် ဦးပိုင်ရဲ့ အခွန်ဟာ နံပါတ်(၁) လောက်မှာ ရှိတယ်။ MEC လည်း ဒီအတိုင်းပဲ အများကြီး ပေးခံရတာတွေ ရှိတယ်။ ဒါပေမဲ့ ပြောရ ထုတ်ပြန်ရတာ တချို့ ကိန်းဂဏန်းတွေမှာ အခွင့်အရေး မရခဲ့တဲ့ အတွက်ကြောင့် မသိခဲ့တာ ရှိမယ်။ တကယ်တော့ ကိုယ်တို့ ပေးပါတယ်။ မပေးလို့ လည်း မရပါဘူး ဒီခေတ်မှ မပေးရင် ကိုယ်တို့ ပြဿနာ အများကြီး တက်သွားမှာပေါ့။ မပေးလို့ မရပါဘူး။ ကိုယ်ပေးပါ့မယ် အဲဒီ Figure တွေ ပေးပါ့မယ်။ အကုန်လုံး ရှိပါတယ်။ စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ်ဆီမှာ အသေးစိတ် အချက်အလက်တွေ အကုန်လုံး ရှိပါတယ်။ ပေးပါ့မယ်။ အဲဒီတော့ ဒါတွေကို ဖော်ပြ ပေးနိုင်မယ် ဆို ပိုကောင်းတာပေါ့။ မေးချင်သေးလား မေး။

Tomorrow - တပ်မတော်နဲ့ ကျွန်တော်တို့ ဒီသတင်း မီဒီယာတွေ ဆက်ဆံတဲ့ အချိန်မှာ one way ဖြစ်နေပါ တယ်။ ကျွန်တော်တို့က သတင်း တစ်ပုဒ်ကို လောက်ကိုင်ဆိုလို့ရှိရင် ချက်ချင်း ဆိုရှယ်မီဒီယာတွေ ပေါ်မှာ တက်ပါတယ်။ ဒါတွေကို ချက်ချင်း မီဒီယာတွေက ဖော်ပြချင်ပါတယ်။ သို့သော် ကျွန်တော်တို့ ဆက်သွယ်မှု ကျတော့ အခု ကျွန်တော်တို့ ဖြစ်နေတာ တပ်မတော်က စာနယ်ဇင်း ကောင်စီကပေးတဲ့ သတင်းကို စာနယ် ဇင်း ကောင်စီက ပြန်ဖြန့်တယ်။ အဲဒီလို ကျွန်တော်တို့ ဖြစ်နေပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ကျွန်တော်တို့ Comfirmation လုပ်ဖို့အတွက် contact person လောက်တော့ portal point လေးပေါ့။

ဗိုလ်ချုပ်မှူးကြီး - တစ်ခုကတော့ Contact Person ပေါ့။ ဒီဘက်က တာဝန်ကတော့ ဗိုလ်ချုပ် အောင်ရဲဝင်း တို့ ပေးထားပါတယ်။ ကကပြည် ညွှန်မှူးပေါ့။ သူ အဓိက၊ သူရယ် ဗိုလ်ချုပ် စိုးနိုင်ဦး ရယ်ပေါ့။ လကခ ဒုလကခချုပ်ပေါ့။ သူတို့ကို တာဝန် ပေးထားတာပေါ့။ ဒါပြီး မြဝတီ Web portal လေး လုပ်ထားတာလေး ရှိတယ်။ မြဝတီ Web portal ကနေပြီးတော့မှ သတင်းတွေ တင်ပေးတာပေါ့ အရင်ကတော့ များသောအားဖြင့် ၇ နာရီခွဲလောက်မှာ သတင်းကို ထုတ်ပေးလိုက်တာပါ။ နောက် MRTV ပေါ့။ မြန်မာ့သတင်းကို ပေးလိုက်ပြီး မှ သတင်းကနေ တစ်ဆင့်ဖြန့်ပေါ့။ ခုကျတော့ အဲဒီလို မဟုတ်ဘူး ညနေ ၅ နာရီလောက် သတင်း ထုတ်နိုင် ဖို့ကို ၅ နာရီမှ သတင်းထုတ်လိုက် ထုတ်ပြီးရင်လည်း ကကပြည်ကလည်း သတင်း အတည်ပြုချက် ယူပေါ့။ အတည် ပြုပြီးပြီ ဆိုတာနဲ့ မြဝတီ Web portal ကိုလည်း ပေးလိုက်တယ်။ ပြီးရင် သတင်းစာနယ်ဇင်း ကောင် စီ ကိုလည်း ပေးလိုက်တယ်။ နောက်ပြီးရင် အရင်မြန်မာ့ သတင်းစဉ်ပေါ့ ပြန်ကြားရေး ဝန်ကြီးဌာနကို ပေး လိုက်တာပေါ့။ ဒီ ၃ မျိုးကနေ ဖြန့်ပေးတယ်။ အရင်ကတော့ တော်တော်လေး နှေးတယ်။ အခုတော့ တော်တော်လေး မြန်အောင် လုပ်ပေးထားတယ်။ သို့သော်လည်းပဲ တချို့ကြတော့ အတည်ပြုနိုင် ဖို့လိုတဲ့ သတင်းတွေ ရှိတယ်။ အရမ်း မထုတ်ရဲဘူး။ အရမ်း မထုတ်ရဲတဲ့ အခါကျတော့ သတင်း နောက်ကျ တာတွေ ရှိတာပေါ့ အဲဒီ့မှာ လူမှုကွန်ရက်က သတင်းတွေက ပိုပြီး စောတာပေါ့။ ဒါပေမဲ့ တချို့ဟာတွေ သူတို့ လွဲပါတယ်။ တော်တော်လေး လွဲမှားတာတွေ ရှိတယ်။ အဲဒီလွဲမှား တာတွေက သတင်းဆိုတာ မှားသွားပြီးဆို ရင် ရှင်းရ သိပ်ခက်တယ်။ ထုတ်ကတည်း သတင်း မှန်မှန်ကန်ကန် ထုတ်နိုင်တာ ပိုတန်ဖိုး ရှိတာပေါ့။ မှန်မှန် ကန်ကန်ကိုမှ မြန်မြန်ဆန်ဆန် ထုတ်နိုင်လေ ပိုတန်ဖိုး ရှိတာပေါ့။ ကိုယ်လည်းဒါကို ကိုယ်ချင်းလည်း စာ တယ်။ သတင်း သမားတွေ အတွက် ကိုယ်ချင်း စာတယ်။ စောစောက သတင်းမီဒီယာ အဖွဲ့တွေနဲ့ တွေ့တဲ့ အခါမှာ ပြောပြတယ်။ အဲဒါတွေလည်း ကျွန်တော်တို့ ဘက်မှာလည်း အားနည်းချက် ရှိတယ်။ သို့သော် လည်းပဲ မှန်ဖို့ကိုက နံပါတ်(၁) အချက် အရေးကြီး တာပေါ့။ ဒုတိယကတော့ မြန်ဖို့ လိုတာပေါ့ ။ မှန်ပြီး မြန် ရင်တော့ ကောင်းတယ်။ မှန်ပြီးတော့မှ နှေးရင်လည်း မကောင်းဘူး။ မြန်ပြီးတော့ မှားရင်လည်း မကောင်း ဘူး။ ဒီလိုတွေတော့ ရှိပါတယ်။ ဒါတွေလည်း ကိုယ်တို့ ပြင်ပြီး ဆောင်ရွက်ပါ့မယ်။ ဆောင်ရွက်ပေးမယ် ဆိုလို့ရှိရင် ဗိုလ်ချုပ် အောင်ရဲဝင်း ပေါ့။ ကကပြည်၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန် ကြားရေးမှူး၊ သူ့ဆီ လှမ်းဆက်သွယ်လို့ ရတယ်။ နောက်တစ်ခါ ဗိုလ်ချုပ် စိုးနိုင်ဦး ဒုတိယ လကခချုပ် အဲဒါတွေလည်း ဖုန်းနံပါတ်တွေရော အီးမေးလ်ရောပါ ပေး ထားပါတယ်။ အီးမေးလ်ကို မက်ဆေ့ ပို့လိုက် ပြီး မေးလည်း မေးလို့ရပါတယ်၊ တချို့ကျတော့ သူတို့လည်း ခရီးသွားတာတို့ အစည်းအဝေး တက်တာတို့ အဲဒါတွေနဲ့ မအားတဲ့ အခါကျတော့ မဖြေမိတာလည်း မဖြေနိုင် တာလည်း ပါပါလိမ့်မယ်။ တချို့ကျတော့ အတည်ပြုဖို့ လိုအပ်တဲ့ အခါကျတော့ သူတို့လည်း မဖြေရဲတာလည်း ပါလိမ့်မယ်။ ဒါလည်း ကိုယ်တို့ဖြေဖို့ ကို ကိုယ်တို့ ပြောထားပါတယ်။ သူတို့ကို လိုအပ်တာ ရှိရင်ပြောပါ။ အထူးသဖြင့် မီဒီယာ ကတော့ ပြည်သူ နဲ့ တပ်မတော်ကြားမှာ ဆက်ဆံတဲ့ ဆက်သွယ်ပေးတဲ့ လမ်းကြောင်း တစ်ခုပဲ။ ဒါကတော့ ကိုယ်တို့အတွက် အင်မတန်ကို အလေးထားတယ်ဆိုတဲ့ အကြောင်းကို ပြောလိုတယ်။ မှန်ကန်တဲ့ သတင်း မှန်ကန်တဲ့ သတင်းဖြစ်ဖို့ လိုတယ်။ မှန်ကန်တဲ့ သတင်းပေါ်မှာ ကြိုက်သလို ရေးလို့ရတယ် ကြိုက်သလို ထုတ်လို့ရ တာပေါ့။ တချို့ ကြတော့လည်း မမှန်မကန် သတင်းပေါ်မှာ မူတည်ပြီးတော့ ပြောကြ ဆိုကြတဲ့ အခါမှာ တပ်မတော်ဆို အတော်လေး တချို့ဟာ ထိခိုက်တာပေါ့။ တချို့ တပ်မတော်မှာ ပတ်သက် ပြီးရေးတာ ပြု တာတွေ ရှိတယ် စစ်သတင်းတွေပေါ့။ မှားတာတွေပေါ့ အခုဟာဖြင့် တပ်မတော်နဲ့ စစ်သတင်း မဟုတ်သော် လည်း မှားယွင်းတဲ့ သတင်းပေါ့။ ဥပမာအားဖြင့် ကောင်းခါး ဖြစ်စဉ်လို ဟာမျိုးပေါ့။ လုံးဝကို လွဲနေတာပေါ့၊ ဟိုကချင် Church ကျောင်းက ဆရာမ ၂ ယောက်ဖြစ်စဉ် အဖြစ်ပေါ့၊ တော်တော်လေး လွဲမှားနေတာ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ အခု ဖြစ်နေတဲ့ဟာ ဆိုလို့ရှိ ရင် KIA တို့ဘက်ကနေ လုပ်ထားတဲ့ လူမှုကွန်ရက် သတင်းဌာနတွေက တင်တဲ့ သတင်းတွေ၊ တချို့ဟာတွေ လုံးဝကို မှားနေတာတွေ ပါတယ်။ ဒါပေမဲ့ ကိုယ်တို့ကျတော့ သွားငြင်းမယ်ဆိုရင် သွားငြင်းမှ ဝန်ခံသလို ဖြစ်သွားမယ်။ ဒါက ဟုတ်သလိုလို သွားဝန်ခံသလို ဖြစ်မယ်ဆိုတော့ အသာလေးငြိမ်ပြီး ကြည့်နေတာလည်း ပါတယ်။ ဒါကြောင့် ကိုယ်တို့ လည်း တော်တော်လေး စဉ်းစဉ်းစားစားနဲ့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ရတယ် ဆိုတာလေး ပြောချင်ပါတယ်။ ပြော လိုက်ပြီးမှ မှားသွားလို့ ဆိုရင် မကောင်းဘူး။ အဲတော့ ကိုယ်ပြောမယ်ဆို မှန်မှပဲ ပြောမယ်။ မှန်တဲ့ဟာ ကို မြန်အောင် ပြောနိုင်ဖို့ ကိုယ်တို့ ဖန်တီးမှုပဲ ရှိတယ်။ အဲဒါလေးကို ကြိုးစား ပေးပါ့မယ်။

Tomorrow - ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ်။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List