Wednesday, February 18, 2015

စစ်ဗိုလ်ချုပ်တွေအပေါ် မူတည်နေသည့် မြန်မာ၏ နောက်ထပ်ခြေလှမ်း


စည်းကမ်းကျနပြီး အဓိပ္ပာယ်ပြည့်ဝသည့် ဒီမိုကရေစီဟု မြန်မာစစ်ဗိုလ်ချုပ်တွေ တည်ထောင်ခဲ့သော လမ်းကြောင်းကို ငါးနှစ်တာလျှောက်လှမ်းအပြီးမှာ မြန်မာနိုင်ငံက သမိုင်းတွင်ရစ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပါပြီ။
တကယ်တမ်းဆိုလျှင် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲသည် လူတွေ မျှော်လင့်ထားသည်ထက်ပိုပြီး သိသိသာသာတာသွားခဲ့ပါသည်။ အခြေခံဥပဒေက စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ နေ ရာပေးလင့်ကစား၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လင့် ကစား၊ ရွေးကောက်ပွဲရလဒ်က တကယ့်အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့၏။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာခဲ့သည်။ စစ်ဗိုလ်ချုပ်ကနေ အရပ်သား သမ္မတဖြစ်လာသည့် ဦးသိန်းစိန်က စာပေဆင်ဆာအဖွဲ့ကို ပယ်ဖျက်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ခဲ့သည်။

နောက်ထပ်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်အမတ်နေရာများတွင် အနိုင်ရခဲ့သည်။

စစ်ဗိုလ်ချုပ်များသည် အာဏာရှိနေဆဲဖြစ်ပြီး ဘာသာရေးအကြမ်းဖက်မှုများ တိုးလာနေသကဲ့သို့ အစိုးရနှင့်ပေါင်းစားသည့် ခရိုနီစနစ် မြန်မာမှာ ရှင်သန်ကြီးထွားနေဆဲပါဟု အကဲခတ်အချို့က ဆိုကြသည်။ သို့သော် အားလုံးက သည်ဇာတ်လမ်းချည်းအတိုင်းတော့မဟုတ်။ မြန်မာသည် လွန်ခဲ့သောနှစ်အနည်း ငယ်နှင့် မတူသည့် နေရာတစ်ခုမှာ ရောက်နေပါပြီ။ နိုင်ငံ၏ အုပ်ချုပ်မှုစီရင်ရေးကိုလည်း ပြန်လည်စ တင်ပြုပြင်နေပြီ။ ဒီမိုကရေစီက အက်ကြောင်းတစ်ခုကနေ စတင်ထိုးဖောက်အမြစ်တွယ်ရှင်သန်ဖို့ ကြိုးစားလာနေပါသည်။

မြန်မာ၏ အပြောင်းအလဲကာလ အရှိန်အဟုန်ရနေချိန်မှာ အတော်များများလည်း ဖြစ်ပေါ်လာဖို့ လိုနေပါသေးသည်။ အဓိကအချက်မှာ မြန်မာစစ်တပ်အနေဖြင့် အာဏာကနေ နောက်ပြန်ဆုတ်ပေးရန် ယုံကြည်ချက်ရှိလာဖို့ လိုနေပါသေးသည်။

လွှတ်တော်ထဲက စစ်တပ်အမတ်နေရာများ စွန့်လွှတ်ဖို့နှင့် အခြေခံဥပဒေပြောင်းလဲမှုကို အာဏာသုံးပြီး ပယ်ချနိုင်သည့် သူတို့၏အခွင့်အရေးကို ပေးအပ်ဖို့ပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသားများ၏ မိခင်အဖြစ် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့ တားမြစ်ထားသည့်အချက် ဖယ်ရှားရေးလည်းပါဝင်၏။

စစ်တပ်အနေဖြင့် အဆိုပါအာဏာကို ပေးအပ်ရန်နှင့် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဒေါ်အောင်ဆန်း စုကြည်လို နိုင်ငံရေးသမားကို လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးမလားဆိုသည်ကို ဆုံးဖြတ်ရတော့မည်။ ထိုဆုံးဖြတ်ချက်ကို လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ဆုံးဖြတ်သင့်ပါသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်ခံခွင့်မရှိပါက ထိုရွေးကောက်ပွဲသည် တရားမျှတလွတ်လပ်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံ၏ အနာဂတ်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်နေသည်ဟုလည်း မဆိုနိုင်ပါ။ အသက်(၆၉)နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်မည်လားဆိုသည်က လည်း စိုးရိမ်စရာရှိနေပါသည်။ ဒီမိုကရေစီခေါင်းဆောင်ဆိုတာနှင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးပြဿနာ များကို ကိုင်တွယ်ရမည့် တိုင်းပြည်ခေါင်းဆောင်ဆိုတာ ကွဲပြားသောအရာနှစ်ခုဖြစ်ပါသည်။

သူ့အနေဖြင့် သမ္မတဖြစ်လာပါက ဘာတွေလုပ်မည်ဆိုသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မသေချာသေးပါ။ သူကိုယ်တိုင် သမ္မတအဖြစ် အုပ်ချုပ်ရန်ထက် အနောက်ကနေသာ စီမံရမည့်နေရာမှာနေ ဖို့ကိုလည်း ရွေးချယ်ရန်ဖြစ်လာနိုင်သည်။

ပြောရလျှင် အခြေခံဥပဒေကိစ္စက အပေါ်ယံသက်သက် ပြဿနာတစ်ခုဖြစ်ပါသည်။ သမ္မတဖြစ်လာသည့် မည်သူမဆို သည်အန္တရာယ်ရှိသည့် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရပေမည်။ ပြောစမှတ်ပြုရ မည့် ပြဿနာကြီးက သုံးခုရှိနေ၏။ ပထမပြဿနာက တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံနှင့် ငြိမ်းချမ်းရေး သဘောတူချက်ရရေး ဖြစ်သည်။ နိုင်ငံအနေနှင့် နှစ်ငါးဆယ်လောက် ပြည်တွင်းစစ်ကြောင့် ထိခိုက်ခဲ့ရ အပြီးမှာ နိုင်ငံအသစ်ကို တည်ထောင်ရန် စစ်မှန်သော ပြည်ထောင်စုစနစ်က မရှိမဖြစ်လိုအပ်နေပါသည်။ ဒုတိယအချက်က စီးပွားရေးတိုးတက်မှုကို တစ်နိုင်ငံလုံး ခံစားလာနိုင်အောင် လုပ်ဆောင်ရေးဖြစ်သည်။ လက်တွေ့တွင် တိုင်းပြည်စီးပွားတိုးတက်မှု အကျိုးအမြတ်သည် စစ်တပ်အုပ်ချုပ်သည့်ခေတ်က ချမ်းသာ လာခဲ့သည့် စီးပွားရေးသမား အနည်းငယ်ဆီကိုသာ ရောက်နေပါသည်။ တတိယပြဿနာမှာ ဘာသာရေး တင်းမာမှုများ ပေါ်ပေါက်စေသည့် အကြောင်းရင်းများကို အာဏာပိုင်များအနေဖြင့် ဖြေရှင်းရမည်။

မြန်မာနိုင်ငံကို ကမ္ဘာကြီးက အပြောင်းအလဲ၏ စံနမူနာအဖြစ် စတင်မြင်လာနေပြီဖြစ်ပါသည်။ သို့ရာ တွင် မြန်မာ၏ နောက်ထပ်ခြေလှမ်းများသည် မြန်မာစစ်ဗိုလ်ချုပ်များက ဘာများဆက်လုပ်မလဲဆိုသည့် အပေါ်မှာ များစွာမူတည်နေပါသည်။

(The Financial Times သတင်းစာ၏ အာဘော် Myanmar's next steps depend on the generals ကို ထားထားမြင့် ဘာသာပြန်ဆိုသည်)

7Day News Journal

No comments:

Post a Comment

My Blog List