Monday, February 16, 2015

လောက်ကိုင်မြို့အတွင်း တိုက်ပွဲဆက်ဖြစ်၊ လက်နက်မျိုးစုံ ၁၀၀ နှင့် အလောင်းများ သိမ်းဆည်းရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့နှင့် လောက်ကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ နှစ်ရက်တွင် ကိုးကန့် လက်နက်ကိုင်များဘက်မှ လက်နက်မျိုးစုံနှင့် အလောင်း ၁၈ လောင်း၊ ဒဏ်ရာရသူ ရှစ်ဦး ဖမ်းမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
“လက်ရှိအခြေအနေကတော့ မြို့တွင်းထဲမှာ ဟိုနေရာပစ်၊ ဒီနေရာပစ်နဲ့ ပစ်ခတ်နေတုန်းပဲ၊ တပ်က မြို့တွင်းထဲမှာ လိုက်လံ ပြီး ရှင်းလင်းရေး ဆောင်ရွက်နေတုန်းပဲ” ဟု တပ်မတော် အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် လောက်ကိုင်မြို့တွင်း မြို့ပြင်သို့ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ငယ်မျိုးစုံ ၁၀၀၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ လမ်းလျှောက် စကားပြောစက် ရှစ်လုံး၊ လက်တော့ပ်လေးလုံး၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ဘက်မှ အလောင်း ၁၈ လောင်း၊ ယင်းအဖွဲ့ ဘက်မှ အပြင်းအထန် ဒဏ်ရာရထားသူ ရှစ်ဦးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသော လက်နက်ကိုင်ရှစ်ဦးကို အပြင်းအထန် ဒဏ်ရာရရှိမှုကြောင့် ဆေးဝါးကုသမှု ပေးနေစဉ် ရှစ်ဦးစလုံး ထပ်မံသေဆုံးသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နှင့် အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်အရာရှိ ငါးဦး အပါအဝင် တပ်မတော်သား ၄၇ ဦး ကျဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List