Wednesday, February 18, 2015

လောက်ကိုင်ဒေသအတွင်း စာမေးပွဲများ ကွမ်းလုံစာစစ်ဌာနသို့ ပြောင်းရွှေ့ဖြေဆို ရမည်


လောက်ကိုင်ဒေသမှ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်တွင် အစိုးရစစ်စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေး ပွဲ ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများသည် ကွမ်းလုံစာစစ်ဌာနသို့ ပြောင်းရွှေ့ဖြေဆိုရမည်ဟု ရှမ်းပြည် နယ် ပညာရေး ဦးစီးဌာနမှ သိရသည်။
လောက်ကိုင်ဒေသအတွင်း မူလတန်းအဆင့် စတုထ္ထတန်းဖြေဆိုမည့် ကျောင်း သား ကျောင်းသူ (၂၀၁) ဦးနှင့် အလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆို မည့် ကျောင်းသား ကျောင်းသူ (၁၃၂) ဦးတို့အား ဟိုပန်၊ ကွမ်း လုံမြို့များရှိ စာစစ်ဌာနများတွင် ဖြေဆိုနိုင်ရန် စီစဉ်ထားပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်း သား/ ကျောင်းသူ (၁၁၆)ဦးတို့အား ကွမ်းလုံစာစစ်ဌာနတွင် ဖြေဆိုရန် အမှတ်(၂) အခြေခံပညာဦးစီးဌာနက ညွှန် ကြားလိုက်ခြင်းဖြစ်သည်။

 ‘ပညာရေးဌာနအနေနဲ့ လားရှိုးမှာ စုစည်းထားတာပါ။ အခြေအနေတည်ငြိမ် အေးဆေးရင် တာဝန်ကျရာ ဒေ သ အသီးသီးကို ပြန်ကြမှာပါ။ နောက်ထပ်(၂)ရက်အကြာမှာ ဖြေရမယ့် (၈)တန်း(၄)တန်းဖြေဆိုဖို့အ တွက်တော့ မေးခွန်းပြန်ထုတ်ရတာမျိုး ရက်ရွှေ့ရတာမျိုး လုပ်ရမှာပါ။ ၁၀ တန်းစာမေးပွဲကတော့ မတ်လမှာ ဆိုတော့ လောက်ကိုင် ဒေသက ကျောင်းသားတွေကို ကွမ်းလုံမှာ ဖြေရမှာ‘ ဟု လောက်ကိုင်ခရိုင် ပညာရေး မှူး ဦးသန်းဝင်းက ပြောသည်။

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို တနိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက် နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ကွမ်းလုံစာစစ်ဌာနအတွင်း ကျောင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှ မတ်လ ၃ ရက်နေ့အထိနှင့် န၀မတန်းစာမေးပွဲများကို မတ်လ ၅ ရက်မှ ၇ ရက်အတွင်း ဖြေဆိုရ မည်ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

“ လတ်တလောအခြေအနေမှာတော့ ကျောင်းသားတွေလည်းမရှိ ဆရာဆရာမတွေ အားလုံးကိုလည်း လားရှိုး မှာ စုစည်းထားတဲ့အတွက် ဖေဖေါ်ဝါရီလ(၁၉)ရက်က(၂၆)အထိ ဖြေရမယ့် (၁၀)တန်း ကျောင်း သားတွေ အတွက် ဒုတိယနှစ်ဝက် စာမေးပွဲနဲ့ (၈)တန်း၊ (၄)တန်းစာမေးပွဲတွေ မလုပ်နိုင်ပါဘူး။ ” ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ် ပညာရေးဦးစီးမှူးမှ ရုံးအုပ်ဦးကိုဦးက ပြောသည်။

လောက်ကိုင်ဒေသတွင် အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းရှိရာ လောက်ကိုင်မြို့တွင် (၂)ကျောင်း၊ ချင်းရွှေဟော်တွင်(၁)ကျောင်း၊ ထာရွှေထန်တွင် (၁)ကျောင်း၊ အလက၊ မူလတန်း၊ မူခွဲ၊ တွဲဖက်မူအစရှိသော ကျောင်းပေါင်း(၁၀၉)ကျောင်းတွင် အထက်တန်းကျောင်းသား(၁၆၄)ဦး၊ အလယ်တန်း (၆၇၇)ဦးရှိပြီး ကျောင်း သားပေါင်း (၁၀၉၀၆)ဦးရှိသည်ဟု ဒုပြည်နယ်ပညာရေးဦးစီးမှူးရုံး၏ စာရင်းများအရ သိရပါသည်။

‘တိုက်ပွဲတွေဖြစ်နေလို့ လားရှိုးကို ရှောင်လာရတာ ကလေးတွေရဲ့ ကျောင်း စာအုပ်တွေလည်း ပါမလာပါ ဘူး။ မြန်မြန်အေးချမ်းချင်ပါတယ်။ ကလေးတွေ စာမေးကနီးနေပြီမို့ စိုးရိမ်မိတယ် ‘ ဟု လားရှိုးမြို့ရှိ မန်ဆူ (ရှမ်း ကျောင်း)မှ စစ်ရှောင်ဒုက္ခသည်မိဘတစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသတွင် မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရာမှ ဖုန်ကြားရှင်ခေါင်းဆောင်သော လက်နက် ကိုင်တပ်ဖွဲ့-MNDAA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ သာမန်ကျောင်းပိတ်ရက်ဖြစ်သော ဖေဖေါ် ၀ါရီလ (၇)ရက်မှ စတင်ကာ ကျောင်းသားများ ကျောင်းမလာနိုင်တော့ဘဲ တိုက်ပွဲများပြင်းထန်လာသဖြင့် ပညာရေးဌာနက ၀န်တမ်းများကို လားရှိုးမြို့တွင် စုစည်းထားခြင်းဖြစ်သည်ဟု သိရပါသည်။

ကွမ်းလုံမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း ပါဝင်သော မြို့ဖြစ်ပြီး လားရှိုးမြို့မှ (၈၅)မိုင်ရှိ ကာ လောက်ကိုင်မြို့ နှင့် (၃၄)မိုင် (၃)ဖာလုံ၊ ချင်းရွှေဟော်မြို့နှင့် မိုင်(၂၀)သာ ဝေးပြီး လောက်ကိုင်ဒေသ တွင်းရှိ ရန်လုံကျိုင်းနှင့် ချင်းရွှေဟော်မြို့မှာ မြန်မာတရုတ်နှစ်နိုင်ငံ နယ်ခြားမျဉ်းပေါ်တွင် ရှိသော မြို့များ ဖြစ် သည်။

လောက်ကိုင်ဒေသမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင်ရှိပြီး မြို့နယ်ခွဲ (၁)ခု၊ မြို့နယ်(၁)ခုရှိသော ခရိုင်မြို့ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့် တိုင်းရင်းသား များနှင့် အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးပါဝင်သော အုပ်ချုပ်ရေးအဖွဲ့က ပူးတွဲ အုပ်ချုပ်ခြင်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List