ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြို့ပြဆိုင်ရာ အမွေအနှစ်များ ပျောက်ကွယ်သွားမည်ကို လူမှု အသိုင်းအဝိုင်းက စိုးရိမ်မှုများဖြစ်လာပြီရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြို့ပြဆိုင်ရာ အမွေ အနှစ်များ အမှတ်မထင် ပျောက်ကွယ်သွားမည်ကို ပညာရှင်တချို့နှင့် လူမှုအသိုင်း အဝိုင်းက စိုးရိမ်မှုများဖြစ် လာမှုမှာ ယခုနောက်ပိုင်းတွင် သိသိသာသာ မြင့်တက်လာခဲ့သည်။
ရန်ကုန်မြို့တွင် ပေါ်ပေါက်လာသည့် အထပ်မြင့် တိုက်တာ အဆောက်အအုံများနှင့် စီမံကိန်း အမျိုးမျိုးတို့ ကလည်း ရန်ကုန်၏ Green Place ဟု ခေါ်သော အစိမ်းရောင်နေရာများ၊ အားကစားကွင်းများနှင့် ပန်းခြံတို့ကို ဝါးမျိုသွားခဲ့ပြီးဖြစ်သည်။
ထို့
အပြင် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ နာမည် ကျော်ကြားသည့်
ရွှေတိဂုံစေတီတော်ကြီးအနီး တွင် ဆောက်လုပ်လျက်ရှိသည် Dagon City ကဲ့သို့သော
စီမံကိန်းကြီးကြောင့်လည်း ရန်ကုန်မြို့ပြ အမွေအနှစ် တချို့
ဆုတ်ယုတ်သွားမည်ကို စိတ်ပူနေသူများ ရှိသည်။ ထို့ကြောင့် ဧရာဝတီသတင်းဌာန
အကြီးတန်းသတင်းထောက် ကျော်ဖြိုးသာနှင့် ထက်နိုင်ဇော် တို့က မြို့ပြဆိုင်ရာ
ပြဿနာများအကြောင်းကို သက်ဆိုင်သူများနှင့် သွားရောက်တွေ့ဆုံခြင်း၊ ဆက်သွယ်
မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဦးသိန်းညွန့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ သင်္ဃန်းကျွန်းမြို့နယ်
ကျနော် ဒီကိစ္စကို ပြည်သူ့လွှတ်တော်မှာ မေးခွန်း မေးထားတယ်။ လက်ရှိ ရန်ကုန်ကိုမပြောနဲ့ သင်္ဃန်း ကျွန်းမှာတောင် လူသွားလို့မရတော့ဘူး။ မီးလောင် ရင် ပြေးစရာမရှိဘူး။ ကျနော်ကတော့ ရန်ကုန်ကို ပြန် ကယ်ဖို့ လက်ရှိ နည်းဥပဒေတွေက ခေတ်မမီ တော့ဘူးလို့မြင်တယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်မှာ ၈ ထပ်တို့ ဘာတို့ ဆောက် နေတာ၊ နီးစပ်ရာနဲ့ယူပြီး လုပ်နေတာ။ ရွှေတိဂုံဘုရား ပတ်ဝန်း ကျင်မှာ အဆောက်အအုံတွေ ပေါ်လာရင် တမျိုးသားလုံး၊ တကမ္ဘာလုံးက တန်ဖိုးထားတဲ့ ရွှေတိဂုံ စေတီတော် ပုံရိပ်ကို ထိခိုက်မယ်လို့ ယုံကြည်တယ်။ အဲဒါကိုထောက်ပြရင် ရန်ကုန်မြို့ပြ စီမံကိန်းက အခု လက်ရှိ ဥပဒေတွေနဲ့ လုပ်မရဘူး၊ အကျိုးဆက်တွေကို မြင်နေရတယ်။ လူဦးရေကလည်းများ၊ ရေကလည်း ကြီး၊ ကျန်းမာရေးကလည်းကျ၊ လူနေမှုအဆင့်အတန်း ကလည်း ကျနေပြီ။
Dagon City ကတော့ မူဝါဒအရကို ခွင့်မပြု သင့်ဘူး။ ပြန်စစ်ပြီး ပြန်တင်ပြတယ် ဆိုတာမျိုးကို လက်မခံဘူး။ ဘယ်နေရာအတွင်းမှာ ရန်ကုန်ပုံရိပ်ကို ထိခိုက်တဲ့ အဆောက်အအုံ မဆောက်ရဆိုတာမျိုး ဖြစ်သင့်တယ်။ ဘာကြောင့်ခွင့်ပြုရသလဲ။ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးဆိုတာ အမျိုးသားရေးပဲ။ ဖွံ့ဖြိုးမှုတခုတည်း ကြည့်လို့ရမလား။ အစဉ်အလာ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတော့မှာလား။ ရန်ကုန် ကိုကာကွယ်ဖို့ပါ။ မထောက်ခံလို့ မေးရတာပေါ့။ လက်မခံနိုင်လို့ ပြောတာ။
ဦးဆန်းဦး (ဗိသုကာ ပညာရှင်)
ကျနော်တို့ Save The Yangon ဆိုတဲ့ ဖိုရမ်တခု လုပ်ခဲ့တယ်။ ဒါပေမယ့် ဒါကြီးက ရပ်မသွားဘူး။ အဲဒါကြောင့် Save The Yangon 2 ဆိုပြီး နောက် ဖိုရမ်တခု ထပ်လုပ်မယ်။ လူတွေ အကုန်ပါလာအောင် မြန်မာလို များများဆွေးနွေးဖို့ စီစဉ်နေတယ်။ ကျနော် ကိုယ်တိုင်လည်း ခေါင်းစဉ် ၃ ခုနဲ့ ပြောခဲ့တယ်။ ပထမတခုက မနိုင်ဝန်ထမ်းနေရရှာတဲ့ ရန်ကုန်ဆိုတဲ့ ခေါင်းစဉ်ပါ။ ရန်ကုန်က အရမ်း Density တွေများ၊ အခိုးတွေကများ၊ ကားတွေကကျပ်၊ နောက်တခါ မြေလွတ်၊ မြေကျန်က ဘေးမှာမရှိတော့ဘူး။ တနေ့ ရောဂါဘယဖြစ် လို့၊ မြေငလျင်တွေ ဘာတွေ လှုပ်ရင် အကုန်ဒုက္ခရောက်ကြမှာ။ အဲဒါတွေကို နိုင်ငံခြားက စံနှုန်းတွေနဲ့ ယှဉ်ပြီးတော့ ပြောခဲ့တာပေါ့။
နောက်တခုက ယဉ်ကျေးမှုတွေ ပျောက်တော့မယ့် ရန်ကုန်ဆိုပြီးတော့ ရှေးဘိုးစဉ်ဘောင်ဆက်က ရထားတဲ့ ရန်ကုန်မြို့ပြ အမွေအနှစ်တွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကိုယ့်လက်နဲ့ကို ဖျက်ပြီးတော့ တန်ဖိုးမရှိတဲ့ ဒီဇိုင်းတွေထုတ်ပြီး အဲဒါတွေနဲ့ ယဉ် ကျေးမှုတွေ ကုန်တော့မယ်ဆိုတဲ့အကြောင်း။
တတိယတခုကတော့ အသက်ရှူလို့ မရတော့ မယ့် ရန်ကုန်ဆိုတာပေါ့။ ရှိရှိသမျှ ပန်းခြံတွေ၊ ကွက် လပ်တွေ ကကုန်တော့မယ်။ ဘယ်နားမှာမှ အသက်ရှူ စရာမရှိဘူး၊ ဘယ်နားမှာမှ ကစားစရာ မရှိတော့ဘူး၊ ဘောလုံး ကန်စရာ မရှိတဲ့ဘဝတွေ ဖြစ်ကုန်ပြီ။
ကျနော်တို့ Save The Yangon 2 ဖိုရမ်မှာ အကြောင်းအရာ ၃ ခုလောက်ကို သေချာချပြပြီး အစိုးရဆီ မှာတောင်းဆိုမယ်။ သေချာပေါက် ကျိုက္ကဆံ ကွင်းကြီး အကြောင်းပါမယ်။ အချက်အလက်တွေ သေချာ စုပြီး သေချာဖော်ထုတ်ပြီး ထည့်ပြောမှာပေါ့။ သိမ်ဖြူကွင်းအကြောင်းပါမယ်။ နောက် မြကျွန်းသာ ပေါ့။ မြကျွန်း သာဆိုရင် လေထဲအထိကို တက်ပြီး ဆောက်နေတာတွေ ရှိတယ်။
အခု ကျိုက်က္ကဆံကွင်းဆိုရင် ဟိုး ဆိုရှယ်လစ် အစိုးရ လက်ထက်ကတည်းက၊ ဆိုရှယ်လစ် ခေတ် ကုန်ပိုင်းလောက်မှာ တချို့လူတွေက အစိုးရဆီမှာ ဒီကျိုက္ကဆံကွင်းကြီးကို တောင်းခဲ့ကြတယ်။ ဆိုရှယ် လစ်အစိုးရက မပေးခဲ့ဘူး။ ဒီအစိုးရထက် အမြော် အမြင် အများကြီးရှိတယ်။ ပေးလို့မရဘူး။ လူထု စုဝေးစရာ ဒီတခုပဲရှိတယ်။ အခုကျမှ လွန်လွန်ကျွံကျွံ ကို ရောင်းစားပစ်လိုက်တာတော့ ရန်ကုန်မြို့သူ မြို့သား အားလုံးအတွက် စိတ်မကောင်းစရာပဲ။ ကျနော်တို့ကတော့ ဒါကို အကြီးအကျယ် ကန့်ကွက် သွားမှာပါ။ အခုတောင် ခြံစည်းရိုးတွေ ခတ်လိုက်ပြီ လို့ ကြားတယ်။ ဒါက လုံးဝမဖြစ်သင့်ဘူး။
ရန်ကုန်ရဲ့ Green Area ကို နိုင်ငံတကာရဲ့ Green Area နဲ့ နှိုင်းယှဉ်ပြီးတော့ ပြထားတယ်။ ရန်ကုန်မှာ အစိမ်းရောင်ဆိုလို့ အသက်ရှုစရာဆိုလို့ မိုးရေတွေကျရင် စိမ့်ဝင်သွားစရာ မြေကြီးထဲရောက် သွားစရာဆိုလို့ မရှိဘူး။ ရှိသမျှအားလုံးက ခေါင်မိုးနဲ့၊ နောက်ဖေးကြမ်းခင်းနဲ့ ကားလမ်းနဲ့တင် ကုန်နေပြီ။ မြေအောက်ရေ ထဲကိုလည်း စီးဝင်စရာမရှိ၊ အပင် စိမ်းစိမ်းစိုစိုလည်းမရှိ။ အဲဒါတွေက ဘယ်သူလုပ်နေ တာလဲဆိုတော့ ရန်ကုန်မြို့မှာ နေတဲ့သူတွေကပဲ ကိုယ့်မြို့ကြီးကို ကိုယ် အဲဒီလို အသစ်ဆောက်ပြီး နေပစ်ဖို့ ကြိုးစားတာ ကတော့ အမြော်အမြင် နည်း လွန်းအားကြီးတယ်လို့ ကျနော်ထင်တယ်။
အမြော်အမြင် နည်းလွန်းအားကြီးတယ် ဆိုလို့ လူထုကိုမေးကြည့်။ လူထုမှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ လည်းမရှိဘူး၊ ရွေးပိုင်ခွင့်လည်းမရှိဘူး။ လူထုလက် ထဲကနေပြီးတော့ စီးပွားရေးသမားတွေရဲ့ လက်ထဲ ကို ထည့်လိုက်တာကတော့ တော်တော်ကိုဆိုးတယ်။ ဘယ်သူက ထည့်လိုက်တာလဲဆိုတော့ အာဏာ ပိုင် တွေက ထည့်လိုက်တာပေါ့။ အခုလို လွဲမှားတဲ့ ဆုံး ဖြတ်ချက်တွေနဲ့ လုပ်နေတာဟာ တနေ့တချိန်ကျရင် ရာဇဝင်မှာ ဘယ်သူပေးခဲ့လဲ၊ ဘယ်သူက ယူလိုက် တာလဲဆိုတာ ဘယ်သူမှ ထွက်ပြေးလို့ရမယ့်ကိစ္စ မဟုတ်ဘူး။
ကျနော်တို့ ပညာရှင်တွေကတော့ အမြင်မတော် ဘူး၊ မသင့်ဘူးဆိုရင် ပြောစရာရှိတာကို ပြောတဲ့ သဘောပဲ။ ဘယ်သူ့ကိုမှ မနာလိုလို့ပြောတာမဟုတ် ဘူး။ ဘယ်သူလုပ်တာလဲဆိုတာ အထင်အရှားလည်း ရှိနေတော့ လူထုဘက်ကနေ နိုင်ငံအတွက် ပြောသင့် ပြောထိုက်တာ တွေကိုတော့ ပြောရမှာပဲ။
ဦးဂျင်မီ (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ဒီကိစ္စတွေကြောင့် ဘယ်သူတွေမှာ သွားနစ်နာ လဲဆိုတော့ လူငယ်တွေနဲ့ ကလေးတွေမှာ သွားနစ် နာတယ်။ ကလေးဘဝမှာ လွတ်လွတ်လပ်လပ်နဲ့ ကစားလို့ရမယ့် ကစားကွင်းတွေ ပျောက်သွားတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ကျနော်တို့ ရပ် ကွက်တွေမှာ ကစားကွင်းတွေရှိတယ်လေ။ ဘောလုံး ကစားကြတယ်။ ဘောလုံးကစားကြတယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ်၊ ဘောလုံးစွမ်းရည်ကအစ တိုးတက်လာ တယ်။ အခုဘောလုံး ကန်စရာမြေ မရှိဘူး။
အစိုးရက အဲဒါတွေကိုမလုပ်ပေးနိုင်ဘူး။ မလုပ် ပေးနိုင်တော့ ပုဂ္ဂလိကကို အပ်တယ်။ ပုဂ္ဂလိက ကလည်း ဘယ်လောက်တောင် လုပ်လိုက်လဲဆိုရင် ၁၄-၁၅ လမ်းဆုံက ပန်းခြံကြီးကို ဘာလုပ်လိုက်လဲ ဆိုတော့ တိုက်ဆောက်ပြီး တိုက်ခေါင်မိုးပေါ်မှာ တင်ပေးလိုက်တယ်။ ဟိုးအပေါ်ဆုံးရောက်သွားတယ်။ မြို့ပြဖွံ့ဖြိုးရေးကို တည်ဆောက်တယ် ဆိုတာက စနစ်တကျ တည်ဆောက်ဖို့လိုတယ်။ လူတွေရဲ့ ကျန်းမာရေးကိစ္စတွေ ထည့်တွက်ရတယ်။ ပန်းခြံ တွေ၊ ကစားကွင်းတွေ မရှိရင် ရပ်ကွက်ထဲမှာရှိတဲ့ ကလေး၊ လူကြီးတွေရဲ့ ကျန်းမာရေးအတွက်ရော၊ ပညာရေးနဲ့ ဖွံ့ဖြိုးမှုတွေမှာပါ ထိခိုက်မှုတွေရှိနိုင်တယ်။
စစ်ရုံးကိုလည်း Dagon City ဆိုပြီး ဖြစ်လာ တာမျိုးတွေ တွေ့တယ်။ အဲဒီလို ကန်ထရိုက်တွေ အများကြီး ခွင့်ပြုလိုက်တဲ့အခါ ရန်ကုန်မြို့က ရေကြီး၊ ရေလျှံမှုတွေ ပိုဖြစ်လာတယ်။ ကန်ထရိုက်တိုက်ကို ဆောက်တဲ့ အခါမှာ တချို့က ရေမြောင်းစနစ်တွေ ဘာတွေ သေချာမလုပ်ဘူး။ အဲဒီတော့ မြောင်းတွေ ကပိတ်ကုန် တယ်။ ရေစီးရေလာစနစ်တွေက မကောင်း တော့ဘူး။
အခုရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ အများကြီး ဖြစ်လာပြီး ဈေးတွေကလည်း တကယ့်သူဌေးတွေမှ ဝယ်နိုင်တဲ့ဈေးမျိုးတွေ။ အဲဒါမျိုး ဆောက်မယ်ဆိုရင်တော့ တကယ့် မြို့ပြ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီဆောက်သင့်တယ်လို့ မြင်တယ်။
ဦးမြင့်ဖေ (ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း)
ကျနော့် ပုဂ္ဂလိကအမြင် ပြောရရင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းမှာ ကော်မတီတခု ရှိတယ်။ အဲဒီ ကော်မ တီမှာ သတ်မှတ်ချက်တွေ ရှိတယ်။ ဥပမာ ရှေးဟောင်းအမွေအနှစ်တွေကို မကွယ်မကာအောင် ဘယ်နှစ် ထပ်ဆောက်ရမယ် ဆိုတာမျိုးတွေ ရှိတယ်။ လုပ်ရမှာက တိုးတက်မှုလည်းရှိစေ၊ ရှေးဟောင်းအမွေ အနှစ်တွေလည်း မပျက်စေနဲ့ပေါ့ဗျာ။ စင်ကာပူနိုင်ငံ ဆိုရင်လည်း သူ့ရဲ့ ရှေးဟောင်းပစ္စည်းလေးတွေ ဒီအတိုင်းထားပြီးတော့ ကျန်တာလေးတွေ ထပ်တိုး ချဲ့တာရှိတာပေါ့။ အဲဒီလို ထိန်းထိန်းသိမ်းသိမ်း လုပ် သွားသင့်တယ်။
ဒီနေရာက အကွက်ကောင်းတယ်၊ တိုက်ဆောက် မယ်၊ ပိုက်ဆံများများ ရမယ်ဆိုပြီး လုပ်လိုက်ရင် အဲဒါတော့မကောင်းဘူး။ နိုင်ငံတကာမှာ အထင်ကရ နေရာတွေကိုတွေ ချန်ချန်ထားရတယ်။ အခုမြင်းပြိုင် ကွင်းကြီးဆိုရင် စိမ်းစိမ်းစိုစိုနဲ့ ကွက်လပ်ကြီးအဖြစ် ရှိနေဖို့ ကောင်းတဲ့နေရာပဲ။ စီးပွားရေးသမားတွေ အတွက်ကျတော့လည်း မျက်စိကျစရာ နေရာကြီးပေါ့ ဗျာ။ ဒီပြဿနာကျတော့ နိုင်ငံကိုအုပ်ချုပ်တဲ့ လူကြီး တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာ မူတည်တယ်။ ထားသင့်တာတွေ ထားရမယ်။ နောက် ဘယ်တော့မှ ပြန် မရနိုင်တော့တဲ့ အရာတွေဆိုရင် ထားခဲ့ရမယ်။
မြို့ပြမှာနေထိုင်တဲ့ လူတယောက် အနေနဲ့က တော့ ကောင်းတာကို ခံစားရသလို ဆိုးတာကိုလည်း ခံစားရတယ်။ မြို့ပြလည်း ဖွံ့ဖြိုးလာစေ၊ ပြည်သူ လူထုလည်း သက်သာချောင်ချိမှုရှိစေဆိုတဲ့ အနေအ ထားမျိုးကိုပဲ လိုချင်တယ်။ ဒီမှာက မြို့ပြနဲ့ဆိုင်တဲ့ ဥပဒေတွေရှိပေမယ့် မလိုက်နာကြဘူး။
အရင်ကဆိုရင် ရပ်ကွက်တွေမှာ ပန်းခြံလေး တွေ၊ အားကစားကွင်းလေးတွေ ရှိခဲ့ကြတယ်။ အခု တော့ တော်တော်များများကို ဂရန်တွေ ဘာတွေ ထုတ်ပြီး ဆောက်လိုက်ကြပြီလေ။ မရှိကြတော့ဘူး။
ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)
ရန်ကုန်မြို့ပြကို ကာကွယ်စောင့်ရှောက်ဖို့ မြို့ပြ ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဖွဲ့ပြီးတော့ ရန်ကုန် မြို့ပြထိန်းသိမ်းရေး ဥပဒေလုပ်ပေးပါဆိုပြီး ရန်ကုန် တိုင်းအစိုးရလွှတ်တော်ကို တင်ပြခဲ့ပေမယ့် မအောင် မြင်ခဲ့ဘူး။ အစိုးရက အပြတ်ကိုငြင်းတယ်။ မဲခွဲတော့ လည်း ရှုံးတယ်။ တိုင်းအစိုးရ ကိုယ်တိုင်က ကတိပြု မထားတဲ့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတဲ့ ခံစားချက်လည်း ရှိဟန်မတူဘူး။ အန်တီတင်တဲ့အဆိုကို အသိအမှတ်လည်း မပြုဘူး။ မလုပ်နိုင်ဘူးဆိုပြီးတော့ တန်းငြင်းလိုက်တာ။ အဲဒီ တုန်းက သိလိုက်ရတာက မြို့ပြအမွေအနှစ် ထိန်း သိမ်းရေးကို ဒီအစိုးရက သဘောပေါက်၊ နားလည်ပုံ သိပ်မရဘူး။ မြို့ပြအမွေအနှစ်ဆိုတာ ဘာတွေလဲ ဆိုတာတောင် ကောင်းကောင်းနားလည်ပုံ မရဘူး။
အဲဒါကြောင့်မိုလို့ ဘုရားကိုကွယ်တဲ့ ဆောက် လုပ်ရေးလုပ်ငန်းတွေ ဖြစ်လာတာ။ အန်တီက ခဏ ခဏ Green Area အကြောင်းလည်း ပြောတယ်။ သိမ်ဖြူကွင်းတို့လို ထိန်းသိမ်းရမယ့် နေရာတွေ အကြောင်းလည်း ခဏခဏ ပြောတယ်။ အဲဒီလို နေရာတွေကို စီးပွားရေး လုပ်ငန်းရှင်တွေကို မပေးဖို့၊ ရွှေတိဂုံဘုရားကိုကွယ် တဲ့ နေရာတွေကိုလည်း မပေးဖို့ ပြောခဲ့တယ်။ အန်တီမှ မဟုတ်ဘူး၊ တခြား လွှတ်တော်ကိုယ်စားလှယ်တွေ လည်း ပြောတယ်။
ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာ အမြတ်ရဖို့၊ ဝင်ငွေတိုးပြီးရှာဖို့ ဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်တာ များနေတယ်။ ဒါပေမယ့် အန်တီအနေနဲ့ကတော့ ဒီလို ဥပဒေ ပေါ်ပေါက်လာအောင် ထပ်ပြီးတော့ ကြိုးစားမှာပါ။ ကြိုးစား ရင်လည်း မအောင်မြင်ဖို့က များနေတယ်။ အန်တီလည်း ဘယ်လိုလုပ်ရမယ်မှန်းကို မသိတော့ဘူး။ တခြားသော လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်ရမယ့် သဘောရှိတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ စည်းရုံး၊ စည်းရုံးအစိုးရက မလုပ်ချင်ရင်တော့ ဘာမှ မတတ်နိုင်တော့ဘူး။
ဦးကြီးမြင့်
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်
အခုသတင်းတွေကြားရတာ တော်တော်စိတ်မ ကောင်း ဖြစ်မိတယ်။ တို့ ရန်ကုန်ပတ်ဝန်းကျင်က အသင်းရုံး ချုပ်တွေ၊ မှတ်တမ်းရုံးတွေက နည်းတဲ့ ဧရိယာကြီးတွေ မဟုတ်ဘူးကွာ။ အဲဒါကြီးတွေက အများပြည်သူနဲ့ ဆိုင်တဲ့ အဆောက်အဦတွေ၊ ဒါတွေ ကို ပြန်ဆောက်ရင်တောင် မြို့ပြအမွေအနှစ်ကို မထိ ခိုက်စေဘဲ နဲ့ ပြန်ဆောက်သင့်တာ။ သဘာဝပတ်ဝန်း ကျင်ကိုလည်း မထိခိုက်စေဘဲနဲ့ နိုင်ငံတော်အတွက် လည်း အကျိုးရှိမယ့် အဆောက်အအုံမျိုးတွေကိုပဲ ပြန်ဆောက်သင့်တယ်။ ဆောက်တဲ့အခါမှာလည်း တို့ရွှေတိဂုံ ဘုရားကြီးကို ကွယ်မသွားအောင် မြို့ပြ အမွေအနှစ်တွေကို မထိခိုက်အောင် ပြန်ဆောက် သင့်တာပေါ့။ အဲဒီလို လုပ်ရမယ့်အစား ပုဂ္ဂလိက လက်ထဲကိုထိုးပြီးတော့ ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ရောင်းစားလိုက်တာ မျိုး ဖြစ်နေတယ်။ တို့ပြည်သူ ပြည်သားတွေဆီကိုလည်း မသွားဘဲနဲ့ ရောင်းစား လိုက်ကြတယ်။
နောက်တချက်က National Heritage နဲ့ ပတ်သက်လို့ လုံးဝမစဉ်းစားကြဘူး။ ဆောက်တဲ့သူကလည်း မစဉ်းစားဘူး။ သူတို့က နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ပြီး သူတို့အမြတ်ရရေး ကိစ္စတခုတည်းကို ပဲလုပ်မယ်။ ဘာပတ်ဝန်းကျင်မှလည်း ဂရုမစိုက်ဘူး။ တချို့ကလည်း တင်ဒါအောင်တုန်းက မပါတဲ့ စည်း မျဉ်းစည်းကမ်းတွေနဲ့ တချို့ နိုင်ငံပိုင် နေရာတွေကိုပါ ထည့်ယူသွားတာမျိုးတွေ ရှိတယ်။
အခု ငွေစာရင်းမင်းကြီးရုံးဆိုရင်လည်း ဦးအောင် သောင်းရဲ့သားပိုင်တဲ့ အမရဘဏ်က ဘဏ်ဖွင့်မယ် လို့ ကြားထားတယ်။ အဲဒါလည်း နိုင်ငံပိုင်အဆောက် အအုံ၊ နိုင်ငံပိုင်မြေကြီးတွေပဲ။ အဲဒါမျိုးတွေကို နိုင်ငံ တော်က ပုဂ္ဂလိကကို ငှားရမ်းတဲ့အခါ ဝင်ငွေရတယ်၊ လူတွေလည်း အလုပ်အကိုင်ရတယ် ဆိုပေမယ့် လူ တဦး တယောက်လက်ထဲကို ထိုးအပ်တဲ့ပုံစံမျိုး မလုပ် သင့်ဘူး။ အခုအဲဒီနေရာနားကို လမ်းဘေးဈေးသည် တွေ ကို မောင်းထုတ်နေပြီ။ ဈေးမရောင်းခိုင်းတော့ ဘူး။
နောက်တခါ ကျိုက္ကဆံကွင်းကြီးကိုလည်းဒီလိုပဲ၊ အားကစားဝန်ကြီးဌာနက ဦးတင့်ဆန်းက သူ့သဘော နဲ့သူ ပုဂ္ဂလိကကို ရောင်းစားလိုက်တာ အခုပြဿနာ တက်နေပြီ။ ဒီကိစ္စက အမျိုးသားအမွေအနှစ်၊ ဂုဏ် သိက္ခာတွေကို ထိခိုက်တာပဲ။ အဲဒီတော့ ငါတို့ပြုတ်ခါ နီးမှာ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကတော့ ဒီလူတွေဟာ အင်မတန်ကိုကွာ။ ဘယ်လို ပြောမလဲ။ အမျိုးသားသစ္စာဖောက်လို့ ပြောရမှာပဲ။ မလုပ်သင့် မလုပ်ထိုက် တာတွေ လုပ်တဲ့သူ့ကို အမျိုးသား သစ္စာဖောက်လို့ မခေါ်ရင် ဘယ်သူ့ကို ခေါ်မလဲ။ အဲဒါကြောင့် ဒီကိစ္စတွေ ကို လုပ်နေတဲ့သူတွေကို တော်တော်စိတ်ဆိုးတယ်။
ဧရာဝတီ

No comments:
Post a Comment