Wednesday, February 18, 2015

အစိုးရနှင့် KNU ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေမည်


အစိုးရတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တပ်နေရာချထားရေး ကိစ္စများကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းမှစ၍ သီးသန့်ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အင်းစိန်မြို့နယ်၊ ဦးယောဟန်ခြံတွင် ပြုလုပ်ခဲ့သည့် “ငြိမ်းချမ်းရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို ဘာ့ကြောင့် လတ်မှတ်ထိုးလိုက်ရလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကရင်လူထု နှင့် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးတို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီး မူတူးဆေးဖိုး၏အတွင်းရေးမှူး စော တာ မူလာက ဧရာဝတီသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အတွင်းရေးမှူး စောတာမူလာက “ဒီလကုန်ပိုင်းမှာ ကျနော်တို့နဲ့ မြန်မာ့တပ်မတော်က အာဏာရှိတဲ့ ဆုံးဖြတ် ခွင့်ရှိတဲ့ အလယ်အဆင့်၊ အထက်အဆင့် အပါအ၀င် ဗိုလ်ချုပ်ကြီးများက ကျနော်တို့ အဖွဲ့နဲ့ စပြီး တွေ့ ဆုံ ဆွေးနွေကြတော့မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် ဆွေးနွေးရာတွင် ကရင်ပြည်နယ်အတွင်း ချထားသည့် တပ်မတော်၏ စစ်စခန်းများ တဖြည်းဖြည်း ဆုတ်ခွာပေးရန်၊ ဒေသခံများ လွတ်လွတ်လပ်လပ် သွားလာနိုင်ရန်၊ တောတောင်အတွင်း စားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင်နိုင်ရန်၊ သိမ်းဆည်းထားသည့် ဘုန်းကြီးကျောင်း နယ်မြေများ၊ ဘာသာရေး အထွတ်အမြတ် နေရာများရှိ တပ်စခန်းများကိုလည်း ရွေ့ပြောင်းပေးရန်၊ လုံခြုံရေးအ ရ ရွှေ့ပြောင်း ခိုင်းခြင်း မဟုတ်ဘဲ ကရင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိစေရန် တပ်စခန်း ရွှေ့ပြောင်းမှု များကို လုပ်ဆောင်ပေးစေလိုကြောင်း စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

ထိုအချက်အလက်များအား တပ်မတော်နှင့် KNU တို့ကြား အကြို ပြောဆိုဆွေးနွေးမှုများလည်း ရှိနေပြီ ဟု စောတာမူလာက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်က ဦးဆောင် ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ လုပ်ဆောင်ချက်များကို အားမရတော့သဖြင့် KNU အနေဖြင့် သီးခြား ညှိနှိုင်းမှုများ လုပ်ဆောင်တော့မည် သဘောဖြစ်ကြောင်း KNU အဖွဲ့က ပြောသည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကလည်း “နိုင်ငံရေး ပဋိပက္ခတွေကို စစ်မြေပြင်မှာ ရှင်းဖို့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး ဆိုတာ သိလာလို့ ကျနော်တို့ သွေးထွက်သံယိုနည်းနဲ့ မဟုတ်တော့ဘဲ သွေးထွက်သံယိုမှု ကင်းတဲ့ စစ်မြေပြင်ကို ကျနော်တို့ KNU တက်လှမ်းနေပါပြီ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းပါမယ်၊ ဒါမှ ဖြေလျှော့လို့ ရမယ့် ကိစ္စဖြစ်တယ်” ဟု ပြောသည်။

NCCT ၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိသည်ကို သတိထား ကြည့်စေလိုကြောင်း၊ အပစ်ရပ်ရေး ကို အောင်မြင်အောင် ဆွေးနွေးမှု မပြုသည့်အပြင် ဖက်ဒရယ် တပ်မတော်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖွဲ့ခဲ့ကြောင်း KNU က ဆိုသည်။

ထို့အပြင် အပစ်ရပ်ဆွေးနွေးမှု ရပ်တန့်နေစဉ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌလည်းဖြစ်၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လက တခြား တိုင်းရင်းသားအဖွဲ့များကို အကြောင်းကြားခြင်း မရှိခဲ့ဘဲ ဖက်ဒရယ် တည်ဆောက်ရေး ဆိုင်ရာ အချက်အလက်များကို သမ္မတထံသို့ ပေးပို့ခဲ့ကြောင်း၊ ထို့နောက် အပစ်ရပ်စာချုပ် (NCA) ညှိနှိုင်းမှုမှာ လည်း အင်မတန် စိုးရိမ်စရာ အခြေအနေတွင် ရောက်ရှိနေကြောင်း၊ NCA ပျက်ပြားစေရန် လုပ်ဆောင်ချက် တချို့ကိုလည်း တွေ့နေရသည်ဟု ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ကရင်လူထုကို ပြောကြားခဲ့သည်။

ထိုအခြေအနေများကြောင့် KNU က ဦးဆောင်၍ ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ဆက်လက် လုပ်ဆောင် သွားနိုင်ရန်၊ မရပ်တန့်စေရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ (ပြည်ထောင်စုနေ့) က အစိုးရအဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ဆက်လက် သွားမည်ဖြစ်ကြောင်း ကတိပြုချက် လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။

အဆိုပါ ကတိပြုချက်တွင် KNU အပါအ၀င် ကရင်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၃ ဖွဲ့ပါဝင်ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီကလည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သော်လည်း တခြား တိုင်းရင်းသားအဖွဲ့များ ပါဝင်ခဲ့ခြင်း မရှိပေ။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကမူ အစိုးရဘက်မှ ထုတ်ပြလာသည့် ဖက်ဒရယ်မူမှာ ယေဘုယျဆန် လွန်းပြီး ခိုင်မာသည့် ကတိက၀တ်များ မရှိခြင်းကြောင့် အပြောင်းအလဲ လုပ်မည်ကို စိုးရိမ်မှု ရှိနေခြင်း၊ ယုံကြည်မှု အားနည်းနေခြင်းတို့ကြောင့် လက်မှတ် မထိုးဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စုနေ့တွင် ပါဝင်လက်မှတ် မထိုးရခြင်းနှင့် ပတ်သက်၍ ဧရာဝတီသို့ ရှင်းပြခဲ့သည်။

ငြိမ်းချမ်းရေးကိစ္စရပ်များကို ရှေ့ဆက်သွားနိုင်ရန် KNU အနေဖြင့် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား တပ်ဖွဲ့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ကို စည်းရုံးထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

တခြား တိုင်းရင်းသားတပ်ဖွဲ့များကို ညှိနှိုင်းခဲ့သော်လည်း ပါဝင်လာခြင်း မရှိဟု စောတာမူလာက ဆိုသည်။

လတ်တလောတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောထား အမျိုးမျိုး ရှိသော်လည်း တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို အတူတကွ လက်မှတ်ထိုးရန် ကတိပြုထားသည်ဟုလည်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List