Thursday, February 19, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Messenger မီဒီယာ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော် ဝါရီ ၁၄ ရက် ညနေ ၄ နာရီ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြည်တွင်း သတင်းမီဒီယာများ ဖြစ်သည့် Sky Net၊ Tomorrow၊ 7 Day၊ Yangon Times၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ဆုံ၍ သတင်း မီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ တွေ့ဆုံ မေးမြန်းခဲ့သည့် သတင်း မီဒီယာများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က Messenger မီဒီယာနှင့် တွေ့ဆုံစဉ် သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံအား ပြည် သူအများ သိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

Messenger - မင်္ဂလာပါ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဟုတ်ကဲ့၊ မင်္ဂလာပါ။

Messenger - ကျွန်တော်တို့ အခုလို ဗိုလ်ချုပ်မှူးကြီး၊ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပေါ့နော် သတင်း မီဒီယာတွေ အပေါ်မှာ အခုလို အလေးအနက်ထား ဖြေကြား ပေးတာကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ နောက်ကျွန်တော်တို့ နိုင်ငံက လက်ရှိမှာ ဒီလိုပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတဲ့ အချိန်ကျတော့ အဖက်ဖက်က လိုအပ်ချက်တွေလည်း ရှိနေသေးတာ ပေါ့နော်။ ကျွန်တော်တို့ မီဒီယာတွေလည်း အဲဒီအထဲမှာ အပါအဝင်ပါပဲ၊ ဒါကဒီလို ဖြစ်နေတယ် ဆိုတာကို ကျွန်တော် တို့ နိုင်ငံ အကြီးအကဲတွေလည်း ပြောလေ့ပြောထ ရှိပါတယ်။

အခုကျွန်တော် သိချင် တာလေးကတော့ တပ်မတော်ရဲ့ စစ်လက်နက် စက်ရုံ သတင်းနဲ့ ပတ်သက်ပြီးတော့ သတင်း ရေးသားခဲ့တဲ့ သတင်းထောက်တွေ အရေးယူ ခံရတာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘာများကူညီ ဆောင်ရွက် ပေးနိုင်ပါသလဲ ဆိုတာလေးကို သိချင်ပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ကပစ(၂၄) ဖြစ်စဉ်လား။

Messenger - ဟုတ်ကဲ့ပါ ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - Intention ပေါ့။

Messenger - ဟုတ်ကဲ့ပါ ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - သူတို့ရဲ့ Intention က သိပ်စကား ပြောပါတယ်။ တချို့ကျတော့လည်း သတင်းအနေနဲ့ လက်ဦးမှု ရပြီးတော့မှ လုပ်တဲ့ သတင်းလည်း ရှိပါတယ်။ တချို့ကျတော့လည်း သူများကို ဒုက္ခ ရောက်အောင်ရေးတဲ့ သတင်း မျိုးလည်း ရှိပါတယ်။ တချို့ ကျတော့လည်း အကျိုးအမြတ် တစ်ခုနဲ့ ရေး တဲ့ သတင်းလည်း ရှိပါတယ်။ တချို့ ကျတော့လည်း နိုင်ငံတကာမှာ ပြဿနာတက်အောင် ဖန်တီး ပေးတာပေါ့၊ ဒီလိုလည်း ရှိပါတယ်။ အဲတော့ ဒီနေရာမှာ ဒီကာကွယ်ရေး ပစ္စည်းနဲ့ ပတ်သက်တဲ့ စက်ရုံနဲ့ ပတ်သက် ပြီး ဖြစ်လာတဲ့ ပြဿနာလည်း ပြန်ပြီး ကြည့်တာပေါ့။ ဒါတွေကတော့ တကယ့် Limited ထားတဲ့ဟာ၊ တကယ့်ကို အင်မတန် အရေးကြီးတဲ့ နေရာတွေ ဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နေရာ မှန်သမျှသည် လျှို့ဝှက်တဲ့ နေရာတွေကြီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပစ္စည်းနဲ့ ပတ်သက်ရင် ပိုပြီးတော့ ဆိုးတာပေါ့။ ဆိုတော့ ဒီနေရာမှာလည်း ဒီမတိုင်ခင် ကတည်းက ဖြစ်နေတဲ့ ကိစ္စက ဘာလဲ ဆိုလို့ရှိရင် တို့မြန်မာ နိုင်ငံမှာ တပ်မတော်က နျူကလီယား လက်နက်တွေ ထုတ်နေတယ်၊ အဖျက်စွမ်းအား ပြင်းတဲ့ လက်နက်တွေ ထုတ်နေတယ် ဒီလိုလေး ပြောတာတွေ ရှိတာပေါ့။ နောက်တစ်ခါ မြောက်ကိုရီးယားနဲ့ ဆက်သွယ်ပြီးတော့ လုပ်နေတဲ့ ကိစ္စတွေ ရှိတယ် စသဖြင့် အသီးသီး ပြောတာတွေ ရှိတယ်။ အခုလည်း ဒါနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကတော့ အကြောင်း အမျိုးမျိုးနဲ့ ဆက်ဆံ ခဲ့ရတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ ဒီဖက်ကာလ ၂ဝ၁၂ ခုနှစ် အရွေးချယ်ခံ အစိုးရ တက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဒါတွေက ဘာမှ မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ဒါတွေကို ပြဿနာ ရှာနေတုန်းပဲ။ နိုင်ငံတကာ မျက်နှာစာမှာ ဒါတွေကို ဖော်ပြပြီးတော့မှ တပ်မတော်ရော အစိုးရရော အကျပ် အတည်း ဖြစ်အောင် လုပ်တာပေါ့။ ဒီနေရာမှာ ဒီဟာကြီးက အကြောင်းအရာ တစ်ခုအနေနဲ့ ပါလာတာပေါ့။ တကယ်တော့ ဒီစက်ရုံကတော့ တပ်မတော်က ကာကွယ်ရေး ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်တဲ့စက်ရုံတော့ မှန်ပါတယ်။ သို့သော်လည်းပဲ သူတို့အများ စိတ်ဝင်စားနေတဲ့ အခုန နျူကလီးယားနဲ့ပတ်သက်တာ ဘာညာတော့ ဘာမှမဟုတ်ပါဘူး။ သက်သက်ကို ဒါဖွပြီးရေးတဲ့ သဘောပဲ ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ သူက ဘာကြောင့် ဒီသတင်းကို ရေးသလဲ ဆိုတော့ သူ့ရဲ့ Intention ဘာမှန်းတော့ မသိဘူးပေါ့။ သူရဲ့ နောက်ကြောင်းတွေ ပြန်ကြည့်တဲ့ အခါကျတော့ အဖွဲ့အစည်း တွေနဲ့ ပတ်သက်တာကို သွားတွေ့တယ်။ တစ်ဖက်ကလည်း တို့တပ်မတော်နဲ့များ ဘေး ကျပ်နံကျပ် ဖြစ်အောင် လုပ်တဲ့ သဘောလည်း ယူဆလို့ ရတာပေါ့လေ။ သို့သော် ဥပဒေကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လျှို့ဝှက်တဲ့ဟာ တစ်ခုကို ထိခိုက်ပြီ ဆိုကတည်းကတော့ ခွင့်လွှတ်လို့တော့ မရဘူး။ ဒါကြောင့်လည်း မြို့နယ် တရားရုံး၊ ခရိုင် တရားရုံး ကနေပြီးတော့ အရေးယူပြီးတော့မှ နောက်ဆုံးတော့ ဒီဘက် High court ထိရောက်တယ် ထင်တယ်။ ပြည်ထောင်စု တရားလွှတ်တော်ထိ ရောက်တယ် ထင်တယ်။ အတတ်နိုင်ဆုံးကတော့ ဥပဒေနဲ့အညီ အကောင်းဆုံး ဖြစ်အောင်တော့ ဆောင်ရွက် ပေးနိုင်ပါ လိမ့်မယ်။ ဒါပေမဲ့လည်း နောက်ကျရင်တော့ ဒါမျိုးနဲ့ ပတ်သက်ရင်၊ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းမျိုး ဆိုရင်တော့ သတိကြီးစွာ ထားပြီးတော့ ရေးစေချင်တယ်။ နိုင်ငံတကာ မှာလည်း ဘယ်နိုင်ငံမှ ခွင့်မပြုဘူး။ တချို့နိုင်ငံတွေမှာ ဆိုရင် ကြီးမားတဲ့ ပြစ်ဒဏ်တွေ သူတို့ ချပါတယ်။ တရုတ်နိုင်ငံမျိုး ဆိုလို့ရှိရင် ဒါမျိုးလုံးဝ မရပါဘူး။ ပြောရရင် သေဒဏ်ထိုက်တဲ့ အမှုလို့ သတ်မှတ်ထားတဲ့ ကိစ္စပါ။ အမေရိကန်ဆိုလို့ ရှိရင် လည်း နှစ်ရှည် လများကိုတောင် ထောင်ချပစ်တဲ့ အမှုမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိမ်းအစောင်း မခံတဲ့ကိစ္စလို ဖြစ်တယ်၊ ဒါကို အခွင့်အရေး တစ်ခု အနေနဲ့ အသုံးမချ စေချင်ဘူးလို့တော့ ပြောလိုပါတယ်။

Messenger - ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နောက်မေးခွန်း တစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ သိပ်မကြာ သေးခင်က အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် ပေါ့နော် ဘီလာရုစ်လို နိုင်ငံမျိုးတွေကို ခရီးထွက် ခဲ့တာတွေ ရှိတာပေါ့နော်။ နိုင်ငံရေး သုံးသပ်သူ တွေကလည်း ဒီခရီးစဉ်တွေပေါ်မှာ ကြည့်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ နောင်တစ်ချိန်မှာ သမ္မတ ရာထူးအတွက် ကြိုတင်ပြင်ဆင်တယ် ဆိုပြီးတော့ သုံးသပ်တာမျိုး တွေလည်း ရှိတာပေါ့နော်။ အဲတော့ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အင်တာဗျူး တစ်ခုမှာ တပ်မတော်က လုပ်သက်ပြည့်ရင် အငြိမ်းစားယူမယ် ဆိုပြီးတော့ ဥပဒေအတိုင်း အငြိမ်းစားယူမယ် ဆိုပြီးတော့ ပြောထားခဲ့တာ ကျွန်တော်တို့ အမှတ် မမှားဘူးဆို အဲဒီလို ကြားထားဖူးပါတယ် ခင်ဗျာ။ အဲတော့ အငြိမ်းစား ယူပြီးရင် ဘာလုပ်မယ် ဘာမလုပ်ဘူး ဆိုတာကိုတော့ ထည့်ပြောထားတာမျိုး မရှိတဲ့ အခါကျတော့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ မျှော်မှန်းထားတဲ့ အခြေအနေ မျိုးများ ဖြစ်လာနိုင်မလား ဆိုတာလေး သိချင်တာပါ ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ပြည်ပနိုင်ငံတွေ ခရီးသွားတယ် ဆိုတာတော့ တပ်မတော်ချင်း ရင်းနှီးဖို့ လိုတယ်ပေါ့။ နိုင် ငံတကာနဲ့ ရင်းနှီးဖို့ အတွက်ပေါ့။ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ နှစ်ပိုင်း ရှိပါတယ်။ အစိုးရချင်း ဆက် ဆံရေးအပိုင်း ရှိတယ်။ တပ်မတော်ချင်း ဆက်ဆံရေးအပိုင်း ရှိတာပေါ့။ တပ်မတော် ဆိုတာကတော့ နိုင်ငံ တိုင်းမှာတော့ အမြဲတမ်းရှိနေတဲ့ အဖွဲ့အစည်း တွေပေါ့။ အစိုးရ ဆိုတာကတော့ သူ့ဟာနဲ့သူ အပြောင်း အလဲလည်း ရှိကောင်းရှိသွား နိုင်တာပေါ့လေ။ ဒါတော့ ကံသေကံမတော့ ပြောလို့မရဘူး။ သို့သော် ခိုင်မာမှုကတော့ တပ်မတော်ချင်း ဆက်ဆံရေး ခိုင်မာမှုကတော့ ပိုပြီးတော့ ရှိပါတယ်။ ဒါကြောင့် နိုင်ငံ တိုင်း နိုင်ငံတိုင်းလည်း အစိုးရချင်း ဆက်ဆံရေးသော် လည်းကောင်း တပ်မတော်ချင်း ဆက်ဆံရေးသော် လည်းကောင်း လုပ်ကြပါတယ်။ အိမ်နီးနားချင်း နိုင်ငံအားလုံးကို သွားပါတယ်။ ဒေသတွင်း နိုင် ငံတွေ တော်တော် များများကို သွားပါတယ်။ အဝေးဆိုရင် ရုရှားတို့၊ ဘီလာရုစ်တို့ ရောက်ပါတယ်။ သူတို့လည်း အရင်ကတည်းက မိတ်ဆွေနိုင်ငံတွေ ဖြစ်ပါတယ်။ မိတ်ဆွေ နိုင်ငံတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့နဲ့ ရင်းရင်းနှီးနှီး ဖြစ်အောင်လို့မို့ သွားတာလည်း ပါပါတယ်။ ဒီနိုင်ငံတွေရဲ့ တိုးတက်မှုတွေပေါ့။ ဖွံ့ဖြိုး တိုးတက်မှုတွေကို ကြည့်ပြီးတော့ ကိုယ့်တိုင်းပြည်မှာ ဘယ်လိုဖွံ့ဖြိုး တိုးတက်အောင် လုပ်မလဲဆိုတဲ့ အတွေ့အကြုံတွေ ရအောင် သွားယူတာလည်း ပါပါတယ်။ နောက် သူတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ခြင်းအားဖြင့် သူတို့ နိုင်ငံတွေ ရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားတွေပေါ့ ကမ္ဘာ့အမြင်၊ နိုင်ငံ့ အမြင်၊ စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင် စသည်ဖြင့် သူတို့မှာ အမြင်တွေ မျိုးစုံရှိတယ်။ ကိုယ်တို့ကိုယ်တိုင် အတွေ့ အကြုံတွေလည်း ရပြီးတော့ ကိုယ်တို့ ဒီမှာလည်း တိုင်းပြည် တည်ဆောက်ရေး နေရာတွေမှာ အသုံးချလို့ ရမယ်လို့ ယူဆပါတယ်။ ခုနက ဟိုဘက်လိုင်းကို သွားဖို့အတွက် ဆိုတာမျိုးတော့ ဒီလို ရည်ရွယ်တာတော့ မဟုတ်ဘူး။ သေချာတယ် ဒါတော့ သေချာတယ်။ ဒီအတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည်ကို ဘယ်လို ကောင်းအောင် လုပ်မလဲ၊ တပ်မတော်ကို ဘယ်လို ကောင်းအောင် လုပ်နိုင်မလဲ ဒါဟာတော့ ရည်ရွယ်ချက်ကတော့ ဒီရည်ရွယ်ချက်ပါ။ ကိုယ့်တိုင်းပြည်လည်း သူများလိုပဲ ကောင်းတဲ့ တကယ့်ကို စံချိန်မီတဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ပါတယ်။ ခေတ်မီတဲ့ တပ်မတော်တစ်ရပ်၊ ခေတ်မီတဲ့ နိုင်ငံတစ်ခု ဖြစ်ချင်တယ်။ သူများကို သွားပြီးတော့ သွားရည်ကျပြီးတော့ အားကျနေလို့ မရဘူးလေ။ သူတို့ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး ကိုယ့်တိုင်းပြည်မှာ ဘယ်လိုဖြစ်အောင် လုပ်မလဲ အဲလို ဖြစ်နိုင်အောင် အခြေအနေကို ဘယ်လို ဖန်တီးမလဲ၊ ဒါကျတော့ တည်ငြိမ် အေးချမ်းဖို့ ဘယ်လို ကြိုးစားမလဲ၊ စည်းလုံး ညီညွတ်အောင် ဘယ်လိုကြိုးစား မလဲ၊ တကယ့် အရင်းခံတိုင်းက ဒါပါပဲ။ နောက် အသက် ၆ဝ ပြည့်ရင် ဘာညာ ဆိုတာကတော့ ကိုယ်က ၂ဝ၁၆ ခုနှစ်ကျမှ အသက် ၆ဝ ပြည့်မှာပါ၊ လိုပါသေးတယ်။ အဲတော့ ရွေးကောက်ပွဲ ဒီနှစ် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာဆိုတဲ့ အခါကျတော့ ဒါကြောင့်မို့ ကိုယ်ကဘာမှ မပြောဘဲ နေတာပါ။ ဘာမှ ပြောစရာလည်း အကြောင်း မရှိပါဘူး။ အဲတော့ ဥပဒေ အရပဲ ဒီလိုသွားရမှာပါ။ ဥပဒေ အရပဲ လုပ်ကြမှာ ဖြစ်ပါတယ်။

Messenger - နောက်တစ်ခု ကတော့ပေါ့နော်၊ တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ အခုနောက်ပိုင်း တပ်မတော်က သတင်း ထုတ်ပြန်မှုလေးတွေ လုပ်လာတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီထုတ်ပြန်မှုတွေ ကို ပုဂ္ဂလိက မီဒီယာတွေက နိုင်ငံပိုင် မီဒီယာတွေထက် အမြဲတမ်း နောက်ကျပြီးမှ ကျွန်တော်တို့ ရနေတဲ့ အခြေအနေ တစ်ခု ဖြစ်နေတယ် ပေါ့နော်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတဲ့ ကာလမှာ ပုဂ္ဂလိက မီဒီယာ နဲ့ နိုင်ငံပိုင် မီဒီယာတွေ တန်းတူ အခွင့်အရေး ရှိသင့်တယ်လို့များ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ မယူဆဘူးလား ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - အတူတူပါပဲ အကုန်လုံးက၊ ကိုယ်တို့က သတင်းတွေလည်း အကုန်လုံး ပေးနေတာပဲ။ တစ်ခုတော့ ရှိတာပေါ့ သတင်းရယူမှု လမ်းကြောင်းပေါ့၊ ဒီလမ်းကြောင်းပေါ်မှာ ဘယ်နေရာမှာ နည်းနည်း အဟန့်အတား ဖြစ်နေ လဲဆိုတာတော့ မသိဘူးပေါ့။ ကိုယ်တို့ သတင်းပေးလိုက်ပြီ ဆိုရင် Web Portal၊ မြဝတီ Web Portal ပေါ် ချက်ချင်း တင်ခိုင်းလိုက်တယ်။ ပြီးရင် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းကို ပေးတယ်။ နောက် စာနယ်ဇင်း ကောင်စီ ကို ပေးတာပေါ့။ သတင်းဌာနအလိုက် တစ်ခုချင်းဆီကိုတော့ သီးခြားမပို့ဘူး။ သို့သော် Web Portal ပေါ်ကို ချက်ချင်း တင်ပေးလိုက်တာ။ တင်ပေးလိုက်တဲ့ အခါကျတော့ ကိုယ်တို့ ဒီဘက်ပိုင်းဆို တော်တော်ကို မြန်အောင် လုပ်ပေး ပါတယ်။ ဘာလို့လဲဆိုတော့ သတင်း ဆိုတာလည်း မြန်မှ တန်ဖိုး ရှိတာပေါ့၊ မြန်ပြီးတော့ မှန်ရင်ပိုပြီးတော့ ကောင်း တာပေါ့။ မြန်ပြီးတော့ မမှန်ရင် ဖြေရှင်းရတဲ့ အလုပ်က တော်တော် သိက္ခာလည်း ကျတယ်၊ တစ်အချက် က မြန်ဖို့ လိုတယ်။ နှစ်အချက်က မှန်ဖို့ လိုတယ်။ နောက်တစ်ခု ကလည်း မှန်ဖို့လည်း လိုတယ် မြန်ဖို့ လည်း လိုတယ်။ နှစ်ခုစလုံးကို လုပ်ရမှာ ဖြစ်တယ်။ အဲဒါကြောင့် ကိုယ်တို့ အနေနဲ့ အလေးထား လုပ်ပေးမယ်။ တကယ်လို့ လိုအပ်ချက် ရှိရင်လည်း ဘယ်လို ဖြစ်စေချင်တယ် ဆိုတာကို ကိုယ့်ညီတို့ အပိုင်းက ရှိရင်လည်း ကိုယ်တို့ပြောပါ။ ကိုယ်တို့ လုပ်ပေးပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့ အနေနဲ့လည်း တပ်မတော်ရဲ့ လုပ်ဆောင်ချက် တပ်မတော်ရဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းမှန် သမျှ၊ ပြည်သူနဲ့ သိသင့်တဲ့ ကိစ္စမှန်သမျှ၊ ကိုယ်တို့ ပြည်သူကို အချိန်နဲ့ တစ်ပြေးညီ သိအောင် လုပ်စေချင်တဲ့ ဆန္ဒရှိတယ်။ လုပ်ပေးချင်တဲ့ ဆန္ဒရှိတယ်။

Messenger - ကျွန်တော် နောက်ဆုံးလေး တစ်ခုပါပဲ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပုဒ်မ ၂ဝ၁ ပေါ့နော်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်း တာဝန်ကို လွှတ်တော်ကို ဖျက်သိမ်းဖို့ သမ္မတကို အကြံပေး နိုင်တယ်ဆိုတဲ့ အချက်ကို တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် တွေက ထပ်ထည့်ဖို့ လုပ်နေတာကို ကျွန်တော်တို့ လွှတ်တော်မှာ တွေ့ရတယ် ပေါ့နော်။ အဲဒီဟာ ဘာကြောင့် ထပ်ထည့် ချင်တာလည်း ဆိုတာလေးကို သိပါရစေလား ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ Check and Balance တွေ ရှိဖို့လိုတယ်။ ဒါဟာ ကိုယ့်အမြင် Personal အမြင်နော်၊ တပ်မတော်သား ကိုယ်စားလှယ်တွေ သူတို့ ဆွေးနွေးပြီး တင်ပြတာတော့ ကိုယ်မပြောတတ် ဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် Check and Balance တော့ ရှိရမယ်။ ဒါကတော့ရှိဖို့ လိုအပ်တယ်လို့ ယူဆ တာ ပေါ့နော်။ ဒါကြောင့်ပဲ သူတို့ ယူဆပြီး တင်သလားတော့ ကိုယ်မပြောတတ်ဘူး။ ကိုယ့်ကိုတော့ ဒါနဲ့ ပတ်သက်ပြီး Report ပေးထားတာတော့ မရှိဘူး။

Messenger - ဟုတ်ကဲ့ပါ ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List