ရှမ်းပြည်နယ် လောက်ကိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ပြည်သူများထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်တွေ့ဆုံ အားပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက် သို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲသုံးနာရီကျော်က လာရောက်တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများကို အားပေးနှစ်သိမ့်ကာ အလှူငွေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အဆိုပါကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညနန္ဒ က မိန့်ကြားသည်။
စစ်ဘေးရှောင် ပြည်သူများအတွက် ကာကွယ်ရေးဦးစီးချုပ်က ငွေကျပ် သိန်း ၁၀၀၊ ဆန်အိတ် ၁၀၀ နှင့် ဆီ ၅၀ ပိဿာ လှူဒါန်းခဲ့ကြောင်း ဆရာတော်က ဆိုသည်။
ယင်းအပြင် လောက်ကိုင်ဒေသ၊ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ဒုရဲအုပ် စိုးအေးထွန်း၏ မိသားစုကိုလည်း တပ်ချုပ်က ငွေကျပ် သိန်း ၂၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လားရှိုး နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းယုက ပြော ကြားသည်။
“ဘုန်းကြီးကျောင်း ဓမ္မာရုံထဲမှာ ကျွန်တော့်ကိုခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးက ပေးသွားတာပါ။ ကျန်ရစ်တဲ့ဇနီးနဲ့ မိသားစုတွေကိုလည်း အားပေးနှစ်သိမ့် သွားတယ်လို့ ပြောပေးဖို့ ကျွန်တော့်ကို အသေအချာ မှာသွားပါ တယ်” ဟု ၎င်းကဆိုသည်။
လတ်တလော လောက်ကိုင်ဒေသတွင် တပ်မတော်က လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိ ပြီး အေးချမ်းသာယာနေပြီ ဖြစ်ကြောင်း၊ မကြာခင် အဆို ပါဒေသသို့ ပြန်လည်သွားရောက်နိုင်တော့မည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုအားပေးခဲ့ကြောင်း စစ်ဘေးရှောင်သူများက ပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများထဲတွင် အဆိုပါဒေသရှိ ရော်ဘာ၊ ကြံစိုက်ပျိုးရေး လုပ်ငန်းများသို့ လာရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အညာဒေသမှ အလုပ်သမား တစ်ထောင်ဝန်းကျင်လည်း ပါဝင်သည်။
၎င်းတို့ ဇာတိဒေသများသို့ ပြန်နိုင်ရန်အတွက် တပ်မတော်က ကားများ စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ဆရာတော် ဦးပုညနန္ဒက မိန့်ကြားသည်။
လောက်ကိုင်ဒေသတွင် ကိုးကန့်လူမျိုးစု ခေါင်းဆောင် ဖုန်ကြားရှင် ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော်တို့ အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၄၇ ဦးခန့် ကျဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရှိခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လားရှိုးခရီးစဉ်တွင် တိုက်ပွဲများ အတွင်း ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ တက်ရောက်ကုသနေသည့် ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) နှင့် လားရှိုးမြို့၊ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဒဏ်ရာရ စစ်သည်များကို တွေ့ဆုံအားပေးခဲ့သည်။
(နေမျိုးနွယ်)
The Voice Weekly

No comments:
Post a Comment