Friday, February 20, 2015

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး နောက်ပြန်လှည့်နေဟု ကုလလူ့အခွင့် အရေး ကောင်စီထံတင်


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် လှုပ်ရှားရေးအဖွဲ့ (Amnesty International) က မတ်လဆန်းတွင် ကျင်းပ မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွက် မြန်မာနိုင်ငံ၏ နောက်ကြောင်းပြန် လှည့်နေသော လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သော အစီရင်ခံစာတစ်စောင်ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် တင်သွင်းခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို သက်တမ်းထပ်တိုးရန်နှင့် လူ့အခွင့် အရေးဆိုင်ရာ ပြင်းထန်သော ဆုံးဖြတ်ချက် (Resolution) ထားရှိရန် ယင်းအစီရင်ခံစာတွင် တောင်းဆိုထား သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို မတ်လ ၂ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ် သည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်လှစ်ရေး၊ ဘာသာရေးနှင့် ဆက်နွှယ်သော အကြမ်းဖက်မှု၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တားဆီးမှုများအကြောင်း ခေါင်းစဉ်များခွဲကာ ရေးသားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် အစိုးရတာဝန်ရှိသူများက လုပ်ငန်းကိစ္စများ ကို ပြည့်ပြည့်ဝဝ ပူးပေါင်းလုပ်ဆောင်ရန်လည်း Amnesty International က အကြံပြုတောင်းဆိုခဲ့သည်။

ယင်းအပြင် ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့် တန်းတူပေးရန်နှင့် လူမျိုးရေး၊ ဘာသာရေး လူနည်းစု အတွက် မူဝါဒနှင့် ဥပဒေရေးရာ ခွဲခြားဆက်ဆံမှု မရှိကြရန်၊ လူသားချင်း စာနာထောက်ထားမှုဝန်ထမ်းများ ကို နိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းလုပ်သားများထံ သွားလာခွင့်ပေးရန်နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်သူများ ကို တားဆီးနှိမ်နင်းမှု မပြုလုပ်ရန်တို့လည်း တောင်းဆိုထားသေးသည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက နှစ်စဉ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ အစီရင်ခံစာများ တင်သွင်းလေ့ရှိပြီး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က အဆိုပါ အစီရင်ခံစာများကို ပြန်လည်ရှင်းလင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

Amnesty International ၏ အစီရင်ခံစာပါ စွပ်စွဲချက်များကို ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျမှ ရှင်းလင်းပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စစ်အစိုးရ လက်ထက်ကထက် စာရင်တော့ ပိုပွင့်လင်းမြင်သာမှုတွေ ရှိတယ်။ ပိုတိုးတက်မှုတွေ အများကြီး ရှိတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖမ်းဆီးတယ်ဆိုတာ အရင်စစ်အစိုးရ လက်ထက်ကစာရင် အခု လက်ရှိက ဥပဒေ (ပုဒ်မ-၁၈/ ၁၉) အရ အရေးယူတဲ့ သဘောမျိုး ဖြစ်နေတာ” ဟု မြန်မာလူထုဖိုရမ် လုပ် ငန်းကော်မတီဝင် ဦးကျော်လင်းဦးက သုံးသပ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်လှစ်ရန်အတွက်လည်း ကုလနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ညှိနှိုင်း ဆဲရှိပြီး အစိုးရဘက်က မြန်မာနိုင်ငံတွင် ကုလလူ့အခွင့်အရေးရုံး လာရောက်ဖွင့်ပါက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ဆက်လက်မထားရန် လိုလားကြောင်း ၎င်းကရှင်းပြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီတို့ လာရောက်စဉ်က “ဘင်္ဂါလီ” လူမျိုးနှင့် “ရိုဟင်ဂျာ” လူမျိုး အသုံးအနှုန်း ကွဲပြားမှုအပေါ် မြန်မာအစိုးရဘက်က တန်ပြန်ဖြေရှင်းချက် ချက်ချင်းထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List