ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပခြင်းသည် အတိတ်ကို သတိရစေရန် ဆိုသည်ထက် အနာဂတ် မြန်မာနိုင်ငံတွင် မည်သည့် ကိစ္စများ လုပ်ရန် လိုအပ်နေသေးသည်ကို သိရှိစေ ရန်နှင့် လူငယ်များ စဉ်းစားစေ လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များကို ဦးတည်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ ရှမ်းပွဲရပ် ရွှေပြည်သာဘုရားဝင်း အတွင်း ဇန်နဝါရီလ ၃၁ ရက် နံနက် ၉ နာရီက ပြုလုပ်သည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်တစ်ရာပြည့် အကြို မိန့်ခွန်း ပြောကြားရာတွင် ၎င်းက လူငယ်လူရွယ်များအတွက် အဓိကဦးတည်ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးများဟာ ငယ်ငယ်ကတည်းက နေပြီးတော့ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံအတွက် စွမ်းဆောင်ချင်တဲ့ စိတ်ဓာတ်တွေ ရှိဖို့လိုပါတယ်။ နှစ်တစ်ရာပြည့် မွေးနေ့တွေ၊ အထိမ်းအမှတ်တွေ ကျင်းပတယ် ဆိုတာဟာ အတိတ်ကို ပြန်ပြီးတော့ သတိရစေဖို့ မဟုတ်ပါဘူး။ အနာဂတ်အတွက် ကျွန်မတို့ နိုင်ငံမှာ ဘာတွေလုပ်ဖို့ လိုအပ်နေသေးသလဲ ဆိုတာ ပြည်သူပြည်သားတွေ အထူးသဖြင့် လူငယ်တွေကို စဉ်းစားစေချင်လို့ ဖြစ်ပါတယ်။ ဖေဖေကိုယ်တိုင်က လူငယ်ပါပဲ။ အသက် ၃၃ နှစ် တောင်မှ နေမသွားရတဲ့ လူငယ်တစ်ယောက်ဟာ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ခေတ်အဆက်ဆက် အားတက်စရာ ဖြစ်ဖို့ဆိုလို့ ရှိရင် ဘယ်လိုအရည်အချင်းတွေ ရှိလို့ဆိုတာ ကျွန်မတို့ ပြည်သူပြည်သားတွေ အထူးသဖြင့် ကျွန်မတို့ရဲ့ လူငယ်များကို စဉ်းစားစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်သူပြည်သားများ အနေနှင့် ဗိုလ်ချုပ်ကိုလေးစားလျှင် ဗိုလ်ချုပ်လမ်းစဉ်အတိုင်း လေးစားလိုက်နာစေ လိုကြောင်း၊ ဗိုလ်ချုပ်လမ်းစဉ်အတိုင်း ဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သော အရာများကို လုပ်သင့်လုပ် ထိုက်သော အချိန်တွင် မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ တစ်ချိန်က အရှေ့တောင်အာရှတွင် အတိုးတက်ဆုံးဖြစ်ခဲ့သော မြန်မာနိုင်ငံသည် နိုင်ငံရေးလမ်းမှား၍ စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျသွား ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပျော်ဘွယ်မြို့တွင် ကျင်းပခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အကြိုဟောပြောပွဲသို့ မိတ္ထီလာခရိုင်၊ ရမည်းသင်း ခရိုင်တို့မှ NLD ပါတီဝင်များ အပါအဝင် ဒေသခံ လူအင်အား ခုနစ်ထောင်ကျော် တက်ရောက် ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးထံမှ စုံစမ်းသိရှိရသည်။
အလားတူပင် ဇန်နဝါရီလ ၁၇ ရက်က ရမည်းသင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အကြိုဟောပြောပွဲတွင်လည်း ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောခဲ့ကြောင်း ဒေသခံ လူထုထံမှ စုံစမ်းသိရှိ ရသည်။
The Voice Weekly
No comments:
Post a Comment