Wednesday, February 04, 2015

ကျောင်းသားသပိတ် အရှိန်မြှင့်ရာတွင် တည်ငြိမ်အေးချမ်းရေး အလေးထားရန် လွှတ်တော်တိုက်တွန်း


ကျောင်းသားသပိတ် စီတန်းလမ်းလျှောက်မှုကို အရှိန်မြှင့်တင်ရာတွင် တည်ငြိမ်အေးချမ်းရေးကို အလေး ထား ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းကြောင်း လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တက်ရောက် ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲသို့ တက်ရောက်သူ လွှတ်တော် ကိုယ်စားလှယ် များက သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ ဆိုင်းခြင်းကြောင့် ကျောင်းသား များက သပိတ်ကို တစ်နိုင်ငံလုံး အတိုင်းအတာ အရှိန်မြှင့်တင်မည်ဟု ပြောဆိုခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဖြစ်သင့် ဖြစ်ထိုက်သည်များကို ဦးစားပေး ဆောင်ရွက်ရန် တိုက် တွန်းကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားသည်။

“ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရ လက်ရှိအချိန်က ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဆောင်ရွက်ရန် အတွက် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းကြောင်း ကမ်းလှမ်းလာတယ်၊ ဒါကြောင့် အစည်းအဝေး ပျက်သွားတာ မဟုတ်တဲ့အတွက်လည်း အစိုးရဘက်က အဆိုကို ကျွန်တော်တို့ လက်ခံတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ကျောင်းသားများအနေနှင့် အစည်းအဝေး ဆက်လက်မပြုလုပ်မီအတွင်း သပိတ်ကြောင်းများ အရှိန်မြှင့်ရာတွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

“ကျောင်းသားတွေ ဘက်ကလည်း ဒီကြားကာလမှာ ကိုယ့်ဘက်က အမှားမလုပ်မိအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားပြု တက်ရောက်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ၁၅ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်မှတ် ရေးထိုးမည့် အစီစဉ် ရှိနေသည့်အပြင် ယခုလေးပွင့်ဆိုင် ဆွေးနွေးပွဲ အဖြေရှာရေးမှ ကွဲလွဲမှုများကို ကြိုတင် ညှိနှိုင်းပြီးမှ တွေ့ ဆုံသွားရန် နိုင်ငံတော် သမ္မတက မှတ်ချက် ပြုထားသောကြောင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်များက ထုတ်ပြန်ထားသည်။

သို့သော်လည်း ကျောင်းသားများ အနေဖြင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားသပိတ် အဖွဲ့များကို ရန်ကုန်သို့ ဆက်လက် ချီတက်ရန်နှင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန်ဆုံးရရှိရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျောင်း သားသပိတ် အဖွဲ့ဝင် များက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List