Thursday, February 05, 2015

နားလည်မှုစာချွန်လွှာတခုရေးထိုးရန် ရှမ်းပြည်တပ်မတော်နှင့် အစိုးရဆွေးနွေး


လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တပြည်လုံးအပစ်ခတ် ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်သေးပေမယ့်  ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုစာချုပ်တခု လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တောင်းပိုင်းတို့ ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့မနက် ဆွေးနွေးခဲ့ကြတာပါ။

တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ရေး ထိုးနိုင်ဖို့ ယူပီဒဗလျူစီ နဲ့ အန်စီစီတီ ( တနိုင်ငံလုံးအပစ်အခတ် ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) တို့ ညှိနှိုင်းဆွေးနွေးနေ တာမှာ သဘောတူချက်မရရှိဘဲ ကြန့်ကြာနေတဲ့ အတွက် တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး စာချုပ်မဟုတ်တောင်မှ နားလည်မှုစာချုပ်တစုံတရာရေးဆွဲနိုင်ရေး
 ဆွေးနွေးခဲ့တယ်လို့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“အဲဒီစာချုပ်က ခေါင်းစဉ်တော့ မတပ်ရသေးဘူခင်ဗျ။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ် စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့နော်၊တစိုက်မတ်မတ်သွားနိုင်အောင်၊ ရှေ့ဆက်ပြီးတော့ ဖော်ဆောင်နိုင်အောင်၊ ပြီးတော့ တနိုင်ငံလုံးအပစ်ခတ်ရပ် လက်မှတ်မထိုးနိုင်ခင်မှာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿ နာဖြေရှင်းဖို့ ရည်ရွယ်ပြီးတော့ နားလည်မှုတစုံတရာ စာချုပ်ချုပ်ကြဖို့ ဆွေးနွေးတာ ဖြစ်ပါတယ်။”

အဲဒီစာချုပ်ချုပ်နိုင်ရေးအတွက်  ၀န်ကြီးဦးအောင်မင်းက ချပြခဲ့တဲ့ အချက်တွေမှာ အဓိကအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်ဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးအာမခံချက် တစုံတရာရရှိဖို့ ဆိုတဲ့ အချက်ဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပွဲတွေ စတင်နိုင်ရေး၊ နိုင်ငံရေးမူဘောင်တွေ စုပေါင်းရေးဆွဲရေး၊ တနိုင်ငံလုံး အပစ်ခတ်ရပ် စဲရေးကို အခြေခံပြီးတော့ စုပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ အဲသလို ချုပ်ဆိုနိုင်ဖို့ အစီအစဉ်ရှိကြောင်း ၀န်ကြီးက ချပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဆိုပြုချက်တွေ တိုင်းရင်းသားဘက်က သဘောတူရင် ပြည်ထောင်စုနေ့မှာ စာချုပ်ချုပ်နိုင်မယ်လို့  ၀န်ကြီးက ပြောကြောင်း၊ အဲဒီတင်ပြချက်တွေပေါ်မှာ  အာစီအက်စ်အက်စ်ဘက်ကဘာမှငြင်းဆိုစရာ အကြာင်း မရှိပေမယ့် အဖွဲ့အစည်းရဲ့ လုပ်ထုံးအရ ဗဟိုကော်မတီအစည်းအဝေး ပြန်ထိုင်ပြီးမှ အကြောင်းပြန်ဖို့ ရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ  ယူပီဒဗလျူစီဘက်က ၀န်ကြီး ဦးအောင်မင်းနဲ့အတူ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးခင်မောင်စိုးနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေပါ  ပါဝင်ပြီး အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတိုင်ပင်ခံ ဦးခွန်စိုင်း၊ ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးကြီး စိုင်းလနဲ့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းတို့ တက်ရောက်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List