Friday, February 06, 2015

ပြည်ထောင်စုနေ့ အပစ်ရပ်ရေးလက်မှတ် မထိုးဖြစ်တော့ကြောင်း အစိုးရ အတည်ပြု


ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ ကမ်းလှမ်းချက်ဟာ မဖြစ်တော့ဘူးလို့ သမ္မတရုံးဝန်ကြီးလည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်း က ပြောလိုက်ပါတယ်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ (UPWC) အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာသတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြော ဆိုလိုက်တာဖြစ်ပါတယ်။

UPWC နဲ့ NCCT တို့အကြားမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ကြန့်ကြာနေတဲ့ အတွက် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်တော့ တာလို့ ဆိုပါတယ်။

ဝန်ကြီး ဦးအောင်မင်း က “အမှန်က ၇ ကြိမ်မြောက် NCCT အစည်းအဝေး ကို ပြည်ထောင်စုနေ့မတိုင်ခင်မှာ လုပ်လိုက်လို့ရှိရင် သဘောတူညီချက်တွေ ရသွားမယ်ဆိုရင် လက်မှတ်ထိုးဖို့က ဖြစ်သွားမှာပေါ့။ အခုဟာ ၇ ကြိမ်မြောက် အစည်းအဝေးက ကြာနေ တာပေါ့။ အဲဒီအစည်းအဝေးကြီးက ဆုံးဖြတ်ချက်ရမှ လက်မှတ်ထိုးရ မှာဖြစ်တဲ့ အတွက် မထိုးနိုင်သေးဘူးလို့ပဲပြောပါရစေ”လို့ ပြော ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲ မယ် ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်မင်းနဲ့အတူ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်ရီနဲ့ ဦးခင်မောင်စိုးတို့ တက်ရောက် ခဲ့ကြသလို NCCT ဘက်ကလည်း နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ အဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။

ဆွေးနွေးပွဲမှာ ကြန့်ကြာမှုတွေနဲ့ အေးစက်သွားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး ဆွေးနွေးပွဲတွေ ပြန် စနိုင်ဖို့ နှစ်ဘက် သဘောတူညီမှုတွေ ပြန်လည်ရရှိခဲ့ ပြီး UPWC နဲ့ NCCT တို့အကြားမှာ ကြန့်ကြာနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ပြည်ထောင်စုနေ့ အလွန်မှာ ဆက်ဆွေးနွေးဖြစ်ဖို့ လည်း သဘောတူညီမှုရခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါ့အပြင် NCCT အဖွဲ့ထဲမှာပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို နေပြည်တော်မှာ ပြုလုပ် မယ့် ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်ဖို့ ဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်းမှာလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က“လာမယ့် ပြည်ထောင်စုနေ့မှာ တစုံတရာ နားလည်မှု ရ မလား လာညှိတာ။ နောက် NCA (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်) အတွက် ပြန်လည်တွေ့ဆုံနိုင်ရေး ပေါ့လေ။ အဲဒါမှာ လမ်းကြောင်း နည်းနည်းပွင့်လာတာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။

UPWC နဲ့ NCCT တို့အကြားမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြန်စနိုင်ရေး အတွက် ဗုဒ္ဓဟူးနေ့က မြန် မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) တွေ့ဆုံပွဲက သဘောထားတချို့ ပေးပို့လိုက်တယ်လို့ သိရပေမယ့် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဦးအောင်မင်း က ပြောပါတယ်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင် စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ယူဖို့ အစိုးရကို ကမ်းလှမ်းထားပါတယ်။

ဒီအပေါ်မှာ ဝန်ကြီး ဦးအောင်မင်း က “သူတို့တောင်းဆိုချက်တွေက ကျနော်တို့ အခုဆွေးနွေးတဲ့ NCA စာချုပ်ကြီးရဲ့ မူဘောင်ကို မကျော်တဲ့ ကိစ္စဆို ကျနော်တို့က သဘောတူလို့ရပါတယ်။ အဲဒီ NCA စာချုပ်ထဲမှာ မပါတဲ့ အချက်တွေ အသစ်ထပ်တောင်း လာရင် တော့ ကျနော်တို့က ဆွေးနွေးပြီးကာမှ ဆုံးဖြတ်ရမှာဖြစ် တယ်။ ဒီနေ့လည်း ဒါပဲ ကျနော်ပြောလိုက်တယ်။ ခင်ဗျားတို့ရဲ့ ပြောဆိုတဲ့ တောင်းဆိုချက်တွေ အားလုံးဟာ NCA စာချုပ်ထဲက မူဘောင်ထဲမှာ ရှိရင် ဒါဖြစ်နိုင်ပါတယ်။ အဲဒီဘောင်က ကျော်ရင်တော့ မဖြစ်နိုင်ဘူး လို့ ပြောထားပါတယ်”လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရအကြားမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ထပ်မံပြောဆိုသွားပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List