Monday, February 02, 2015

ကျောင်းသားသပိတ်ကို ပြည်သူလူထု ဝန်းရံပေးရန် ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား


အမျိုးသားပညာရေးကို ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားသပိတ်များကို ပြည်သူလူထုက ဝန်းရံပေးမှ သာ အောင်မြင်မည်ဖြစ်ကြောင်း ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကျော်ကိုက ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့၌ ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့၌ ရောက်ရှိနေသော ကျောင်းသားသပိတ်စစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်က မကွေးတိုင်းဒေသကြီး အတွင်းသို့ စတင်ချီတက်ရာတွင် “ပြည်သူက ရေဆိုရင် ဗကသက ငါးပါ။ ရေရှိမှ ငါးရှင်သန်နိုင်မှာ ဖြစ်သလို ပြည်သူရှိမှ ဗကသ ရှင်သန်နိုင်မှာပါ။ မိဘပြည်သူများက ကျွန်တော်တို့ ကျောင်းသားသပိတ် စစ်ကြောင်းကို ဝန်းရံပေးဖို့ တောင်းဆိုပါတယ်။ တိုက်ပွဲဝင်ပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုကျော်ကျော်ကိုက ဟောပြောခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမတွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက် ၁၁ ချက်ကို အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ လေးပွင့်ဆိုင်ဆွေးနွေးမည် ဖြစ်ပြီး ယင်းနေ့တွင် သပိတ်ရပ်ထားမည် ဖြစ်ကြောင်း သပိတ်ကော်မတီထံမှ သိရသည်။

ကျောက်ပန်းတောင်းမှ ချီတက်လာသော ကျောင်းသားသပိတ် စစ်ကြောင်းမှာ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးပင်ရွာသို့ မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး လမ်းခရီး၌ အတားအဆီး မရှိခဲ့ကြောင်း အဆိုပါခရီးစဉ်နှင့် လိုက်ပါ သတင်းယူခဲ့သော မီဒီယာသမားများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List