Wednesday, February 04, 2015

ပါတီအတွင်းရေး ဖွင့်ချသည့် NLD ကြေညာချက် ဝေဖန် ခံနေရ

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ပါတီ၏ အလယ်အလတ် ပိုင်း ခေါင်းဆောင်တစ်ဦးကို “အရေးယူ”မည်ဟု ကြေညာလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တနင်္လာနေ့က အပြင်းအထန် ဝေဖန်မှုများဖြင့် ရင်ဆိုင်လိုက်ရသည်။
ထိုဆွေးနွေးပွဲမှာ ကျောင်းသားတို့က အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ကိုယ်စားလှယ်များနှင့် လေးပွင့်ဆိုင် တွေ့ ဆုံသည့်ပွဲ ဖြစ်သည်။

ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်သည် ပါတီ၏ “ကြိုတင် သဘောတူညီချက် အခြား အဖွဲ့အ စည်းတွင် ဦးဆောင် ပါဝင်ဆောင်ရွက်ခွင့် မရှိ” ကြောင်း၊ သို့သော်လည်း တနင်္ဂနွေနေ့က ထိုအစည်းအဝေး သို့ NNER ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ကြောင်း ကြေညာချက်က ဆိုသည်။

ထိုသို့ ကြေညာခြင်းလိုက်သည် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ကျောင်းသားများ လတ်တလော ၀ိုင်းဝန်း တောင်းဆိုနေကြသော၊ ပြည်သူအများအပြား နှစ်သက်သော လုပ်ရပ်ကို ဆန့်ကျင်ရာ ရောက်သည် ဟု NNER အဖွဲ့ဝင်များက ယူဆသည်။

“ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ပညာရှင်တစ်ယောက်အနေနဲ့ ဆွေးနွေးပွဲမှာ ပါခဲ့တဲ့သူကို ပါတီရဲ့ စည်းမျဉ်းနဲ့ အရေးယူမယ်ဆိုတော့ ကျောင်းသားတွေရဲ့ လူပ်ရှားမှုကို NLD က မထောက်ခံဘူးဆိုတာ ပေါ် လွင်တယ်။

အစိုးရကတောင်မှ လက်ခံပြီး ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းနေတဲ့ကာလမှာ NLD က ဒီလို လုပ်လိုက်တဲ့အခါမှာ ဆွေးနွေးပွဲတွေကို ထိခိုက်နိုင်တယ်” ဟု NNER မှ ဒေါ်သူသူမာ ကပြောကြားသည်။

ဤအတောအတွင်း မန္တလေးမှ ရန်ကုန်သို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားတို့သည် လမ်းခရီးတွင် ရန်ပြုခံရခြင်း၊ အကြမ်းဖက် ဖြိုခွင်းခံရခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းချက်များ ထွက်နေရာ ဤကြေညာချက်ကြောင့် သပိတ်မှောက်ကျောင်းသားတို့၏ လုံခြုံရေးကိုပင် စိုးရိမ်ရသည်ဟု သူက ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကသာ ထောက်ခံရင် အခု သပိတ်မှောက်မှုက အကာကွယ်တောင် ရနိုင်ပါတယ်။ အခုတော့ သူတိုရဲ့ လုံခြုံမှုအပိုင်းပါ ထိခိုက်လာနိုင်တယ်” ဟု ဒေါ်သူသူမာက The Yangon Globe ကို ပြော သည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ရန်ကုန်မြို့မှ ဒေါက်တာရန်မျိုးသိမ်းကလည်း ကျောင်းသားထုသည် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်း၊ ပြည်သူလူထု၏ထောက်ခံမှုကို ရယူပြီး အစိုးရ၊ အာဏာပိုင်များနှင့် ရင်ဆိုင် စီးချင်းထိုးနေရချိန်ဖြစ်သောကြောင့် ဤကြေညာချက်သည် “နိုင်ငံရေးအရ အလွန်အရုပ်ဆိုး အကျည်းတန်သော၊ နိုင်ငံရေးအမြော်အမြင်နည်းပါးသော၊ ပြည်သူလူထုကို သိသာမြင်သာစွာကျောခိုင်းသော လုပ်ရပ် ဖြစ်နိုင်သည်” ဟု ဆိုလိုက်သည်။

ချီတက်ဆန္ဒပြပွဲကို စီစဉ်သည့် ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီကလည်း ချက်ချင်း ကန့်ကွက်လိုက် ပြီး NLD ၏ လုပ်ရပ်သည်သပိတ်ကို ကန့်ကွက်သည့်သဘော၊ ပညာရေးလေးပွင့်ဆိုင် ညှိနှိုင်းမှု ကို နှောင့်နှေးစေ လိုသည့်သဘော သွယ်ဝိုက် သက်ရောက်စေသည်ဟု ဖေ၀န်လိုက်သည်။

ကာယကံရှင် ဒေါက်တာသိန်းလွင်ကလည်း “စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးဆိုရင် ဒါ ပါတီမှာ ပါတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော့်ဆုံးဖြတ်ချက်ကတော့ ဒါ ကျောင်းသားတွေက မှန်ကန်တဲ့အတွက် ကျောင်း သားတွေ ဘက်က ကျနော်ရပ်ပေးတာဖြစ်ပါတယ်” ဟု ပြောကြားကြောင်း DVB သတင်းဌာန အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။

၁၉၉၀ ဝန်းကျင် စစ်ဗိုလ်ချုပ်များ၏ဖိအား ပြင်းပြင်းထန်ထန် ခံနေရချိန်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိပ်တန်းခေါင်းဆောင်အများအပြား ပါတီနှင့် မသက်ဆိုင်တော့ကြောင်း ထုတ်ပြန်သည့်ကြေညာချက်နောက်ပိုင်း ဤဖြစ်ရပ်သည် ပြစ်တင်ဝေဖန်မှု အများဆုံး ရခဲ့သည့် ထုတ်ပြန်ချက် ဖြစ်သွားသည်။

NLD ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့ ရက်စွဲဖြင့် ပေါ်လာသည့် ထုတ်ပြန်ချက်ပါ အကြောင်းအရာသည် အတွင်းရေးကိစ္စကို အများသိအောင် အထုပ်ဖြည်ပြရာ ရောက်သဖြင့် ကြေညာချက်၏နောက်ကွယ်တွင် တခြားသောရည်ရွယ်ချက် ရှိရမည်ဟု အများအပြားက ယူဆနေကြသည်။

ဗဟိုကော်မတီထက် ပိုပြီး အဆင့်မြင့်သည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးညီပုကမူ ပါတီ၏စည်းကမ်းပိုင်းအတိုင်း ဆောင်ရွက်လိုက်ခြင်း ဖြစ်ပြီး တခြား ရည်ရွယ်ချက် မရှိဟု ဆိုသည်။

“တခြား အဖွဲစည်းတွေ သွားပြီးတော့ ဦးဆောင်ဦးရွက် လုပ်လို့ မရဘူး။ လုပ်လိုက်မယ်ဆိုရင် စည်းကမ်းကို ချိုးဖောက်တာပဲ” ဟု ဦးညီပုက The Yangon Globe ကို ပြောသည်။

ပါတီဝင်တိုင်း ပါတီ၏ စည်းမျဉ်းစည်းကမ်းကို မလိုက်နာသူတိုင်း အရေးယူခံရမည်ဟု သူက ပြောကြားသော် လည်း ဤဖြစ်ရပ်အတွက် မည်သို့ အရေးယူမည်ကို စည်းကမ်းထိမ်းသိမ်းရေးကော်မတီက မဆွေးနွေး ရသေးဟု ဆိုသည်။

ဝေဖန်သံများ ဆူညံသွားပြီး တနင်္လာနေ့ ညပိုင်းက ထွက်ပေါ်လာသည့် NLD ၏ အစားထိုး ကြေညာချက် တွင် စကားလုံး ပြင်ဆင်ချက်တချို့ကို ပြောင်းလဲလိုက်သော်လည်း ဆိုလိုရင်းမှာ မူလကြေညာချက်အ တိုင်း ဒေါက်တာသိန်းလွင်ကို အရေးယူမည့်သဘောကို ပေါ်လွင်စေရန် ဖော်ပြထားသည်။

တနင်္ဂနွေနေ့က ရန်ကုန်တွင် တွေ့ရသော ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ - The Yangon Globe)
The Yangon Globe

No comments:

Post a Comment

My Blog List