Thursday, February 05, 2015

လက်ပံတောင်း လှုပ်ရှားသူများ၏ အမည်နှင့် အမှုများ ထုတ်ပြန်


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဦးဆောင် လှုပ်ရှားနေသူများထဲမှ ၁၇ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က နာမည်နှင့်တကွ ထုတ်ပြန်ကြေညာ လိုက်သည်။
“အဓိကကတော့ ဒီလူတွေက လူစုလူဝေးနဲ့ ဦးဆောင်ပြီး လာတဲ့သူတွေလို့ ထင်ရတဲ့အတွက် အမှုဖွင့်ထား တာ။ အမှုတွေကတော့ ဖွင့်ထားတာ ကြာပြီ၊ အခုက အမှုတွေကို စုပြီး ပြန်ကြေညာလိုက်တဲ့ သဘောပါ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေထွန်းက ဆိုသည်။

ယင်းအမှုများသည် သက်ဆိုင်ရာ ရဲစခန်းများမှ အသီးအသီး အမှုဖွင့်ထားချက် များကို စုစည်းပြီး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

“အမှုကတော့ သူတို့မဟုတ်တာ မှန်သမျှ အကုန်ဖွင့်တာပဲ။ ဘယ်အမှုတွေလဲ ဆိုတော့ စာရွက်လှန်ကြည့်မှ ရမယ်။ အမှုတွေကတော့ အများကြီးပဲ။ ကျနော်တို့ကတော့ ကိုယ့်အပိုင်ထဲက ဖြစ်တဲ့ အခြေအနေ ကိုယ်ဖွင့်ရ တာပဲ။ တခြား စခန်းတွေကလည်း ဖွင့်ချင်ဖွင့်မှာပေါ့ဗျာ” ဟု ဆားလင်းကြီး မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

ယင်း ထုတ်ပြန်ကြေညာချက်တွင် လက်ပံတောင်းတောင် ၀န်းကျင်ရှိ ကျေးရွာ ၂၆ရွာမှ ဒေသခံများ သည် ကြေးနီစီမံကိန်း ရုပ်သိမ်းရေးကို အကြောင်းပြပြီး ဒေသတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နေသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထားသည် ဟု ရေးသားဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြချက်များအရ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ရက်မှ ကိုဟန်ဝင်းအောင် ၁ မှု၊ ရန်ကုန်ဝိဇ္ဖာ သိပ္ပံတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုသောင်းထိုက်ဦး ၆ မှု၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဗထူး ၄ မှု၊ ကိုလတ် ၃ မှု၊ ကိုသားကြီး ၆ မှု၊ ကိုထက် ၄ မှု၊ ကိုသော်ဇင် ၁ မှု၊ ကိုသူ ၁ မှု၊ မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ မဖြူနှင်းထွေး ၁ မှု၊ ဒေသခံများ ဖြစ်ကြသော မိုးကြိုးပြင် အလယ်ရွာမှ ကိုဝင်းကျော် ၉ မှု၊ မ၀ (ခေါ်) မတင်မာရွှေ ၃ မှု၊ ဆည်တည်းရွာမှ ကိုစိုးသူ ၂ မှု၊ တုံရွာမှ မမာချို ၃ မှုနှင့် ဆည်တည်းရွာဟောင်းမှ မ၀င်းဝင်းဌေး ၄ မှု၊ မရီရီဝင်း ၈ မှု၊ မခင်ငြိမ်း ၁၁ မှု၊ ကိုဇော်နိုင် ၄ မှု တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List