Friday, February 06, 2015

ရန်ကုန်ရှိ တက္ကသိုလ်ခြောက်ခုတွင် လုံခြုံရေးတိုးမြှင့်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သပိတ်မှောက် နေသည့် သပိတ် လမ်းကြောင်း များရန်ကုန်မြို့ သို့ ရောက်ရှိခါနီးအချိန်တွင် ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်အပါအ၀င်တက္ကသိုလ် ခြောက် ခု၌ကျောင်း လုံခြုံရေး တိုးမြှင့်ချထားရန် စီစဉ်နေသည်။
လုံခြုံရေး တိုးမြှင့်ချထားမည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁) ၊နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရေကြောင်းကောလိပ် တို့ဖြစ်ကြောင်း ကမာရွတ် မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ တက္ကသိုလ်ကျောင်းဝင်းများအတွင်းသို့ မည်သူမဆို ၀င်ရောက်မည် ဆိုပါက ကျောင်းမှထုတ်ပေးထား သည့် သက်သေခံကတ်ပြားပြမှသာလျှင် ၀င်ရောက်ခွင့်ပြုမည်ဟု သက်ဆိုင်ရာတက္က သိုလ်ကျောင်းအုပ်ကြီး များက ပြောကြားကြောင်း ကမာရွတ်မြို့နယ် မှူးရဲမှူးဇော်ဝင်းကဆိုသည်။

‘‘ကျွန်တော်တို့တောင်အရပ် ၀တ်နဲ့ဆိုရင် ကျောင်းထဲဝင်ခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ လုံခြုံ ရေးအတွက် လုပ်တာထင်ပါ တယ်။ ကျောင်းသားတွေကလည်း ရန်ကုန်ချီတက်လာမယ်ဆိုတဲ့အတွက် လားဆို တာတော့ ပြောလို့မရသေးပါဘူး’’ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် တွင် ရန်ကုန်တက္ကသိုလ်အတွင်းသို့ ၀င်ရောက်လာသည့် ကားများ၊ ကျောင်းသား များကို စစ်ဆေးခြင်းများ စတင်ပြုလုပ်ခဲ့သော်လည်း နေ့လယ်တွင် ကျောင်းသို့ ၀င်၊ ထွက်နေသည့် ကား များနှင့် ကျောင်းသားများကို စစ်ဆေးခြင်း မရှိကြောင်းတွေ့မြင်ရသည်။

‘‘အရေးပေါ် အခြေအနေ ဖြစ်စဉ် ကာလအတွင်းမှာ လုံခြုံ ရေးကို တိုးမြှင့်ချထားမယ်။ လုံခြုံ ရေးတိုးမြှင့်ဖို့ကို စနေနေ့မှာ စတင်ဆောင်ရွက်မယ်။ အခုတော့ ၀င်လိုက်၊ ထွက်လိုက်ပါပဲ။ နောက်ပိုင်းကျရင် အ၀င်၊ အထွက်တွေကို လုံခြုံရေးတိုးမြှင့်ပြီးတော့ အ ချိန်နဲ့အမျှ စစ်တဲ့အစီအစဉ်တွေ ရှိလာတော့မှာပါ။ လက်ရှိအနေ အထားအရ ကျောင်းသားကတ် မပါရင် ၀င်လို့ မရပါဘူး’’ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက် တာအောင်သူက ပြောသည်။

ကမာရွတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် လုံခြုံရေးတိုးမြှင့်ထားခြင်းသည်တက္ကသိုလ် ၀င်တန်းစာမေးပွဲနီးလာသည့်အတွက် လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်ပြီး စာမေးပွဲပြီးသည့်အချိန်တွင် မူလ အတိုင်းပုံမှန်ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦးက ဆိုသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းရှေ့တက္ကသိုလ်ဓမ္မာရုံ ကျောင်းဝင်းအတွင်းတွင် လုံခြုံရေးရဲတပ်ဖွဲ့များ စခန်းချထားပြီး နိုင်ငံခြားဧည့်သည်တော်များနှင့် ပြည်တွင်းမှ အကြီးအကဲများအတွက် လုံခြုံရေးပေးရန် ထားရှိခြင်းဟု ဆိုသည်။

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေ သည့် ကျောင်းသား သပိတ် လမ်းကြောင်းများသည် ရန်ကုန်မြို့သို့ ချီတက် လာနေပြီး ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက် အအုံဟောင်းနေရာတွင် သပိတ်စခန်းပြုလုပ်၍ သပိတ်မှောက်ဆန္ဒထုတ်ဖော်မည်ဟု သတင်း များ ထွက်ပေါ်လျက်ရှိသည်။

‘‘သပိတ်လမ်းကြောင်းတွေ က ရန်ကုန်ကို ဘယ်အချိန် ရောက်မလဲ၊ ထိုင်သပိတ် လုပ်မလဲဆိုတာကို တိတိကျကျ ထုတ်ပြန်မှာ မဟုတ်သေးပါဘူး။ အခုသတင်းတွေ ပြန့်နေတာမျိုးတွေရှိတယ်။ ဒါက ကျွန်မတို့ တရားဝင်ထုတ်ပြန် တာ မဟုတ်တဲ့အတွက် အတည်

မပြုပေးနိုင်ပါဘူး။ သပိတ်လမ်းကြောင်းတွေ ရန်ကုန်ကိုရောက်လာပြီဆိုတော့ ဘယ်နေရာမှာ ထိုင်သပိတ် လုပ်မယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ပေးသွားမှာ ပါ’’ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်က ပြောသည်။

အဆိုပါတက္ကသိုလ် ခြောက်ခုတွင် ကျောင်းသား-ကျောင်းသူ၊၈၆၀၀ကျော်၊ ဆရာ-ဆရာမ ၁၅၀၀ကျော်ရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List