Thursday, February 05, 2015

ကုန်စည်နှင့် ၀န်ဆောင်မှု လုပ်ငန်း ၆၀ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုမည်


ယခုနှစ်အတွက် ပြဌာန်းအတည်ပြုရန် ရှိသော ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းအရ ကုန်စည်နှင့် ၀န်ဆောင်မှုလုပ်ငန်း ၆၀ ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ကင်းလွတ် ခွင့်ပေးမည် ဖြစ်သော ကုန်စည် နှင့် ၀န်ဆောင်မှု လုပ်ငန်း ၆၀ သည် ယမန်နှစ်က ပြဌာန်းခဲ့သော ဥပဒေ တွင် ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက ဆိပ်ကမ်းအရောက် တန်ဖိုးပေါ်တွင် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ် ငန်းခွန် ကောက်ယူရန် သတ်မှတ် ထား သော ကုန်စည် နှင့် လုပ်ငန်းများ ဖြစ်သည်။
ယင်းကုန်စည်နှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်း ၆၀ နှင့်ပတ်သက်ဆက်နွယ်သည့် ထုတ်လုပ်မှုလုပ်ငန်းအဆင့် ဆင့် အပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွှန့် က“ကုန်သွယ်လုပ်ငန်းခွန်မှာ ပြည် တွင်းမှာထုတ်လုပ် ရောင်းချရင်သော်လည်းကောင်း၊ ပြည်ပကတင်သွင်း ရောင်းချရင်သော်လည်းကောင်း၊ ပြည်တွင်းမှာ ကုန်သွယ်မှု ပြုလျှင်သော် လည်း ကောင်း၊ ပြည်တွင်းမှာ ၀န်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ရင်သော် လည်းကောင်း၊ အခွန်ကျသင့်ပါတယ်။ ဒါကိုကျနော်တို့က လက်ရှိကင်းလွတ်ခွင့်ပေးတဲ့ ကုန်စည်တွေနဲ့ ပတ်သက်လုပ်ဆောင်နေသမျှကို ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ Supply change (ထုတ်လုပ်မှု ကွင်းဆက် ကြီး) တခုလုံးကို ကင်းလွတ်ခွင့်ပေးလိုက်တာပါ”ဟု ပြောသည်။

အဆိုပါကုန်စည်နှင့် ၀န်ဆောင်မှုအမျိုးအမည်များ၌ စားသောက်ကုန်စည်များ၊ လူသုံးကုန်စည်များနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံး ကုန်စည်များ အမျိုးအစားအလိုက် ပါဝင်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှုတွင် အထူးကုန်စည်များဖြစ်သည့် စီးကရက်၊ ဆေးရွက်ကြီး၊ အရက်အ မျိုးမျိုး၊ ကျောက်စိမ်း အပါအ၀င် ရတနာအမျိုးမျိုး အကြမ်းထည်၊ အချောထည်တို့ကို အခွန်နှုန်းထား ကောက်ခံမှု အနည်း ငယ်ပြောင်းလဲ ကောက်ခံထား သည် ကို ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် တွေ့ရ သည်။

ယခင်နှစ်က ဥပဒေတွင် စီးကရက်ကို ကုန်သွယ်လုပ်ငန်းခွန် ၁၀၀ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၁၂၀ ရာခိုင်နှုန်း၊ ဆေးရွက်ကြီးနှင့် အရက် ဘီယာ အမျိုးမျိုးကို ယခင်နှစ်တွင် ၅၀ ရာနှုန်းမှ ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်း၊ ကျောက်စိမ်းနှင့် အရိုင်းထည်များကို ယခင်နှစ် က ၃၀ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ အချောထည်ကို ယခင်နှစ်က ၁၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ ကောက်ခံ ထားပြီး အခြား အထူးကုန်စည်များကို ယခင်နှစ်က အတိုင်း အဆိုပါ ဥပဒေကြမ်း၌ ဖော်ပြထားသည်။

ပြည်ထောင်စု အခွန်အကောက် ဥပဒေသည် နှစ်စဉ် အစိုးရက လွှတ်တော်တွင် တင်သွင်းရသည့် ဥပဒေဖြစ်ပြီး ၀င်ငွေခွန်ဥပဒေနှင့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒများတွင် ပါရှိသော အချက်များမှ အခွန်နှုန်း သတ်မှတ်မှု၊ သက်သာကင်းလွတ်ခွင့် ပေးပိုင်ခွင့်တို့ကို ထည့်သွင်း ပြဌာန်းပိုင်ခွင့် ရှိသည့် သဘောလည်း ဖြစ် သည်။

မြန်မာနိုင်ငံတွင် ယခုဥပဒေကို ပြီးခဲ့သည့်နှစ်ကစပြီး ပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အကြိမ်အဖြစ် ယခုနှစ် ဇန်န၀ါရီလအတွင်း က ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အတည်မပြုရသေးပေ။

လွှတ်တော်တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်သွင်းရသော ဥပဒေ ၃မျိုးရှိပြီး ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ အမျိုးသား စီမံကိန်း ဥပဒနှင့် ယခုပြဌာန်းမည်ဖြစ်သော ပြည်ထောင်စု အခွန် အကောက် ဥပဒေတို့ ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List