Thursday, February 05, 2015

TNLA ကို အစိုးရတပ်က လေယာဉ်များအသုံးပြု တိုက်ခိုက်နေဟု ဆို


ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့အကြား အခုလ ၂ ရက်နေ့ကစပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ် ပွားနေကြောင်း သတင်း ရရှိပါတယ်။
မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့မှာ အခြေစိုက်တဲ့ TNLA တပ်တွေကို အစိုးရတပ်မ (၈၈) နဲ့ (၇၇) တို့က မြေပြင် စစ်ကြောင်းတွေနဲ့ ထိုး စစ်ဆင်တိုက်ခိုက်နေသလို ဝေဟင်ကလည်း လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်နေ တာ တွေ့နေရတယ်လို့လည်း ကွင်းဆင်းမှတ် တမ်း တင်နေတဲ့ ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ် များ အစည်းအရုံး(TSYO) က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်က တနေကုန်တိုက်နေကြတာ။ အစိုးရတပ်တွေက မြေပြင်စစ်ကြောင်းတွေကနေ လက်နက် ကြီးတွေနဲ့ ထိုးစစ်ဆင် ပစ်ခတ်တယ်။ TNLA စခန်းရှိတဲ့နေရာတွေကို ဝေဟင်ကလည်း ဂျက်လေယာဉ်တွေနဲ့ ပစ်တယ်။ ဒီနေ့ မနက်ပိုင်းလည်း ထပ်ပစ်နေ တုန်းပဲ”လို့ တိုက်ပွဲဖြစ်ပွားရာဒေသကို ကွင်းဆင်းမှတ်တမ်း ယူနေ တဲ့ TSYO ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းမျိုးအောင် က ဧရာဝတီ ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအကြား ကျေးရွာတချို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ၅ ဦး ဒဏ်ရာရရှိကာ မိုးမိတ်ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေလျက်ရှိကြောင်းလည်း သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ လွယ်ဆာ ကျေးရွာက မိသားစုဝင် သုံးဦးနဲ့ ကျောင်းသားလူငယ်နှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လွယ်ဆာကျေးရွာ ဒေသခံတွေအပါအဝင် ဒေသခံ ကျေးရွာ ၁၀ ရွာက ရွာသူ၊ ရွာသားတွေဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့ပေါ်ရှိ ဆွေမျိုးတွေရဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးခို လှုံနေကြရတယ်လို့ TSYO က ပြောဆိုပါတယ်။ အဆိုပါ ကျေးရွာ ၁၀ ရွာထဲမှာ ပလောင် (တအာင်း) ကျေးရွာ ၅ ရွာ၊ လီရှော ၂ ရွာနဲ့ တရုတ်ကျေးရွာ ၂ ရွာ ပါဝင်တယ်လို့ သိရပါတယ်။

“ဒဏ်ရာရရှိသူတွေနဲ့ ဒုက္ခသည်တွေ အခြေအနေကို ကျနော်တို့ ကွင်းဆင်း မှတ်တမ်းယူနေပါတယ်။ တိုက်ပွဲ က ပိုပြင်းထန် လာမယ့် အခြေအနေရှိတယ်။ ဒီစစ်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မကြာခင်အချိန်ပိုင်းမှာ TSYO အနေနဲ့ ကြေညာချက် ထုတ်ပြန် သွားမှာပါ”လို့ မိုင်းမျိုးအောင်က ပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲက TNLA တပ်ရင်းတွေကို ရှာဖွေတိုက်ခိုက်ရာမှာ မြေပြင်ထိုးစစ်တွေ အပြင် ဝေဟင် ကနေ တိုက် လေယာဉ် တွေအသုံးပြုခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း အစိုးရ စစ်တပ်ဘက်က တိုက်လေယာဉ်တွေ သုံးပြီး ဆက်လက် ထိုးစစ် ဆင် လျက်ရှိကြောင်း TNLA အထွေထွေအတွင်းရေးမှူး မိုးဘုန်းကျော် ကလည်း ပြောဆိုပါတယ်။

“သူတို့ (အစိုးရစစ်တပ်) က ကျနော်တို့ကို စစ်ရေးအရဖိအားပေးဖို့ ပြင်ဆင်နေတာကြာပြီ။ အခုတော့ အလုံးအရင်းနဲ့ ထိုးစစ် ဆင် လာတာပေါ့လေ။ အခုက မြေပြင် စစ်ကြောင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်သလို ဝေဟင်ကလည်း MIG 29 ၂ စင်းနဲ့ ကူပစ် တယ်။ ဒီမနက်လည်း မိုးမိတ်လေယာဉ်ကွင်းမှာ ထပ်ကူဖို့ တိုက်လေယာဉ်တွေ ထပ်ရောက်လာတယ်လို့ သတင်းရတယ်”လို့ မိုင်းဘုန်းကျော် က ဧရာဝတီကို ပြောပါတယ်။

အစိုးရ စစ်တပ်နဲ့ TNLA တို့အကြားဖြစ်ပွားခဲ့တဲ့ ၃ ရက်ကြာတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး အစိုးရဘက်က တပ်မ (၇၇) နဲ့ (၈၈) တို့အပြင် ဒေသခံ မိုးကုတ်၊ မိုးမိတ် တပ်တွေနဲ့ အတူ မန္တလေး အခြေစိုက် တပ်တွေလည်း ပူးပေါင်းပါဝင်ကြောင်း နှစ်ဘက် အကျအဆုံး တွေရှိနေကြောင်း၊ TNLA ဘက်ကလည်း ခုခံဖို့ ပြင်ဆင်ထား သလို တိုက်ပွဲပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း မိုင်းဘုန်းကျော် က ဆက်ပြောပါတယ်။

TNLA နဲ့ အစိုးရ တပ် တိုက်ပွဲတွေ ဖြစ်ပွားကြောင်း သတင်း ရရှိထားပေမယ့် အစိုးရ တပ်က လေယာဉ်တွေ အသုံးပြုမှု ရှိမရှိကို သတင်း အချက်အလက် ရထားခြင်း မရှိသေးကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

“လေယာဉ်ပျံ သုံးတယ်၊ မသုံးဘူး ဆိုတဲ့ အချက်အလက်တော့ ကျနော်တို့မှာ ဘာသတင်း အချက်အလက်မှ ရထားတာ မရှိဘူး”လို့ ဝန်ကြီး ဦးရဲထွဋ် က ဧရာဝတီကို ပြောပါတယ်။

ဒီကနေ့ထုတ် အစိုးရသတင်းစာမှာတော့ TNLA တပ်ဖွဲ့တွေဟာ မိုးကုတ်-မိုးမိတ် ကားလမ်းအရှေ့ခြမ်း ကျေး ရွာတွေက ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနဲ့ ရိက္ခာစုဆောင်းခြင်းတွေ ပြု လုပ်နေကြောင်း ဒေသခံတွေရဲ့ သတင်း ပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းက ဇန်နဝရီ ၃၀ ရက်မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

နှစ်ဘက် တပ်ဖွဲ့တွေအကြား ဖေဖော်ဝါရီလ ၂ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြား အစိုးရ တပ်က တပ်မတော်သား ၅ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ TNLA ဘက်က ၁၀ ဦး ကျဆုံးပြီး လက်နက်ခဲ ယမ်းနဲ့ ဆက်စပ်ပစ္စည်း တချို့ကိုလည်း သိမ်းဆီး ရရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။

TNLA နဲ့ အစိုးရတပ်တို့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး ဦးရဲထွဋ် က“တိုက်ပွဲကတော့ဗျာ။ ကျနော် တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ ကြိုးစားတဲ့ အချိန်တိုင်းမှာ အဲဒီဘက် (ရှမ်းပြည်နယ်မြောက်ပိုင်း) မှာ တပ်မတော် စခန်းတွေကို လာပစ်ခတ်ပြီးတော့မှ အရပ်စကားနဲ့ပြောရရင် ဆွပေးတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ မကြာခဏဖြစ်တာပေါ့ဗျာ။ ဒါတွေက ငြိမ်းချမ်းရေး ကို မလိုလားဘဲနဲ့ တမင်သက်သက်များ လုပ်နေသလားလို့ သံသယဖြစ်မိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုလာပစ်ရင်တော့ ပြန်ပြီးတော့ ခုခံကာကွယ်ရတာပေါ့။ အဲဒီကနေ စပြီးတော့ တိုက်ပွဲတွေက ပြန်ပြန်ဖြစ် နေတာပေါ့”လို့ ပြောဆိုပါတယ်။

အစိုးရနဲ့ TNLA တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အစိုးရ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ TNLA ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ “ရွှေလီ ရတနာ” ခန်းမမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းက တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရရှိခဲ့ပါဘူး။

TNLA အဖွဲ့ဟာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ထာဝရမဟာမိတ် ဖြစ်သလို ရှမ်းပြည်တိုး တက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)နဲ့ မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) (ကိုးကန့် တပ်မတော်) တို့နဲ့ အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပူးပေါင်းလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် TNLA ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းပေါင်းဖွဲ့ထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှာ အဖွဲ့ဝင်ဖြစ်သလို အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှာလည်း ပါဝင်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List