Thursday, February 05, 2015

စတော့အိပ်ချိန်း အခွံသက်သက် ဖြစ်လာမလား


မြန်မာနိုင်ငံက ယခုနှစ်အတွင်း စတော့အိပ်ချိန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး လာမည့် နိုဝင် ဘာလ မတိုင်ခင်တွင် အပြီးသတ်ရန် လုပ်ဆောင်လျက် ရှိသည်။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်လာသည့် စတော့အိပ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိပ် ချိန်း က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန်ဒိုင် ဝါသုတေသနက ၃၀ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်လုပ်ဆောင် ရန် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက လက်မှတ် ထိုးခဲ့ပြီး ဖြစ်သည်။
စတော့အိပ်ချိန်း ဈေးကွက်ဆိုသည်နှင့် ယင်း ဈေးကွက်တခု ပီပြင်စွာ ပေါ်ပေါက် လာရေးတွင် ကဏ္ဍများစွာ က ပါဝင်ပတ်သက်ကြရမည် ဖြစ်သည်။ စတော့အိပ် ချိန်းတွင် စာရင်းဝင်နိုင်အောင် ကြိုးစား၍ အစုရှယ်ယာ များကို ရောင်းချကြမည့် listed အများပိုင်ကုမ္ပဏီများ၏ အခန်းကဏ္ဍ၊ အဆိုပါ အများပိုင်ကုမ္ပဏီတို့၏ အစုရှယ်ယာ များကို ဝယ်ယူ ရင်းနှီးမြှုပ်နှံလိုသူများ လက်သို့ရောက်ရန် ကြားခံ ဆောင်ရွက်ပေးရ မည်ဖြစ်သော ဝန်ဆောင်မှု ကုမ္ပဏီ များ၏ အခန်းကဏ္ဍ၊ ယင်းဝန်ဆောင်မှု ကုမ္ပဏီများ နှင့် စတော့အိပ်ချိန်း ကိုပါ ကြီးကြပ်ရမည်ဖြစ်သော၊ လိုင်စင်ချပေးခွင့် ရှိသော ငွေချေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော် မရှင် (Stock Exchange Commission ) ၏ အခန်းကဏ္ဍ စသည့် ကဏ္ဍများစွာက အချိတ်အဆက်မိမိ အကောင် အထည်ဖော်ကြရမည် ဖြစ်သည်။ ထို့ပြင်  Stock Exchange Commission (SEC) ဖွဲ့စည်းခြင်း အပါအဝင် စတော့ဈေးကွက်ကို ပုံဖော်ခြင်း ကနဦး အခြေခံဖြစ်သော ငွေကြေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေနှင့် နည်းဥပဒေတို့လည်း ထွက်ပေါ်ပြီး ဖြစ်ရမည်။

လက်ရှိ အခြေအနေတွင် ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပြီး SEC ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်။ စတော့ အိပ်ချိန်းတွင် ဝန်ဆောင်မှု လုပ်လိုသည့် ကုမ္ပဏီများ လိုင်စင်လျှောက်ရာတွင် လိုအပ်သည့် စံနှုန်းသတ်မှတ် ချက်များလည်း ထုတ်ပြန်ပြီး ဖြစ်သည်။ သို့သော် စတော့အိပ်ချိန်းတွင် စာရင်းဝင်ကာ အစုရှယ်ယာများ ရောင်းချကြမည့်   Listed ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များကို အတည်ပြုထုတ်ပြန်သေးခြင်း မရှိသေးပါ။

အကြမ်းဖျင်းသတ်မှတ်ချက်များတွင် အဆိုပါ  Listed ကုမ္ပဏီများမှာ အမြတ်ငွေ အနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီ ဖြစ်ခြင်း၊ အနည်းဆုံး ထည့်ဝင်ရင်းနှီးငွေကျပ် သန်း ၅၀ဝ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင် အရေအတွက် ၁၀ဝ ရှိရမည်စသော အချက်များ နှင့် အခြားစံသတ်မှတ်ချက်များ ပါရှိသည်ကို တွေ့ရ သည်။ လတ်တလောအခြေအနေတွင် စံနှုန်း သတ်မှတ်ချက်များနှင့် စတော့အိပ်ချိန်းသို့ ဝင်ရန် အလား အလာရှိသည့် အများပိုင်ကုမ္ပဏီ ၁၀ ခုနီးပါးရှိပြီး ၂ ခု ၃ ခုနှင့်လည်း စတင်သွားနိုင်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောဆိုထားသည်။

ယင်းသို့ စတော့ဈေးကွက် အကောင်အထည် ဖော်မှုကို အခန်းကဏ္ဍအလိုက် လုပ်ဆောင်နေပြီး လက်တွေ့ စတင်ချိန် ရောက်သွားခဲ့ပြီဆိုလျှင် အမှန် တကယ် အရေးအကြီးဆုံး စိန်ခေါ်မှုတခုက ကြိုနှင့် နေမည်ဖြစ် သည်။ ယင်းမှာ စတော့အိပ်ချိန်းလည်းရှိ၊ Listed ကုမ္ပဏီလည်းရှိ၊ ဝန်ဆောင်မှု ကုမ္ပဏီများ လည်းရှိပါလျက် ရင်းနှီးမြှုပ်နှံသူ၏ အခန်းကဏ္ဍ မရှိ၊ အစုရှယ်ယာများ အရောင်းအဝယ် မရှိပဲ အခွံ သက်သက် ခြောက်ကပ် ကပ် စတော့အိပ်ချိန်း မဖြစ် ဖို့ဆိုသည့် အချက်ဖြစ်သည်။

“အိပ်ချိန်းထောင်ထားပြီး အရောင်းအဝယ် မဖြစ်တာမျိုးလည်း ဖြစ်သွားနိုင်တာပဲ။ အခု လာအိုတို့ ကမ္ဘောဒီး ယားတို့မှာ အဲဒီလို ဖြစ်နေတာပဲလေ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူက လိုပါတယ်” ဟု မြန်မာနိုင်ငံတွင် တခု တည်းသာ ရှိသေးသည့် ငွေချေး သက်သေခံလက်မှတ်များ အရောင်းအဝယ် ဝန်ဆောင်မှု လုပ်ပေးနေသော MSEC ကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံသူ၏ အခန်းကဏ္ဍမှာ စတော့ ဈေးကွက်တွင် အလွန်အရေးပါသည့် အနေအထား ဖြစ်သည် ။ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အပိုင်းတွင် အိမ်ခြံမြေ၊ ရွှေ နှင့် နိုင်ငံခြားငွေတို့တွင်သာ အများဆုံး မြှုပ်နှံနေကြ သည့် တချိန်တွင် စတော့ဈေးကွက် ပေါ်လာပါက ရင်းနှီးမြှုပ်နှံမှု အရွေ့တခုဖြစ်လာနိုင်သည်ဟု ပြောကြ သူများ လည်း ရှိသည်။ သို့သော် Listed ကုမ္ပဏီ အနည်းအကျဉ်းနှင့် ဦးစွာ စတင်ပါက ရှယ်ယာ ဝယ်ယူ ရင်းနှီးမြှုပ်နှံ လိုသူများ ဘက်မှ ရွေးချယ်ခွင့် အင်မတန် နည်းပါးသွားမည်။ ဝယ်ယူသူ နည်းသော စတော့ဈေး ကွက်မှာ ကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပါက သို့မဟုတ် ရွေးချယ်စရာ နည်းပါးနေပါက အလုပ်မဖြစ်နိုင်သည့် အခြေအနေများ ရှိလာနိုင်သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး စတော့ ဈေးကွက် အတွေ့အကြုံရှိသူ Thura Swiss ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင် သူရက “အစပိုင်းမှာ ရင်းနှီးချင်တဲ့သူတယောက် အနေနဲ့  listed ကုမ္ပဏီ ၃ ခုလောက်ဆိုတော့ သူ့အတွက် ရွေးဖို့က လွယ်ချင်မှ လွယ်မှာ။ ဥပမာ အဲ့ဒီ ၃ ခုလုံးက ကောင်းချင်မှ လည်း ကောင်းမှာပေါ့။ ကြိုက်ချင်မှလည်း ကြိုက်မှာ။ လောလောဆယ်က ရွေးစရာ မရှိသေးဘူး။ စစချင်းကတော့ အရောင်း အဝယ်က ပါးမှာပါပဲ။ သဘောကို နားမလည်သေးတဲ့ အချိန်၊ listed ကုမ္ပဏီတွေ ကလည်း များများမရှိ သေးတဲ့အချိန်မှာ အရောင်းအဝယ်ပါးမှာပါ” ဟု သုံးသပ်ပြောဆိုသည်။

ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ လည်း ၎င်းက “ကိုယ်ကစပြီး ပထမဆုံး ရင်းနှီးမယ်ဆို ကိုယ်ဘယ်လောက်ထိ နားလည်ထားလဲ။ ရှယ်ယာ ဝယ်တာမျိုးက မြေဝယ်သလိုမျိုး မဟုတ်ဘူး။ ကိုယ် မြှုပ်နှံမယ့်ကုမ္ပဏီ ကောင်းလား၊ မကောင်းလား အခြေအနေတွေ ပါလာတယ်ပေါ့။ ပြောရရင် ရင်းနှီးမြှုပ်နှံဖို့ ပိုခက်တာပေါ့။ လုံးဝမလေ့လာဘဲနဲ့ ရင်းနှီးဖို့ တော့ မလွယ်ဘူး” ဟု ပြောသည်။

စတော့ ဈေးကွက် အလေ့အထ၊ ပွင့်လင်းမြင်သာမှု အလေ့အကျင့်နှင့်များစွာ အလှမ်းဝေးခဲ့သော မြန်မာနိုင် ငံမှ အများပိုင်ကုမ္ပဏီများသည် listed ဖြစ်ပြီး စတော့တွင် ရှယ်ယာများ ရောင်းချ သည့်အခါ ရင်းနှီးမြှုပ်နှံရမည့် သူများဘက်မှ စဉ်းစားရမည့် အချက်များစွာ ရှိနေပါလိပ်မည်။ ထိုအခြေ အနေမှာ listed ကုမ္ပဏီများ၏ စံနှုန်းအရည် အချင်းကို သတ်မှတ်ပေးသည့် စတော့အိပ်ချိန်းနှင့် တိုက်ရိုက်သက်ဆိုင်သလို ထိန်းကျောင်း သည့် အဖွဲ့ အစည်း SEC  နှင့်လည်း သက်ဆိုင်ပါသည်။

ယင်းအပိုင်းနှင့်ပတ်သက်၍ စတော့ ဈေးကွက် ရေးရာ လေ့လာနေသူတဦးက “ SEC ဆိုတာက အများ ပြည်သူအကျိုးကို ကြည့်ရမယ်။ ကုမ္ပဏီ အကျိုးကို မကြည့်ရဘူး။ ဝင်ရောက် ရင်းနှီးတဲ့အခါမှာ ကုမ္ပဏီက လျော့လျော့ရဲရဲ လုပ်ထားပြီးတော့ အများပြည်သူက ဆုံးရှုံးသွားမယ်ဆို မဖြစ်ဘူးလေ။ (invester protection) ရင်းနှီးမြှုပ်နှံသူကို အကာ အကွယ်ပေးမှု ဆိုတာရှိတယ်။ ဒါ SEC ကလုပ်ရမှာ” ဟု ပြောသည်။

စတော့အိပ်ချိန်း ဈေးကွက် ပီပြင်စွာ လည်ပတ် နိုင်ရေးတွင် လက်တလော လိုင်စင်ချပေးရန် ခေါ် ထားသည့် ဝန်ဆောင်မှုကုမ္ပဏီများ၏ အခန်းကဏ္ဍကလည်း မရှိမဖြစ် အရေးပါပါသည်။

လက်ရှိတွင် Underwriter ဟုခေါ်သည့် စတော့အိပ်ချိန်းတွင် ပါဝင်သော အများပိုင်ကုမ္ပဏီကြီးများ၏  ရောင်း ချလိုသော အစုရှယ်ယာပမာဏကို တာဝန်ယူဖြန့်ပေးသည့် ကုမ္ပဏီလိုင်စင်၊  Dealer ဟုခေါ်သည့် ဝယ်ရောင်း ၂ ခု စလုံးလုပ်ကိုင်သည့် ကုမ္ပဏီလိုင်စင်၊ Broker  ဟုခေါ်သည့် ပွဲစား ကုမ္ပဏီလိုင်စင်နှင့် Consultant  အကြံပေးကုမ္ပဏီ လိုင်စင်တို့ကို ချပေးသွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်း များကို မြန်မာနိုင်ငံက လုပ်ကိုင်နိုင်သည့် ကုမ္ပဏီ မရှိသဖြင့် နိုင်ငံခြား ဖက်စပ်လုပ်ကိုင်ခွင့် ပြုထားရ သည့် အခြေအနေဖြစ်သည်။

ထို့ပြင် စတော့အိပ်ချိန်းသို့ စာရင်းဝင်ရန် စံနှုန်းမမီသည့် ကုမ္ပဏီများ၏  ရှယ်ယာများ ရောင်းဝယ်ခြင်း ပြု လုပ်နိုင်မည့် ကောင်တာဈေးကွက် တည်ထောင်ခွင့်ကို SEC  ခွင့်ပြုချက်ရလျှင် လုပ် ဆောင်နိုင်မည်ဟု ဥပဒေတွင် ပါရှိရာ ယင်းသို့သာ ကောင်တာဈေးကွက် ဖွင့်ခွင့်ပြုလိုက်ပါက စတော့ ဈေးကွက်မကျယ်ပြန့် ပဲ ကောင်တာဈေးကွက်သာ ကျယ်ပြန့်သွားနိုင်မည် ဖြစ်သည်။ ထိုအချက်သည် လည်း စတော့အိပ်ချိန်းအ တွက် စိန်ခေါ်မှုတခု ဖြစ်သည်။

ထိုသို့သော အခြေအနေ အမျိုးမျိုးကြားမှ စတော့အိပ်ချိန်း ပေါ်ပေါက်၍ အမှန်တကယ်သက်ဝင် လှုပ်ရှား သည့် ဈေးကွက်တခု ဖြစ်လာပါက နိုင်ငံ ၏ ငွေကြေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှု တို့ကိုပါ တွဲ ပါစေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက မှတ်ချက်ပြုသည်။

၎င်းက “စီးပွားရေးလုပ်ငန်းအသီးသီးက သူတို့ ရဲ့ စီမန်ခန့်ခွဲမှု ပုံသဏ္ဌာန်တွေ၊ ထုတ်လုပ်မှုနည်းပညာ တွေ ၊ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာတွေ စတာတွေ ကိုခြုံပြီးတော့မှ အစုရှယ်ယာဈေးကွက်ထဲမှာရှယ်ယာ ကိုရောင်းပြီး သူတို့ရဲ့ လိုအပ်တဲ့ အရင်းအနှီးကို ဖြည့်ဆည်းတာပေါ့။ ဒီအပိုင်းမှ သူတို့ စီးပွားရေး လုပ် ငန်းတွေ အတွက်လည်း အကျိုးရှိတယ်။ အဲ့ဒီ ထဲမှာဝင်ရောက်ပြီး အစုရှယ်ယာဝယ်ယူရင်းနှီးတဲ့ ပြည်သူတွေ အတွက် လည်း အကျိုးရှိမယ်။ နိုင်ငံအတွက် လည်း ဘယ်လိုအကျိုးရှိလည်းဆိုရင် မလိုအပ်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံ မှုတွေ မလုပ်တော့ဘဲနဲ့  တိုင်းပြည်ရဲ့ စီးပွားရေးထုတ်ကုန် မြင့်မားဖို့တိုးတက်ဖို့ကို အထောက် အကူပြုမယ့် စီးပွားရေးလုပ်ငန်း တွေမှာရင်းနှီးမြှုပ်နှံကြတဲ့အတွက် ငွေကြေးတည်ငြိမ် မှု၊ စီးပွားရေး တည်ငြိမ် မှုတွေ ပိုဖြစ်စေမယ်” ဟု ပြောသည်။

မည်သို့ပင်ဖြစ်စေ စတော့အိတ်ချိန်းကို မြန်မာ နိုင်ငံကဖြစ်အောင် အပြီးသတ် အကောင်အထည်ဖော်တော့ မည်ဖြစ်သည်။ ထိုအကောင်အထည်ဖော်မှုတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများက ရှိနေသေးသလို သက်ဝင်လှုပ်ရှားမှု မရှိသော၊ ရှယ်ယာ အရောင်းအဝယ်များ အနည်းအကျဉ်းနှင့် အခွံသက် သက် ခြောက် ကပ်ကပ် စတော့အိပ်ချိန်းကြီး ဖြစ်မဖြစ် မဝေးသော အနာဂတ် တွင် မြင်လာရတော့မည် ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List