Friday, February 06, 2015

MPT ဖုန်းခေါ်ဆိုခကို အခြားအော်ပရေတာ များနှင့်အပြိုင် ဈေးနှုန်း လျှော့ချ သင့်ကြောင်း လွှတ်တော်အကြံပြု



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို ပြည်တွင်း၊ ပြည်ပအော်ပရေ တာများနှင့် အပြိုင် ဈေးနှုန်းလျှော့ချ ယှဉ်ပြိုင်သင့်သည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက အကြံပြုထားသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထား သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ပထမခြောက် လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာအပေါ် စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြ ထားခြင်းဖြစ်ည်။

''ကျွန်တော်တို့ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲမှုတွေမှာ လွယ်ကူလျင်မြန်ချောမွေ့စွာ ဆက်သွယ်နိုင်ရေး အတွက် တိုးတက်ဆောင်ရွက်သွားဖို့ လိုပါတယ်'' ဟု အစီရင်ခံစာဖတ်ကြားသူ ဓနုဖြူမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ယခုအချိန်တွင် အူရီးဒူးနှင့် တယ်လီနောတို့မှ တယ်လီဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ် နှုန်းဖြစ်သော် လည်း မြန်မာ့ဆက်သွယ်ရေးက ၃၅ ကျပ် တောင်းခံလျက်ရှိသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တယ်လီဖုန်းလုံးရေ ၅,၈၁ဝ,၃ဝဝလုံး တပ်ဆင်ရန် ရည်မှန်းခဲ့ရာ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ၏ ပထမခြောက်လပတ်တွင် တယ်လီဖုန်းလုံးရေ ၃,၃၁၄,၅၁၇ လုံး တပ်ဆင်ခဲ့၍ ၅၇ ရာခိုင်နှုန်း တပ်ဆင် နိုင်ခဲ့ သည်ဟု ဆိုသည်။

ထို့ပြင် တယ်လီနောနှင့် အူရီးဒူးတို့က ပထမခြောက်လပတ်တွင် တယ်လီဖုန်း လုံးရေ ၁,၈၅၅,ဝဝဝလုံး တပ်ဆင်ပေးသဖြင့် စုစုပေါင်းတယ်လီဖုန်းလုံးရေ ၅,၁၆၉,၅၁၇ ဖြစ်ပြီး မိုဘိုင်းဖုန်းများ တိုးတက်လာသည်နှင့် အမျှ တယ်လီဖုန်းနှင့် အင်တာနက်သုံးစွဲမှုမှာ များလာခဲ့သည်။

ထို့အတွက် ဝင်ငွေများ တိုးတက်ခဲ့ပြီး ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်ကုန်ဆုံးသည်အထိ မိုဘိုင်းဖုန်းများကို လစဉ် တိုးချဲ့တပ်ဆင် ဆောင်ရွက်လာမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီ၏ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်းဆောင် ရွက်မှု အစိရင်ခံစာအပေါ် စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ပါရှိသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ လိုင်စင်ရ အော်ပရေတာ နှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က တိုင်းဒေသကြီး/ပြည်နယ်အလိုက် နှစ်စဉ်စီမံကိန်းရည်မှန်းရန် အဆိုပြု ချက်၊ နှစ်ရှည် စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များနှင့် အကောင်အထည်ဖော်နိုင်မှု လစဉ်သုံးလပတ် ၊ ခြောက်လပတ် နှစ်ချုပ် ကိန်းဂဏန်းစာရင်းဇယားများကို အချိန်နှင့် တပြေးပြည့်စုံစွာညီရရှိနိုင်ရေး တာဝန်ခံဆောင်ရွက် ပေးရန် လိုအပ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်က အဆိုပါ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းပေးသွင်းနိုင်ကြောင်း  ကြေညာခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List