Thursday, February 05, 2015

ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားများ ဖေဖော်ဝါရီ ၂၅ တွင် ရန်ကုန်သို့ ရောက်ဖွယ်ရှိ


မန္တလေးမှ စတင်ချီတက်လာခဲ့သည့် သပိတ်မှောက် ကျောင်းသားများသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ အရောက်ချီတက်ရန် မျှော်မှန်း ထားကြောင်း သိရသည်။ “ကျနော်တို့ကတော့ မှန်းထားတာပဲ ရှိသေးတယ်။ အဲဒီရက်ထက်တော့ စောနိုင်မယ်မထင်ဘူး။ ကျနော်တို့က ဖြတ်သွားရာ လမ်းတလျှောက် မှာလည်း တက္ကသိုလ်တွေ၊ မြို့ခံလူထုကို စည်းရုံးဟောပြောရဦးမှာဆိုတော့ ခရီးကို သွက်သွက်သွားလို့ မဖြစ်နိုင်ဘူးလေ။ ကျန်တဲ့ မြန်မာနိုင်ငံအတွင်းက တခြား ကျောင်းသားသပိတ် စစ်ကြောင်းတွေနဲ့ တပြိုင် တည်း ရန်ကုန်ကို အရောက်လာဖို့တော့ ဖြစ်မယ် မထင်တော့ဘူး” ဟု ကျောင်းသားသပိတ် ခေါင်းဆောင် တဦးဖြစ်သည့် ကိုအောင်နေပိုင်က ပြောသည်။
ယနေ့တွင် မကွေးမြို့မှ စတင်ထွက်ခွာလာရာ တောင်တွင်းကြီးမြို့ မရောက်ခင် သစ်ရာကောက်ရွာတွင် ညအိပ်ရပ်နားမည် ဖြစ်ကြောင်း၊ ကျောင်းသားသပိတ် စစ်ကြောင်းကို လုံခြုံရေးများဖြင့် ဟန့်တားမည် ဟု ကောလဟလများ ထွက်ပေါ် နေသော်လည်း ယနေ့အချိန်အထိ တားဆီးမှုများ မတွေ့ ရသေးကြောင်း ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်သည့် ကိုသီဟ၀င်းတင်က ဧရာဝတီသို့ ပြော သည်။

မကွေးမြို့မှ စတင်ထွက်ခွာခဲ့ရာ မကွေး ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းအုပ်ဆရာကြီး၏ ခွင့်ပြု ချက်ဖြင့် ကျောင်းအတွင်းရှိ ကျောင်းသားကျောင်းသူများကို မည်သည့်အတွက်ကြောင့် အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ရခြင်း ဖြစ်သည်ကို ရှင်းပြခွင့်ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ကောလာဟလကတော့ နေရာအနှံ့ထွက်နေတာပဲ။ ဒီနေ့လည်း သစ်ရာကောက် မရောက်ခင် ဆတ်သွားရွာ ဘက်မှာ ရဲတွေရောက်နေပြီလို့ ကြားတာပဲ။ နောက် ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကို ဖမ်းဆီးသွားပြီတို့၊ ဘာတို့ ထွက်လာသေးတယ်။ မဖမ်းပါဘူး။ သူကကျနော်တို့ စစ်ကြောင်း နဲ့ အတူ ရှိနေပါတယ်” ဟု ၎င်း ဆိုသည်။

အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်ပြီး ၄ ပွင့်ဆိုင် ဆွေးနွေးရေး နောက်ဆုတ် ရွှေ့ဆိုင်းခဲ့ပြီးနောက် တနိုင်ငံလုံးက ခတ္တရပ်နားထားသည့် တခြားသော ကျောင်းသားသပိတ် စစ်ကြောင်းများလည်း ပြန်လည် စတင်ရန် ပြင်ဆင်နေကြပြီဟု သိရသည်။

မွန်ပြည်နယ်ရှိ တက္ကသိုလ်များမှ ကျောင်းသားများကလည်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သပိတ်ကို မြို့တွင်းမှ စတင်မည်ဟု မွန်ပြည်နယ်၊ ကျောင်းသားသမဂ္ဂမှ ကိုဖုန်းမြတ်မိုးက ပြောသည်။

ထို့အပြင် ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်းကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စတင်ခဲ့ သည့် ဧရာဝတီတိုင်း ကျောင်းသားသပိတ် စစ်ကြောင်း ရန်ကုန်ရောက်မည့်အချိန်နှင့် အချိန်ကိုက်ပြုလုပ်ကာ ရန်ကုန်သို့ ကားဖြင့်လာရောက် ပူးပေါင်းရန်ရှိသည်ဟု ထားဝယ် ကျောင်းသားသမဂ္ဂမှ နည်းပညာကျောင်း သား ကိုသူရနိုင်က ဆိုသည်။

“ကျနော်တို့ ထားဝယ်ကနေ ရန်ကုန်အထိ လမ်းလျှောက် ချီတက်ဖို့ကတော့ လုံခြုံရေးအရရော အားလုံးက အခြေအနေ မပေးဘူး။ ဒါ့ကြောင့် ကျနော်တို့ လမ်းလျှောက်မယ့် အစီအစဉ်အစား ကားနဲ့ပဲ ရန်ကုန်ကို တက်ခဲ့ကြတော့မှာ” ဟု ၎င်းက ဆက်ဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အစိုးရဘက်က ကျောင်းသားများ၏ သဘောဆန္ဒမပါဝင်ဘဲ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်း လိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အပေါ် လူထုအဖွဲ့အစည်းများ၏ နှီးနှော ဖလှယ်ပွဲ (CSOs Forum Coordination Committee) က သပိတ်မှောက် ကျောင်းသားများ၏ လုံခြုံရေးနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး မရေရာမည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့အပြင် ပညာရေး ပြုပြင်ပြောင်းလဲမှုများအတွက် ၄ ပွင့်ဆိုင် ဆွေးနွေးရေးတွင် ပညာရေး ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အပြည့်အ၀ ထောက်ခံကြောင်း၊ NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်၏ သပိတ်မှောက် ကျောင်းသားများအပေါ် ဆက်လက် ပံ့ပိုးကူ ညီမှုများကို ကြိုဆိုဝန်းရံသွားမည်ဟု CSO Foum က ထုတ်ပြန်သည်။

ထို့အပြင် ၄ ပွင့်ဆိုင် ဆွေးနွေးရေးကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ရန်နှင့် သပိတ်မှောက် ကျောင်း သားများ အပေါ် အစိုးရဘက်မှ နည်းမျိုးစုံဖြင့် နှောက်ယှက်ဖိအားပေးခြင်း၊ အကြမ်းဖက် ဖြိုခွဲခြင်းများ မပြုလုပ်ရန် ၎င်းတို့က တိုက်တွန်းထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List