Thursday, February 05, 2015

NLD တွင် ငွေကြေးတောင့်တင်းခြင်း မရှိသောကြောင့် ပြဿနာအချို့ကို အလွယ်တကူ မကူညီနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ငွေကြေးတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခု မဟုတ်သောကြောင့် အချို့သော ပြဿနာများတွင် အလွယ်တကူ ကူညီဖြေရှင်းမပေးနိုင်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
“ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ် NLD က ပိုက်ဆံရှိတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် လွယ်လွယ်နဲ့တော့ မကူညီပေးနိုင်ဘူး၊ ဒါပေမဲ့ အားလုံးက နေပြီးတော့ စုပေါင်းပြီးလုပ်ရင် ဘယ်လိုပုံစံနဲ့ ခက်ခဲတဲ့ ဒီအချိန်ကို ဖြတ်ကျော်မလဲဆိုတာ ကျွန်မတို့ စဉ်းစားကြည့်မယ်၊ အားလုံး ဝိုင်းပြီးတော့ ကြိုးစားမယ်” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အလည်အပတ် ရောက်ရှိ လာသော စစ်ကိုင်းတိုင်းရှိ လယ်ယာမြေသိမ်း ခံရသော တောင်သူများ၊ မန္တလေးတိုင်းမှ NLD ပါတီဝင် များနှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေတွင် တောင်သူများ ကြုံတွေ့နေရသည့် လယ်ယာမြေ သိမ်းဆည်း မှုကြောင့် ဖြစ်ပေါ်နေသော လူမှုဒုက္ခများကိုမူ လွှတ်တော် လယ်ယာမြေကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင်၍ ပူးပေါင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ တောင်သူများ လက်ရှိဖြစ် တည်မှု စာရွက်စာတမ်းများကို တင်ပြခဲ့စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

လယ်ယာမြေ ပြဿနာသည် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဖြစ်ပွားနေပြီး ဒေသအလိုက် ပြဿနာဖြစ် ပွား မှုနှင့် ဖြေရှင်းမည့် အကြောင်းအချက်များမှာ တူညီမှု မရှိနိုင်ကြောင်း၊ ယင်းကိစ္စတွင် သိမ်းယူသူနှင့် သိမ်းခံရသူများ အနေနှင့် အပြန်အလှန်အပေးအယူ လုပ်ရန် အသင့်ရှိစေလိုကြောင်း ၎င်းကဆိုသည်။

“တစ်ဖက်က နေပြီးတော့ ဥပဒေအရ တိကျတဲ့ အဖြေပေးမှရမယ်၊ နောက်ဆုံးကျတော့ တရားဥပဒေ က ဆုံးဖြတ်ချက် မပေးမချင်း ဒီကိစ္စတွေက ပြီးမှာ မဟုတ်ဘူး။ အဲ့ဒီဟာကို မဖြေရှင်းသရွေ့ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံက ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စကို အချိန်တိုအတွင်း ရှင်းလင်းရန် မဖြစ်နိုင်သောကြောင့် တောင်သူများ အနေနှင့် စိတ်ခိုင်ခိုင် ထားပြီး လက်ရှိအခြေအနေကို ရုန်းကန်ရမည် ဖြစ်ကြောင်း၊ ယင်းပြဿနာများ အပါအဝင် တောင်သူ များ၏ ကျောင်းမနေရသော ကလေးများကိုမှု NLD အနေနှင့် အတတ်နိုင်ဆုံး ကူညီသွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List