Friday, January 02, 2015

ရန်ကုန်တိုင်း တရားလွှတ်တော်တွင် လွှင့်ထူထားသည့် ကဒေါင်းပါ သုံးရောင်ခြယ်အလံ လက်သည်မပေါ်သေး



ရန်ကုန်မြို့လယ်ရှိ တိုင်း ဒေသကြီး တရားလွှတ်တော်၌ ဇန်နဝါရီ ၁ ရက်က နိုင်ငံတော် အလံအစား ‘‘ကိုးမြီးကွက် ကဒေါင်း’’ ပုံစံပါ သည့်သုံးရောင် ခြယ်အလံကိုလွှင့်ထူထားပြီး လူအများသတိထားမိချိန်တွင် ပြန်လည်ဖြုတ်သိမ်းသွားခဲ့သည်။အဆိုပါအလံကို မဟာဗန္ဓု လလမ်းအတွင်းရှိ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် (ဟိုက်ကုတ်)တစ်ခုတည်းတွင် သာ လွှင့်ထူထားခြင်းဖြစ်ပြီး အနီး နားရှိ မြို့တော်ခန်းမအပါအဝင် အစိုးရအဆောက်အအုံအားလုံး၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် သုံး ရောင်ခြယ်ပေါ်၌ ကြယ်ဖြူပါရှိ သည့် နိုင်ငံတော် အလံကိုသာ လွှင့်ထူထားခဲ့သည်။
‘‘ကိုးမြီးကွက်ကဒေါင်း’’ပုံစံ ပါသည့် သုံးရောင်ခြယ်အလံလွှင့်ထူထားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့ တစ်သုံးလုံး (၁ လပိုင်း ၁ ရက် နေ့လယ် ၁ နာရီအချိန်)အထိမ်းအမှတ်ဆန္ဒပြသူများက စတင် သတိထားမိသွားခြင်းဖြစ်သည်။ ယင်းနောက်မှ အနီးနားရှိပြည်သူ များ၊ အာဏာပိုင်များနှင့် တရား လွှတ်တော်ဝင်းအတွင်းရှိ ဝန်ထမ်းများက သိရှိခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်စကားပြောရင်း လှမ်းကြည့်တော့ အလံကတစ်မျိုး ဖြစ်နေတယ်။ တို့အမျိုးသားအလံ ဖြစ်နေတယ်ဆိုပြီး ထူးထူးခြားခြား သတိထားမိသွားတာ’’ဟု ‘‘ကိုးမြီး ကွက်ကဒေါင်း’’ ပုံစံပါသည့် သုံး ရောင်ခြယ်အလံလွှင့်ထူထားခြင်း ကို စတင်သတိထားမိခဲ့သည့် ဆန္ဒပြလှုပ်ရှားသူ ဘိုးတော်ဦးခင် ဝင်းက ပြောသည်။

ဆန္ဒပြသူများနှင့် အနီးအနား မှ ပြည်သူများစတင်သတိထားမိ သွားပြီးနောက် လွှင့်ထူထားသည့် အဆိုပါအလံကို မွန်းလွဲ ၂ နာရီ နှင့် ၂၂ မိနစ်တိတိတွင် ပြန် လည်ဖြုတ်သိမ်းသွားခဲ့သည်။

သို့သော် ယင်းအလံကို မည်သူက အဆောက်အအုံထိပ် အလံတိုင်တွင် လွှင့်ထူသွားသည်ကိုမူလက်သည်တရားခံ မသိရသေးပေ။

မြန်မာ့သမိုင်းတစ်လျှောက် ပဒေသရာဇ်မင်းများနှင့် ကိုလိုနီ ဆန့်ကျင်ရေး၊ စစ်အစိုးရစနစ် ဆန့်ကျင်ရေးနှင့် ကျောင်းသား လှုပ်ရှားမှု များတွင် ဒေါင်းအရုပ်ပါ သည့်အလံကို ပုံစံမျိုးစုံဖြင့် အသုံး ပြုလေ့ရှိသည်။

ကနေသည့်ဒေါင်း၏ အမြီး တွင် အကွက်ကိုးကွက်ပါသည့် ‘‘ကိုးမြီးကွက်ကဒေါင်း’’ ပုံစံပါ သည့် သုံးရောင်ခြယ်အလံပုံစံမျိုးသည် ၁၉၄၁ − ၁၉၄၂ အတွင်း အသုံးပြုခဲ့သည့် ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ)အလံများအနက် တစ်ခုဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၅ ဇန်နဝါရီ ၁ ရက်က လွှင့်ထူထား သည့်အလံသည် ဗမာ့လွတ်လပ် ရေး တပ်မတော် (ဘီအိုင်အေ) အလံအမှတ် (၃)နှင့် အနီးစပ်ဆုံး တူညီမှုရှိသည့်အလံဖြစ်သည်။

အဆိုပါအလံသည် ဗမာ့ လွတ်လပ်ရေး တပ်မတော်က ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် အသုံးပြုခဲ့သည့် အလံဖြစ်ဖွယ်ရှိကြောင်း ၁၉၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေသည့်တပ်မတော် သမိုင်းမှတ်တမ်းစာအုပ်၌ ရေးသားထားသည်။

ယင်းအလံကို တို့ဗမာအစည်းအရုံးအလံမှ သုံးရောင် ခြယ် (ဝါ၊ စိမ်း၊ နီ)ပုံစံကိုယူပြီး တူတံစဉ်အစား ကိုးမြီးကွက်ကဒေါင်းပုံ ပြုလုပ် ထားခြင်းဖြစ် ကြောင်း အဆိုပါတပ်မတော် သမိုင်းမှတ်တမ်းစာအုပ်တွင် ရေး သားထားသည်။

ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် အလံ ပြောင်းလဲလွှင့်ထူထားသည့် အကြောင်းရင်းကို သေချာစွာမသိ ရှိရသေးဘဲ တရားလွှတ်တော်ရုံး အတွင်းသို့ မေးမြန်းရန်ဝင်ရောက် ခဲ့သည့် သတင်းထောက်များကိုလည်း ပထမအထပ်မှ ဝန်ထမ်းများက အပြင်ပြန်ထွက်ရန်ညွှန်ကြားခဲ့သည်။

အစိုးရသစ်လက်ထက်နိုင်ငံ တော်အလံအသစ်ပြန်ပြောင်းပြီးနောက်တွင် နိုင်ငံတော်အလံ မှားယွင်းလွှင့်ထူမှုမကြာခဏဖြစ် ပွားခဲ့ဖူးသည်။ နိုင်ငံတော်အလံကို အထက်အောက်ပြောင်းပြန်လွှင့် ထူမှုများသည် ၂၀၁၂ နိုဝင်ဘာ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံနှင့် ၂၀၁၃ မေလအတွင်း က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန် အထက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံပွဲတို့၌ ဖြစ်ပွားခဲ့ဖူးသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ကဒေါင်းပုံပါသုံးရောင်ခြယ်အလံလွှင့်ထူထားသည်ကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List