Tuesday, December 30, 2014

လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား



လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခတွင် တောင်သူဒေါ်ခင်ဝင်း သေနတ်ထိ မှန်သေဆုံးခြင်း အမှုမှန် ဖော်ထုတ်ပေးရန်နှင့် ယင်းစီမံကိန်း လုံးဝရပ်ဆိုင်းပေးရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူအင်အား စုစုပေါင်း ၃ဝဝ ခန့်သည် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ရန်ကုန် မြို့တော် ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။  

ယင်းသို့ဆန္ဒပြရာတွင်  တရုတ်သံရုံးရှေ့ အများပြည်သူပိုင်လမ်းတစ်လျှောက် ပိတ်ဆို့လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများသည် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံစသည့် မြို့နယ်များကို ကျော်ဖြတ်၍ ဒဂုံမြို့နယ် တရုတ်သံရုံးရှေ့အရောက်တွင် လုံခြုံရေးပစ္စည်းအပြည့်အစုံဖြင့် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ ဝင်များထံ တရုတ်သံရုံးရှေ့ ဖြတ်လျှောက် ဆန္ဒပြခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

သို့ရာတွင် ဒဂုံမြို့မရဲစခန်းမှူးနှင့် မြို့နယ်ရဲမှူးတို့က ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့ရာ ဆန္ဒပြသူအချို့က ကာရန်ထားသော သံဆူးကြိုး၊ သစ်သားတန်း၊ ဝါးတန်းများကို ကျော်ဖြတ်ပြီး တရုတ်သံရုံးရှေ့သွားရောက်ရန် ကြိုးစားခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား ရာတွင်ပါဝင်ခဲ့သော ဒေါ်နော်အုန်းလှက “ ဘာမှကြီးကြီးမားထိခိုက်တာတော့ မရှိပါဘူး။ နည်းနည်းတော့ ပွန်းပဲ့သွားတယ်။ ရဲတွေကို မေးချင်ပါတယ်။ တရုတ်ရဲလားလို့။ မြန်မာနိုင်ငံကရဲတွေက တရုတ်ရဲတွေ ဖြစ်နေပါတယ်။ ဒါဟာဝမ်းနည်းစရာပါ။ ဝမ်ပေါင်နဲ့ ဦးပိုင်လုပ်နေတာတွေဟာ တိုင်းပြည်ပျက်ဖို့ပဲရှိတယ်”ဟု ပြောကြားသည်။

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများသည် “လူသတ်စီမံကိန်းချက်ချင်း ရပ်၊ ဝမ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံက ထွက်သွား၊ အကြမ်းဖက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သော တရားခံဖော်ထုတ်ပေး၊ လူသတ်အစိုးရ အလိုမရှိ” ဗွီနိုင်းများ၊  သေဆုံးသွားသော ဒေါ်ခင်ဝင်းပုံပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံ များဖြင့်  ဆန္ဒပြခဲ့ကြောင်း သိရသည်။

“တရုတ်နဲ့ဆိုင်တဲ့ အကျိုးစီးပွားကို ဘယ်လိုနည်းနဲ့မှ အထိမခံဘူးဆိုတဲ့ အစိုးရမူဝါဒကိုပြလိုက်တာပဲ ဖြစ်တယ်”ဟု မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေး အသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။

အဆိုပါဆန္ဒပြမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များကွန်ရက်၊ ညီညွတ်သောအမျိုးသား ဒီမိုကရေစီအဖွဲ့၊ ၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့၊ ဒီမိုကရေစီအင်အားစု အစရှိသည့် အဖွဲ့အစည်းများမှ လက်ပံတောင်းတောင်ပဋိပက္ခဖြစ်စဉ်အပေါ် ၎င်းတို့၏ သဘောထားထုတ်ပြန် ချက်များကို ကြေညာခဲ့ကြသည်။

၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ ထုတ်ပြန်ချက်တွင် လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းသည် တရုတ်အမျိုးသားပိုင် ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့အတွက် အကျိုးအမြတ်ကြီး မားသော်လည်း ဒေသခံပြည်သူများတွင် ဘေးဒုက္ခဆိုးများကြုံတွေ့လျက်ရှိကြောင်း၊ နိုင်ငံနှင့်နိုင်ငံသားများ ထိခိုက်နစ်နာ  သေကြေပျက်စီးလျှင် ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများနှင့် လက်ခံသော အစိုးရတို့၌ လုံးဝတာဝန်ရှိကြောင်းတို့ကို ထည့်သွင်းကြေညာခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများမှာ ပြည်ထောင်စု အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်း မှုကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များကွန်ရက်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List