Friday, January 02, 2015

ပြည်တွင် လက်ပံတောင်းအရေး 'တစ်လေးလုံး' အချိန်ကိုက် ဆန္ဒပြ


လက်ပံတောင်းတောင်ဒေသတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရာသော လယ်သူမကြီးဒေါ်ခင်ဝင်း အတွက် အမှုမှန်ဖော်ထုတ်အရေးယူရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ နှစ်ဆယ်ခန့်က တစ်ရက်တစ်လ တစ်နာရီအချိန် အတိအကျ လမ်းလျှောက် ချီတက်ဆန္ဒပြ ခဲ့သည်။

“ဒေါ်ခင်ဝင်းကိစ္စပေါ့ဗျာ။ အခုအထိ နိုင်ငံတော်အစိုးရက အရေးမယူပေးသေးလို့ တစ်ရက် တစ်လ တစ်နာရီ အချိန်အတိအကျ ဆန္ဒပြတာ” ဟု ဆန္ဒပြခေါင်း ဆောင် ကိုဝင်းလှိုင်က ပြောသည်။

ထိုနေ့နေ့လည် ၁နာရီအချိန်တွင် ဆန္ဒဖော်ထုတ်သူများသည် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ စုဝေးထွက်ခွာခဲ့ပြီး လမ်းမတော်လမ်း၊ လမ်းရှည်လမ်းမှတစ်ဆင့် ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ချီတက်ကာ ဆန္ဒပြခဲ့သည်။

ဆန္ဒပြသူများသည် “ဦးပိုင်ဝမ်ပေါင် အလိုမရှိ၊ တရုတ်ကြောက်အစိုးရထွက်သွား၊ အမှုမှန်ပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေအားကိုး မရတဲ့အစိုးရ ဖြုတ်ချ” စသည့် ကြွေးကြော်သံများ ကြွေးကြော် ခဲ့ကြသည်။

လက်ပံတောင်းတောင် အရေး ကိစ္စအတွက် ပြည်မြို့တွင် ဒီဇင်ဘာ ၂၄၊ ၂၆ နှင့် ၂၉ ရက်တို့တွင်လည်း လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ထိုသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။ 

ဒီဇင်ဘာ ၂၅ရက်မှစ၍လည်း ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် သပိတ်စခန်းဖွင့်လှစ်ထားပြီး တောင်းဆို ချက်များကို မလိုက်လျောပါက အစာငတ်ခံဆန္ဒပြမည်ဟု ကြွေးကြော်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List